Chapter 340: ပြုစားသူ
" ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု စဉ်းစားပါဦးမယ်။ ရှင်တို့ ဆက်ပြောဖို့ မလိုအပ်ဘူး" ချူချူယန် အေးစက်စွာ ပြောလိုက်သည်။
"တူမကြီးက ဖြေရှင်းဖို့ နည်းရှာမယ်ဟုတ်လား။ ဘယ်လို ဖြေရှင်းချက်များ ရှိလာမှာမလို့လဲ" ချူတိုင်းရှန် က အထင်မြင်သေးစွာ ပြောလိုက်သည်။ သူ ဆက်ပြောတော့မည့်အချိန်တွင် အခန်းတွင်းရှိ အပူချိန်မှာ အဆပေါင်းများစွာ နိမ့်ကျသွားသည်ကို ရုတ်တရက် ခံစားမိလိုက်သည်။ ယခုအခါ သူမ အမှန်တကယ်ကို ဒေါသထွက်နေသည်ကို အာရုံခံမိသောကြောင့် ဤကိစ္စကို ဆက်လက် ဖိအားမပေးရဲတော့ပေ။ "ဘာပဲဖြစ်ဖြစ် မင်းရဲ့ ဖြေရှင်းနည်းက ဘာလဲဆိုတာကို ငါ ကိုယ်တိုင် စောင့်ကြည့်ရသေးတာပေါ့"
နှာမှုတ်သံတစ်ခုလုပ်ကာ ခြေဆောင့်ပြီး ထွက်သွားတော့သည်။ချူယွဲ့ပို လည်း အေးစက်သော မျက်နှာထားဖြင့် ထွက်ခွာသွားသည်။ မကြာခင်တွင် ချင်ဝမ်ယွီ ၊ ချူချူယန် နှင့် ဇူအန် တို့ သုံးယောက်သာ ကျန်ရှိနေတော့သည်။
ဇူအန်က သူ၏ မခံချင်စိတ်ကို ထိန်းမရခဲ့ပေ။ "သူတို့တွေ အရမ်းမလွန်လွန်းဘူးလား။ ယောက္ခထီး ထွက်သွားတာနဲ့ပဲ စပြီးတော့ ရန်လုပ်ဖို့ လက်ယားနေကြတာပဲ။ ဒီလိုသာဖြစ်ခွင့်ပေးထားရင် သူတို့တွေ ပုန်ကန်တာတို့ တစ်ခုခု ဖြစ်လာတော့မှာမဟုတ်လား"
"ဒုတိယနဲ့ တတိယကလန်ခွဲတွေက အမြဲတမ်း ငါတို့ရဲ့ အာဏာကို တပ်မက်နေကျပဲ။ သူတို့တွေက ငါတို့ နေရာကို အစားထိုးချင်ကြတယ်လေ" ချင်ဝမ်ယွီ ရှင်းပြလိုက်သည်။ " ငါတို့ကို ဒုက္ခပေးဖို့ ဒီလိုရွှေရောင်အခွင့်အရေးမျိုးကို သူတို့ လက်လွှတ်အဆုံးရှုံးခံမှာမဟုတ်ဘူး"
ဇူအန် နှင့် သမီးဖြစ်သူတို့ မင်္ဂလာခန်းဝင်ပြီးကြောင်းကို သူမ သိရပြီးကတည်းက ယခင်က လက်တွေ့မဆန်သော အထင်အမြင်များကို စွန့်ပစ်ကာ သူ့ကို စတင်လက်ခံပေးလာခဲ့သည်။ ထို့အပြင် အစောက သူတို့အစား ခုခံပြောဆိုပေးခဲ့သောကြောင့် ချူကလန်၏ လျှို့ဝှက်ချက်တစ်ချို့ကို မျှဝေပေးရန် ဆန္ဒရှိခဲ့သည်။