Chapter //87//

5.8K 1.1K 18
                                    

UNICODE

အခန်း (၈၇) ခရီးထွက်ခြင်း

ကျောပိုးအိတ်ထဲက အဲဒီငရုတ်ကောင်းမှုန့်ဘူးဟာ ဟင်းခတ်အမွှေးအကြိုင်အတွက် အဆင်သင့်ပဲဖြစ်သွားတယ်။ ငှက်ကိုကင်နေတုန်းမှာပဲ တစ်ဖက်ချင်းစီမှာ ငရုတ်ကောင်းမှုန့်ကို ဖြူးလိုက်တော့ ငရုတ်ကောင်းအမှုန်ကြီးကြီးတွေက မီးတောက်တွေကြားထဲ ဖောက်ခနဲဖောက်ခနဲ မြည်သွားပြီး လူကို ဆွဲဆောင်နိုင်စွမ်းပြင်းလွန်းတဲ့အနံ့လေး သင်းထွက်လာတော့တယ်။

စုန့်ရှောင်းက တံတွေးတစ်ချက်မြိုချလိုက်ပြီး အဲဒီငှက်ကင်ကို မျက်တောင်တစ်ချက်မခတ် အကြည့်မလွှဲပဲ စူးစိုက်ကြည့်နေမိတယ်။ ငှက်ကဝဖီးလွန်းနေတာကြောင့် မီးကင်းတိုက်ခံလိုက်ရတော့ အရေခွံပေါ်က အဆီလွှာကြီးကနေ အဆီတွေတစက်တစ်နဲ့ စိမ့်ထွက်လာပြီး အသားတွေပေါ်ကို စီးကျလာတယ်။ အဆီတွေက လောင်ကျွမ်းခံလိုက်ရတော့ တပွက်ပွက်နဲ့ ပူစီဖောင်းလေးတွေထလာပြီး အသားတွေက ရွှေညိုရောင်တောက်တောက်သန်းလာတဲ့အထိ အကြော်ခံလိုက်ရကာ ကြည့်လိုက်တာနဲ့တင် အလွန်အမင်း အရသာရှိပုံပေါ်နေတော့တယ်။

"ဆာနေပြီဟုတ်?"

စုန့်ရှောင်းရဲ့ဒီရုပ်လေးကိုမြင်တော့ ယွီထန်ရဲ့နှုတ်ခမ်းထောင့်လေးတွေ ကော့တက်မသွားပဲ မနေနိုင်တော့ပေ။ အတိတ်ဘဝမှာတုန်းက စုန့်ရှောင်းက သူ့ထက် နှစ်အနည်းငယ်လောက် ပိုငယ်တာမို့ တစ်ခါတရံမှာ ရေမြေ့သခင်ဧကရာဇ်အရှင်က စုန့်ရှောင်းကို ကလေးလေးတစ်ယောက်လို ချော့မြှူပေးတတ်တယ်။

စုန့်ရှောင်းက ရှက်တက်တက်လေးဖြစ်သွားပြီး ကျောပိုးအိတ်ထဲကနေ စစ်သုံးရေဘူးကို ထုတ်ယူလိုက်တယ်။ ဒီရေဘူးက စစ်သုံးသတ္တုဓာတ်ဘူးမျိုးဖြစ်တာမို့ မီးနဲ့အပူပေးလို့ရတယ်။ ရေဘူးထဲ ရေသိပ်မရှိတော့တာမို့ စုန့်ရှောင်းက ရေနည်းနည်းလောက်ခပ်ဖို့ စမ်းချောင်းလေးရဲ့ကမ်းစပ်ကို ထသွားလိုက်တယ်။ မီးပုံဘေးမှာ ကျောက်တုံးနှစ်တုံးကို နေရာချလိုက်ပြီး ရေဘူးကို အဖုံးဖွင့်ထားလျက် အဲဒီပေါ်တင်လိုက်တယ်။

ငှက်ကင်အသား ကောင်းကောင်းကျက်သွားတဲ့အချိန်မှာ ရေဘူးလည်း ဆူပွက်လာလေပြီ။ စုန့်ရှောင်းက ရေဘူးကိုယူဖို့ လက်ဆန့်လိုက်တာနဲ့ ယွီထန်က ဖမ်းဆွဲလိုက်တယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now