Chapter //71//

7.6K 1.3K 42
                                    

UNICODE

အခန်း (၇၁) ကပွဲ

လေထုအခြေအနေက တဒင်္ဂလောက် အေးခဲသွားပြီး ယွီထန်လည်းပဲ အတန်ကြာ တိတ်ဆိတ်နေခဲ့တယ်။

"... ထတော့။"

တင်းပေစစ်သူကြီး လူကွော်ကျုံးက ရှူန်းနူလူမျိုးတွေကို တိုက်ခိုက်ဖို့ စစ်ချီရာမှာ ယွီကျင်ထန်နဲ့အတူ လိုက်ပါခဲ့သူဖြစ်ပြီး ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့တဲ့ ဧကရာဇ်အရှင်ကို တော်ဝင်နန်းတော်ဆီ ကိုယ်တိုင်ကိုယ်ကျ ပြန်လည်ပို့ဆောင်ပေးခဲ့သူလည်း ဖြစ်တယ်။ စုန့်ရှောင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားချိန်မှာလည်း စစ်သူကြီးမင်းက တော်ဝင်ခန်းဆောင်တော်ရှေ့ရှိ နဂါးတိုင်လုံးဘေးမှာ ရပ်နေခဲ့တယ်။

စစ်သူကြီးမင်းက စိတ်လှုပ်ရှားစွာနဲ့ ဒူးတစ်ဖက်ထောက်လို့ အရိုအသေပေးနေရာကနေ ထလာခဲ့တယ်။ ခေါင်းမော့လိုက်ချိန် ယွီထန်ရဲ့ဘေးမှာ ရှိနေတဲ့ စုန့်ရှောင်းကို မြင်လိုက်ရတော့ သူ့မျက်ဝန်းတွေက ချက်ချင်းလက်ငင်းကို ပြူးကျယ်သွားတော့တယ်။

"ဧကရီအရှင်... ..."

သူနဲ့ ချောင်ကုန်းကုန်းတို့ အရှေ့တစ်ခေါက်တုန်းက ဆုံခဲ့ကြချိန်မှာ နှစ်ယောက်စလုံး အံ့လန့်ဖြန့်သွားရပေမဲ့ အခြေအနေက ကတိုက်ကရိုက် ဖြစ်နေခဲ့တာမို့ များများစားစား မဆက်သွယ်ဖြစ်ခဲ့ကြပေ။ ဒါကြောင့်မို့ စစ်သူကြီးမင်းက ဧကရီလည်းပဲ ကူးပြောင်းလာခဲ့ကြောင်း မသိရှိခဲ့ရချေ။ အဲဒီနှစ်တုန်းက သူက ဧကရီအရှင်နဲ့ အနီးဆုံးမှာ ရပ်နေခဲ့တာကြောင့် အဆုံးစီရင်ရာကနေ ပန်းထွက်လာတဲ့ သွေးစက်တွေက သူ့မျက်နှာထိတိုင် ပြန့်ကြဲထွက်ခဲ့လေတယ်။ ဒီအချင်းအရာက ဘဝကူးပြောင်းလာပြီးနောက်မှာတောင် မဖြည်ချနိုင်သေးတဲ့ သူ့နှလုံးသားထဲက ကြိုးထုံးတစ်ထုံးလည်း ဖြစ်ပေတယ်။

"စစ်သူကြီးမင်း... ကျန်းခမ်းသာလို့ မာပါစ။"

'လူ'မျိုးရိုးမိသားစုက မျိုးဆက်ပေါင်းများစွာတိုင် သစ္စာရှိသစ္စာခံများ ဖြစ်ခဲ့ကြပြီး မျိုးဆက်တစ်ဆက်ချင်းစီကလည်း ရှိန်လောက်စရာ စစ်သူကြီးမင်းတစ်ယောက်စီကို မွေးထုတ်ပေးခဲ့တယ်။ စုန့်ရှောင်း တော်ဝင်နန်းတော်တွင်း မဝင်ရောက်သေးခင်က သူနဲ့ စစ်သူကြီးဟာ အရပ်သားရုံးတော်က အမတ်မင်းနဲ့ တပ်မဟာရဲ့ စစ်သူကြီးတို့အဖြစ် တော်ဝင်ညီလာခံမှာ ဘာမဟုတ်တာလေးနဲ့လည်း ငြင်းခုံခဲ့ကြဖူးတယ်။ ဧကရာဇ်အရှင်က အမျိုးသားဧကရီတစ်ပါး တင်မြှောက်မယ်လို့ မိန့်တော်မူခဲ့စဉ်ကလည်း ဒီစစ်သူကြီးက ကန့်ကွက်ခဲ့ပေမဲ့ ဧကရာဇ်အရှင်က စိတ်ပိုင်းဖြတ်လို့ တင်းခံနေခဲ့ချိန်မှာတော့ ဘာမှထပ်ပြောမလာတော့ပေ။ အဲဒီအစား သူက ဧကရီအရှင်အပေါ်မှာလည်း ရိုသေလေးစားပြီး သစ္စာရှိပါ့မယ်လို့တောင် ကျိန်ဆိုခဲ့သေးတယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now