Chapter //26//

9.6K 1.8K 101
                                    

UNICODE

အခန်း (၂၆) အမှီသဟဲပြုခြင်း

ယွီထန်က အဲဒီအမျိုးသားနဲ့ အမျိုးသမီးစုံတွဲကို ကြည့်လိုက်ပြီး သာသာလေး ခေါင်းငြိမ့်ပြလိုက်တယ်။

"ကျွန်တော့်အဖေနဲ့ တွေ့ဖို့ လာခဲ့ကြတာလား?"

ဒီအမျိုးသားက ယွီမျိုးနွယ်ရဲ့ မိသားစုအခွဲတစ်ခုက ယွီထန်ရဲ့ သုံးဝမ်းကွဲဦးလေးတစ်ယောက် ဖြစ်ပြီး 'ယွီတန့်'လို့ ခေါ်တယ်။ အစတုန်းကတော့ သူက Bမြို့ကြီးမှာ အတော်အသင့် ကျော်ကြားတယ်လို့ သတ်မှတ်လို့ရတဲ့ အနုပညာကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့တာ ဖြစ်တယ်။ နောက်ပိုင်းမှသာ သူက တစ်နည်းနည်းနဲ့ မျိုးနွယ်စုရဲ့ ပင်မမိသားစုနဲ့ ချိတ်ဆက်မိပြီးမှ သူ့ရဲ့ ကုမ္ပဏီတစ်ခုလုံးကို Aမြို့ကြီးဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်တယ်။

"အာ... မဟုတ်ပါဘူးကွယ်..။ ဒီနေ့တော့ အန်တီက မဒမ်ယွီနဲ့ တွေ့ဖို့ လာခဲ့ရုံပါပဲ..။ မင်းဦးလေးက အန်တီ့ကို လာပြန်ကြိုတာရယ်။"

သူ့ဘေးက အမျိုးသမီးကတော့ ယွီတန့်ရဲ့ ဇနီးဖြစ်သူပင်...။ သူမရဲ့ ခင်ပွန်းက ပါးစပ်ဟ,လာတာကို မြင်တာနဲ့ သူမက ချက်ချင်း တံတောင်နဲ့ လှမ်းတွတ်ကာ အချက်ပြလိုက်ပြီး အပြုံးမျက်နှာနဲ့ ရှင်းပြလာခဲ့တယ်။

"အန်တီတို့ရဲ့ သားဆိုးလေးကကွယ်... မြောင်မြောင်လေးနဲ့ အတော်လေးကို ရင်းရင်းနှီးနှီး သံယောဇဉ်တွယ်နေတာလေ...။ ကစားနေလိုက်တာများ ခွဲတောင်မခွဲချင်ဘူးတဲ့။ သူ့ကို အလိုလိုက်ထားမိတဲ့ အန်တီတို့ နှစ်ယောက်လည်း တော်တော်အားနာနေတာနဲ့ပဲ...။"

ယွီထန်က အစတည်းက ထိုသူနှစ်ယောက်ရဲ့ မသိမသာ လှုပ်ရှားမှုလေးကို မြင်နေရနှင့်ပြီးသား ဖြစ်ပြီး တစ်ချက် ကြည့်ရုံနဲ့တင် သူတို့ရဲ့ ရည်ရွယ်ချက်က သိသာထင်ရှားနေတာ ဖြစ်တယ်။ သူတို့က ယွီထန်ရဲ့ အဖေနဲ့ မတွေ့ရသေးတာကြောင့် ညစာစားချိန်အထိ နေနိုင်ဖို့ရာ အကြောင်းရှာနေကြတာ ဖြစ်တယ်။

ဘယ်လိုပဲ ဖြစ်ပါစေလေ... အထက်တန်းကျောင်းသားတစ်ယောက်အနေနဲ့ ယွီထန်က များများစားစား သိထားစရာလည်း မလိုအပ်ပေ။ ဒါကြောင့် သူက အသိအမှတ်ပြုတဲ့ အနေနဲ့ ခေါင်းငြိမ့်ပြရုံသာ ငြိမ့်ပြလိုက်ပြီး အိမ်ထဲကို လမ်းလျှောက်ဝင်သွားလိုက်တယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now