Chapter //53//

7.7K 1.3K 52
                                    

UNICODE

အခန်း (၅၃) အသက်ပြည့်ပြီ

စစ်အေးတိုက်ပွဲက နေ့လည်ခင်းတစ်လျှောက် ကြာမြင့်ခဲ့ပြီး ယွီထန်ကတော့ အိမ်ပေါ်ထပ်တက်သွားပြီးကတည်းက ပြန်ဆင်းမလာခဲ့ပေ။

စုန့်ရှောင်းက ပင်လယ်ဘက်ကိုသွားတဲ့ သစ်သားတံတားရှည်လေးပေါ် ခြေဗလာနဲ့ လမ်းလျှောက်နေခဲ့တယ်။ သူက လက်တစ်ဖက်ကို ကျောနောက်ဘက်ပစ်ထားရင်း ပင်လယ်ကြီးနဲ့ မိုးကောင်းကင်တို့ရဲ့ ထိစပ်ရာဆုံမှတ်ကို ငေးကြည့်နေခဲ့တယ်။

မြင့်မြတ်တဲ့ အမျိုးကောင်းသားတစ်ယောက်အနေနဲ့ ဘဝကံကြမ္မာ၊ ကျင့်ဝတ်ထုံးတမ်းတွေနဲ့ ပြောသင့်မပြောသင့်တဲ့ နှုတ်ထွက်စကားတို့ကို သိရှိနားလည်ထားသင့်တယ်။

ဆင်းရဲခြင်းနဲ့ နားလည်မှုရှိခြင်းတို့အကြား ဆက်နွယ်မှုက ကံတရားကို ဖန်တီးပေးတယ်တဲ့။ အခုဆို သူက ဆင်းရဲသွားပြီ။ အမျိုးကောင်းသားတစ်ယောက်က သူ့ရဲ့ လက်ရှိကံကြမ္မာကို သူသိသင့်တယ်။ ကိုယ့်ကံကြမ္မာကိုယ် နားလည်လက်ခံပြီး လက်ရှိအခြေအနေအရ ပျော်ရာမှာမနေပဲ တော်ရာမှာ နေသင့်တယ်။ အရာရာကို ဥပက္ခာပြုပြီး ကိုယ်လိုချင်နေတာကိုပဲ တောင့်တနေလို့ မရဘူးလေ။

တချို့မိသားစုတွေက ခြိုးခြိုးခြံခြံနဲ့ ချွေတာစားသောက်နေထိုင်ကြပြီး သူတို့ရဲ့သားသမီးတွေကို နိုင်ငံခြားပညာတော်သင်ပို့နိုင်ဖို့အတွက် အရာရာကို စွန့်လွှတ်လိုကြတယ်လို့ အတန်းထဲက ကျောင်းသားတွေဆီကနေ စုန့်ရှောင်း ကြားခဲ့ရတယ်။ အဆုံးမှာတော့ သူတို့ သင်ရတာတွေက ထိပ်တန်းအဆင့် ပြည်တွင်းတက္ကသိုလ်တွေမှာ သင်ပေးတာထက် ဘာမှ သာလွန်မနေခဲ့ပေ။ စုန့်ရှောင်းရဲ့ အမြင်မှာတော့ ဒါက မိဘတွေအပေါ် မသိတတ်တဲ့ လုပ်ရပ်တစ်ခုပင်။

.... သူ နိုင်ငံခြားသွားချင်ရတဲ့ အကြောင်းရင်းက ယွီထန်နဲ့ မခွဲချင်တာကြောင့်ဆိုတော့ ပြောနေစရာကို မလိုတော့ဘူး။

အတိတ်ဘဝမှာတုန်းက ဆယ်နှစ်တာသော အချိန်တွေကို သူတို့ ဖြုန်းတီးမိခဲ့ကြတယ်။ လျှပ်တပြတ်အတွင်းမှာပဲ နှစ်ပေါင်းတစ်ထောင် ကုန်လွန်သွားခဲ့ပြီး နောက်ထပ်တစ်ဖန် ထပ်မံဆုံတွေ့ခဲ့ကြရတယ်။ အမှန်တကယ်တော့ စုန့်ရှောင်းလည်းပဲ ယွီထန်နဲ့အတူ ရှိနေနိုင်တဲ့ တစ်ရက်ချင်းစီကို တန်ဖိုးထားမြတ်နိုးလှပေတယ်။ ယွီထန်က နိုင်ငံခြားပညာတော်သင်သွားလိုကြောင်း ကြားသိခဲ့ရချိန်တုန်းက သူလည်းပဲ နိုင်ငံခြားပညာတော်သင်သွားတာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သူ့ဘာသာ တိတ်တဆိတ် ရှာကြည့်ခဲ့ပြီး ဒီပြသနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုခုရအောင် စဉ်းစားနေခဲ့တာ ဖြစ်တယ်။ နိုင်ထက်စီးနင်းဆန်လွန်းလှတဲ့ ဒီလူသားကတော့ သူ့ကို အခွင့်အရေးလေးတောင် မပေးပဲ သူ့(စုန့်ရှောင်း)အတွက် အရာရာကို သူ့(ယွီထန်)စိတ်တိုင်းကျ ဆုံးဖြတ်ခဲ့တာပင်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now