Chapter //6//

13.3K 2.2K 51
                                    

UNICODE

အခန်း (၆) အတန်းခေါင်းဆောင်

လွန်လေပြီးခဲ့သောကာလမှ သက်တော်သုံးဆယ်အရွယ် ထိုသူ၏ ရင့်ကျက်တည်ငြိမ်ပြီး အေးစက်ခက်ထန်တဲ့ အသွင်အပြင်နှင့် နှိုင်းယှဉ်ကြည့်လျှင် ယခုမြင်တွေ့နေရသော မျက်နှာလေးသည် မရင့်ကျက်သေးတဲ့ အရိပ်အယောင်တို့ဖြင့် နုနယ်နေဆဲပင်။ ဒါပေမယ့် သူနဲ့ ဆယ်နှစ်ကျော်ကျော် ကာလပတ်လုံး ပတ်သက်ဆက်ဆံနေခဲ့ရတဲ့ စုန့်ရှောင်းအတွက်ကတော့ ဒီရုပ်သွင်ကို ကျိန်းသေပေါက် ဘယ်လိုမှ အမြင်မမှားနိုင်ချေ။

ဒီအချိန်မှာပဲ အတန်းချိန်ပြီးဆုံးတဲ့ ခေါင်းလောင်းသံမြည်လာခဲ့ပြီး ကျာလောင်ရှီးက အခန်းထဲက ထွက်ခွာသွားတာနဲ့ တစ်ပြိုင်နက် စာသင်ခန်းဟာ သက်ဝင်တက်ကြွလာခဲ့တယ်။

"ဝိုးးးး! မဖြစ်နိုင်တာ... သူ တကယ်ကြီး အတန်းခေါင်းဆောင်ဘေးမှာ သွားထိုင်လိုက်တာဟ!"

အထူးတန်း တန်းခွဲ(၁)ရဲ့ ကျောင်းသားတွေက ပိကျိပိကျိနဲ့ တီးတိုးပြောနေကြတယ်။

"သူ အရိုက်ခံရဖို့ အချိန်ဘယ်လောက် လိုသေးလဲ မှန်းကြည့်စမ်း?"

"ဘုရားရေ... အတန်းခေါင်းဆောင် လှုပ်လာပြီဟေ့!"

ယောက်ျားလေးတွေအုပ်စုက ပွဲကြည့်ဖို့ စုဝေးလာခဲ့ကြသလို မိန်းကလေးတွေကတော့ စုန့်ရှောင်းအတွက် စိုးရိမ်နေခဲ့ကြတယ်။

သူ့ရှေ့ကပုဂ္ဂိုလ် ဖြည်းဖြည်းချင်း ထ,ထိုင်လာတာကို စုန့်ရှောင်း ကြည့်နေခဲ့တယ်။ ထိုသူက ထိုင်ခုံနောက်မှီပေါ် လက်တစ်ဖက်ကို တင်ထားပြီး မဟူရာရောင်ခြယ် မျက်ဝန်းတစ်စုံကတော့ စုန့်ရှောင်းကို မာန်အပြည့်နဲ့ ငေးကြည့်နေခဲ့တယ်။ စုန့်ရှောင်း သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးတစ်နေရာက တုန်ယင်လာတာကိုသာ ခံစားနေရတယ်။ တံတွေးတစ်ချက်မြိုချလိုက်ပြီးမှ စကားလုံးတစ်ချို့ကို ပီပီသသ ထုတ်ပြောနိုင်ခဲ့တယ်။

"ငါ့နာမည်က စုန့်ရှောင်း။ မင်းနာမည်ကရော?"

ဒီစကားတစ်ခွန်းက သူတို့ကျောင်းကို လာတဲ့လမ်းမှာ စေးတာ့ရှု သင်ပေးခဲ့တာ ဖြစ်ပြီး အတန်းဖော်တွေနဲ့ တွေ့တဲ့အခါ သူငယ်ချင်းဖြစ်ဖို့ဆို ဒီနည်းနဲ့ စကားစ,ခေါ်ရမယ်တဲ့။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now