Chapter //62//

7.4K 1.3K 34
                                    

UNICODE

အခန်း (၆၂) ဘယ်ဆီဘယ်ဝယ်

စုန့်ရှောင်းက နာတယ်လို့ ပြောလာတာကို ကြားလိုက်ရတော့မှ ယွီထန်လည်း လန့်သွားပြီး စုန့်ရှောင်း လက်ကလေးကို ကမန်းကတမ်း လွှတ်ပေးလိုက်တယ်။ ဖြူဖျော့ဖျော့ လက်ကောက်ဝတ်လေးမှာ သူ ဆုပ်ကိုင်ထားတဲ့အားကြောင့် အနီရောင်ကနေ ခရမ်းရောင်တောင် ပြောင်းချင်နေပြီဖြစ်တဲ့ လက်ရာကြီးကို မြင်လိုက်ရတာနဲ့ တစ်ပြိုင်နက် သူ့နှလုံးသားလေးမှာ နာကျင်လာရတော့တယ်။ သူက စုန့်ရှောင်းရဲ့ လက်ကောက်ဝတ်လေးကို ကိုင်ထားပြီး ညင်ညင်သာသာလေး ပွတ်ပေးလိုက်တယ်။

တတိယတစ်ချက် ပွတ်ပြီးသွားတော့မှ ယွီထန်တစ်ယောက် သူစိတ်ဆိုးနေဆဲဆိုတာကို ပြန်သတိရသွားရတယ်... ခေါင်းမော့ကြည့်လိုက်တော့ စုန့်ရှောင်းက မျက်လုံးလေးတွေတောင် ကွေးညွတ်ကျသွားတဲ့အထိ ပြုံးပြနေတာကို မြင်လိုက်ရကာ ယွီထန်လည်း ကူကယ်ရာမဲ့စွာနဲ့သာ သက်ပြင်းမောချလိုက်မိတော့တယ်။

"ယွီမိသားစုမှာ ပြသနာတစ်ခုခု ရှိနေလို့လားဟင်?"

စုန့်ရှောင်းက သူ့လက်လေးကို လှည့်လိုက်ပြီး ယွီထန်ရဲ့ လက်တစ်ဖက်ကို ဆွဲယူလိုက်ကာ ရေပန်းနားက တစ်နေရာမှာ ထိုင်ဖို့ ယွီထန်ကို ဆွဲခေါ်သွားလိုက်တယ်။ တစ်မနက်လုံးလုံး မတ်တပ်ရပ်နေခဲ့ရပြီးနောက် သူ့ခြေထောက်တွေလည်း ထုံကျင်ကိုက်ခဲနေခဲ့လေပြီ ဖြစ်တယ်။

သူ့သိသလောက်ဆို အမေရိကားမှာ ဥပဒေစိုးမိုးမှုက သူတို့နိုင်ငံမှာလောက် မကောင်းဘူးဆိုပေမယ့် သူ့အနေနဲ့ အိမ်ကနေတောင် ထွက်မလာနိုင်လောက်တဲ့ အတိုင်းအတာထိတော့လည်း မဟုတ်ပေ။ သူ့ကို အမြဲတမ်း ခါးစည်းမှာတောင် ချည်နှောင်ထားချင်နေတဲ့ ယွီထန်ရဲ့ အပြုအမူက တကယ့်ကို ပုံမှန်မဟုတ်ချေ။

သူတို့ စကားပြောနေတုန်းမှာပဲ တူကူးအန့် ရောက်လာပြီး ဧကရာဇ်အရှင်ထံ အအေးတစ်ခွက် ဆက်သလာခဲ့ကာ သူကိုယ်တိုင်လည်း နောက်တစ်ခွက်ကို ကိုင်ထားရင်း ဘေးတစ်ဖက်မှာ ရပ်နေခဲ့တယ်။

ယွီထန်က အအေးခွက်ကို စုန့်ရှောင်းထံ ကမ်းပေးလိုက်တယ်။ စုန့်ရှောင်း အအေးကို အငမ်းမရ မော့ချလိုက်တာကို ကြည့်နေလိုက်ပြီးမှ နှုတ်ဟလာခဲ့တယ်။ 

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now