Chapter //73//

6.8K 1.2K 24
                                    

UNICODE

အခန်း (၇၃) ညစာ

ကြော့ရှင်းကြည်စင်တဲ့ ဒီမိန်းကလေးရဲ့ နာမည်က ပိုင်ချင်ဖြစ်ကာ သူမပြောပုံအရဆိုရင် သူမက အနုပညာဖန်တီးမှုမေဂျာကို တက်ရောက်နေပြီး စုန့်ရှောင်းနဲ့ တချို့အတန်းချိန်တွေ တူနေခဲ့တယ်။

စုန့်ရှောင်းက ရည်ရွယ်ချက်ရှိရှိ တမင်တကာ စကားနှစ်ခွန်းလောက် စပြောပေးလိုက်တော့ ပိုင်ချင်ရဲ့ မိသားစုနောက်ခံနဲ့ သူမရဲ့နောက်ကြောင်းကို သိလိုက်ရတယ်။ ပိုင်ချင်ပြောသလိုဆိုရင်တော့ သူမက ကိုယ့်အားကိုယ်ကိုးပြီး ပြည်ပပညာတော်သင်ထွက်လာခဲ့တာ ဖြစ်တယ်။ ကျောင်းတက်နေရင်း တစ်ဖက်မှာလည်း စားသောက်ဆိုင်တစ်ဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်နေပြီး နေ့တိုင်းနေ့တိုင်း တခြားလူတွေစားထားတဲ့ ပန်းကန်တွေကို ဆေးနေရတာ အရမ်းပင်ပန်းလွန်းတယ်တဲ့။ အနာဂတ်မှာ သူမအလိုရှိတဲ့အတိုင်း အနုပညာဖန်တီးမှုနယ်ပယ်မှာ အလုပ်လုပ်ရရင် ဇာတ်ညွှန်းရေးတဲ့အလုပ်လိုမျိုး လုပ်ချင်မိသတဲ့။

"မင်း သရုပ်ဆောင်လုပ်သင့်တာ။ ဇာတ်ညွှန်းရေးဆရာမပဲ လုပ်မယ်ဆို နည်းနည်းတော့ နှမြောစရာပဲ။"

စုန့်ရှောင်းက အပြုံးမမည်တဲ့ အပြုံးတစ်ပွင့်နဲ့ ပြောလိုက်တယ်။

ပိုင်ချင်တစ်ယောက် ကြောင်အသွားရတယ်။ စုန့်ရှောင်းက သူမ သရုပ်ဆောင်မလုပ်တာ နှမြောစရာပဲလို့ ပြောလိုက်တာကို သူမရဲ့ ရုပ်ရည်သွင်ပြင်အပေါ် ချီးမွမ်းလိုက်တယ်လို့ ထင်မှတ်သွားပြီး ရှက်သွေးဖြာသွားကာ ခေါင်းလေးကိုငုံ့လို့ ပြောလာခဲ့တယ်။

"ကျွန်မက သရုပ်မဆောင်တတ်ဘူးရယ်။ သရုပ်ဆောင်လုပ်ဖို့ မဖြစ်နိုင်ဘူးလေ။"

စုန့်ရှောင်းက ပြုံးရုံသာပြုံးနေခဲ့ကာ ဘာမှထပ်မပြောလိုက်ပေ။

ဒီစာသင်နှစ်ဝက်မှာ ယွီထန်က ပိုလို့တောင် အလုပ်များနေပုံရကာ မကြာခဏဆိုသလို အတန်းလာမတက်နိုင်ခဲ့ပေ။ လေယာဉ်ခရီးစဉ်တွေလည်း ခဏခဏသွားရပြီး မျိုးနွယ်စုကော်ပိုရေးရှင်းမှာ အလုပ်ရှုပ်နေတတ်သလို လူစိမ်းတွေနဲ့ သွားရောက်တွေ့ဆုံရတတ်တယ်။ စုန့်ရှောင်းစိတ်ထဲမယ် ဒီတစ်ယောက် ဘွဲ့တောင်ကောင်းကောင်းရနိုင်ပါ့တော့မလားလို့ တွေးထင်မိလာလေပြီ။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now