Chapter //102//

6.7K 1.1K 42
                                    

UNICODE

အခန်း (၁၀၂) ကျန်းမာရေးစစ်ဆေးခြင်း

အလုပ်ဆင်းကြချိန်ဖြစ်တာကြောင့် Aမြို့ကြီးကတော့ ပုံမှန်အတိုင်း ယာဉ်ကြောပိတ်ဆို့နေ၏၊ ဒီနှစ်တွေအတွင်း မြို့တွင်းလမ်းဖောက်ရေးကို တကယ်လည်း ကြိုးစားဖော်ဆောင်ထားကြပေမဲ့ ကားဝယ်ကြသူတွေကလည်း ကြာလေများလေဖြစ်နေတာမို့ ယာဉ်ကြောပိတ်ဆို့မှုအနေအထားက အနှီပုံစံအတိုင်း ဖြစ်နေဆဲပင်။

သို့ပေသိ နှစ်ယောက်သားကတော့ အေးအေးဆေးဆေးပဲ ဖြစ်သည်၊ ယွီထန်က ဘိုကင်ကြိုထပ်ထားပြီးသားမို့ ဖြည်းဖြည်းချင်းသွားလည်း ရသည်လေ။ ယနေ့ခေတ်ရဲ့ လမ်းပန်းဆက်သွယ်ရေးအခြေအနေက မြင်းစီးရတာကို ကျင့်သားရနေခဲ့တဲ့ သူတို့နှစ်ယောက်အတွက်တော့ ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေရင်တောင်မှ အတော်လေးမြန်ဆန်နေဆဲပင်။

"ဒီနေ့ ကိုယ်သတင်းတစ်ခုရထားတယ်။"

ယွီထန်က ကားတန်းအရှည်ကြီးနောက်မှာ ကားရပ်လိုက်သည်။

"ရှင်းဟိုင်အင်တာတိန်းမန့်ထ်ရှယ်ယာတွေ ထုတ်ရောင်းနေတဲ့သူရှိတယ်၊ အကြမ်းဖျင်း တစ်ရာခိုင်နှုန်းလောက်တဲ့။"

စုန့်ရှောင်းက သူ့ကို လှည့်ကြည့်လာပြီး ပြုံးလိုက်သည်။

"စုန့်ကျန်း ထုတ်ရောင်းနေတာပဲ ဖြစ်မှာပေါ့။"

"အင်း။"

ယွီထန်က လက်မြှောက်လိုက်ပြီး ကားနောက်ခန်းမှာ ဆောင့်ကြောင့်လေးထိုင်နေတဲ့ တူကူးအန့်ကနေ ကမ်းပေးလာတဲ့ စာရွက်စာတမ်းတစ်တွဲကို လှမ်းယူလိုက်ကာ စုန့်ရှောင်းကို ကမ်းပေးလာသည်။

(Friendly Reminder : ယွီထန်ရဲ့ကားက ထိုင်ခုံနှစ်ခုံပဲပါတဲ့ ပြိုင်ကားပါ XD)

"ဒီလောက်ပမာဏအထိ ဈေးတင်ထားတော့ ဝယ်မယ့်လူမရှိဘူး။"

စုန့်ရှောင်း ခေါင်းငုံ့ပြီး စာရွက်စာတမ်းထဲက အကြောင်းအရာတွေကို ဖတ်ကြည့်လိုက်သည်။ လက်ရှိပေါက်ဈေးအရဆို သတ်မှတ်ထားတဲ့ ဒီပမာဏက နည်းနည်းတော့ မြင့်နေ၏။ အခုအချိန်မှာ အပြင်လူတွေအနေနဲ့ ရှင်းဟိုင်အင်တာတိန်းမန့်ထ်ရဲ့ ပုံရိပ်အပေါ် သိပ်ပြီးအကောင်းမမြင်သေးတာမို့ ဒီလောက်ငွေပမာဏကို အလကားဖြုန်းတီးပစ်ချင်တဲ့သူ မရှိသည်မှာ ကျိန်းသေသည်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now