Chapter //96//

6.6K 1.1K 28
                                    

UNICODE

အခန်း (၉၆) စာရေးဆရာမ

ဒီလိုနဲ့ပဲ စုန့်ရှောင်းတစ်ယောက် ယင်ယွီအဆောက်အဦမှာ ပိတ်မိနေခဲ့လေရဲ့။ ဥက္ကဌလူကြီးမင်းက နေ့တိုင်း ရုံးတက်တဲ့အချိန်ရောက်တာနဲ့ သူ့ကို စောင်ပုံထဲကနေ ကလော်ထုတ်၊ ပုခုံးပေါ်ထမ်းပြီး ကားပေါ်ဆွဲတင်လို့ ခေါ်ခေါ်သွား၏။

"ဥက္ကဌ၊ ဥက္ကဌအတွက် လက်ဖက်ရည်ကြမ်းပါ။"

အတွင်းရေးမှူးကျင်းက နှပ်ထားပြီးသား လက်ဖက်ရည်ကြမ်းကို ဥက္ကဌစားပွဲပေါ် တင်ပေးလိုက်သည်။

"ထားခဲ့လိုက်၊ နောက်ဆို လက်ဖက်ရည်ကြမ်းနှပ်တဲ့တာဝန် စုန့်ရှောင်းကို လွှဲပေးလိုက်ပါ။"

ယွီထန်က မော့တောင်ကြည့်မလာအားပဲ အလုပ်ရှုပ်နေ၏။

အတွင်းရေးမှူးကျင်းက ဥက္ကဌဘေးမှာ နေရာချထားတဲ့ စားပွဲအသစ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ စုန့်ရှောင်းက အဲဒီမှာထိုင်ပြီး စာရွက်စာတမ်းတွေကို စီစစ်နေ၏။ ဥက္ကဌရဲ့ လက်ထောက်ဆိုတာ တကယ်တမ်းတော့ ဒုဥက္ကဌရာထူးနဲ့ တန်းတူလောက်ပင်၊ အတွင်းရေးမှူးရာထူးနဲ့လည်း မတူညီပေ။ အရေးကြီးစာရွက်စာတမ်းတွေကိုဆိုရင် အတွင်းရေးမှူးက ပို့ဆောင်ပေး၊ ယူလာပေးဖို့အတွက်လောက်သာ တာဝန်ရှိပေမဲ့ လက်ထောက်ကတော့ အဲဒီစာရွက်စာတမ်းတွေကို အကြမ်းဖျင်းလှန်လှောကြည့်ပြီး သဘောထားထင်မြင်ချက်တွေကိုပါ ပေါင်းထည့်ပေးနိုင်သည်။

ဥက္ကဌက အသစ်ရောက်လာတဲ့ လက်ထောက်စုန့်အပေါ် အရမ်းကောင်းပေးတယ်လို့ ပြောနိုင်ပေသည်၊ နေ့တိုင်း အတူတူ ထမင်းစားဖို့ ခေါ်သွားတတ်သည်လေ။ သို့ပေသိ ယခုမူ သူ့အား လက်ဖက်ရည်ကြမ်းနှပ်တာလိုမျိုး တောက်တိုမယ်ရ လုပ်ခိုင်းနေပြန်သည်၊ အတွင်းရေးမှူးကျင်းကတော့ ရုတ်တရက်ကြီး ကြည့်ရင်းနားမလည်နိုင်တော့ပါချေ။

"ကောင်းပါပြီ။"

ဥက္ကဌရဲ့ အမိန့်ကို မေးခွန်းပြန်ထုတ်လို့ မရနိုင်ပါလေ၊ အတွင်းရေးမှူးကျင်းရဲ့ ပင်ကိုစရိုက်ကလည်း စကားမများတတ်တာမို့ ယွီထန်လက်မှတ်ထိုးပြီးသွားတဲ့ စာရွက်စာတမ်းတွေကို လှမ်းယူလိုက်ပြီး နောက်ဆုတ်လို့ ထွက်သွားလေသည်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now