Chapter //21//

11K 1.9K 10
                                    

UNICODE

အခန်း (၂၁) ရွေးကောက်ပွဲ

ဒီတစ်ခါတော့ စုန့်ရှောင်း တကယ်ကြီး မျက်ဆန်လှန်လိုက်မိလေပြီ။ 

လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်လောက်က လက်ဆက်ထိမ်းမြား ကတိပြုလွှာမှာ 'ဧကရာဇ်၏ အိမ်စာများကို ကူညီရေးသားပေးရမည်' ဆိုတာလိုမျိုး ရူးကြောင်ကြောင် စကားစုတွေ ဘယ်နှယ့် ပါနိုင်မှာတုန်းလို့...။

ဒါပေမယ့်လည်း ရေမြေ့သခင် ဧကရာဇ်အရှင်က ဒီအကျွန်ကို သူ့အိမ်စာတွေ ရေးပေးစေချင်နေမှတော့ သူ့အနေနဲ့ 'မလုပ်ပေးဖို့' ဘယ်လိုလုပ် တတ်နိုင်မှာလဲလေ။ ငပျင်းတုံး ယွီထန်ကို တစ်ခဏလောက် စိုက်ကြည့်လိုက်ပြီးမှ စုန့်ရှောင်း ယွီထန်ရဲ့ လေ့ကျင့်ခန်းစာအုပ်ကို လှမ်းယူလိုက်ပြီး ခေါင်းငုံ့ကာ စတင် ကူးရေးတော့တယ်။

'ဧကရီသည် ဧကရာဇ်ကို တော်ဝင်ညီလာခံ၌ တိုင်းပြည်ရေးရာ အရေးကိစ္စများ စီမံရာတွင် ကူညီပေးရမည်။ အချို့သော ထူးခြားအခြေအနေများတွင် တော်ဝင်သဝဏ်လွှာများကို ဧကရာဇ်ကိုယ်စား ဖတ်ရှုပေးခြင်း၊ ရေးသားပေးခြင်းတို့ကို ဆောင်ရွက်ခွင့် ရှိသည်...။'

ယွီထန်က ဒီစာကြောင်းလေးကို သူ့မှတ်စုစာအုပ်မှာ ချရေးလိုက်ပြီး စုန့်ရှောင်း မြင်နိုင်အောင်လို့ တွန်းပြပေးလိုက်တယ်။ 

ဒီအချက်က အမှန်တကယ်ကို လက်ဆက်ထိမ်းမြား ကတိပြုလွှာမှာ ပါဝင်ခဲ့တာ ဖြစ်တယ်။ စုန့်ရှောင်း ကြောင်အ,သွားရလေပြီ။ နှစ်ပေါင်းတစ်ထောင် ကြာသွားပြီးတာတောင်မှ ဒါကို မှတ်မိနေလိမ့်အုံးမယ်လို့ သူ မထင်ခဲ့မိပေ။ ဒါပေမယ့်လည်းလေ..... သူ့လက်ထဲက 'ထင်ရှားသော ရူပဗေဒ ပညာရှင်တစ်ဦး၏ လမ်းညွှန်စာအုပ်'ကို ကြည့်လိုက်မိရင်း......

ဒါက တော်ဝင်သဝဏ်လွှာကြီးလားလို့?!

"တော်ဝင်သဝဏ်လွှာတွေဆိုတာကလည်း ဒီဧကရာဇ်အတွက် အိမ်စာတွေပဲလေ။"

ယွီထန်က သူ့ခေါင်းကို လက်တစ်ဖက်နဲ့ ထောက်ထားလိုက်ရင်း အိမ်စာတွေ ကူးရေးနေတဲ့ စုန့်ရှောင်းကို ပျင်းရိပျင်းတွဲဟန်နဲ့ ကြည့်နေခဲ့တယ်။ စုန့်ရှောင်းက ခေတ်သစ်ဖောင်တိန်တွေရဲ့ မာကျောတဲ့ ကလောင်ထိပ်ဖျားတို့ကို အသုံးပြုရတာ ကျင့်သားရသွားခဲ့ပြီ ဖြစ်တာမို့ သူ့လက်ရေးက အလွန်အမင်းကို မြန်ဆန်နေခဲ့ပြီး ဂရုတစိုက် အာရုံစူးစိုက်ကာဖြင့် လက်ရေးပုံစံကိုပါ ပြောင်းလဲရေးသားလိုက်သေးတယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now