Extra //5.2// UNICODE

4.8K 556 40
                                    

အချပ်ပို (၅) ယွဲ့ရှရှောင်းထန် အပိုဒ်ခွဲ (၂)

နေဝင်ရီတရောအချိန်သို့ ရောက်ရှိလာချေပြီ။ အမဲလိုက်ကွင်းအတွင်း၌ မီးပုံများ စတင်မီးမွှေးထားကြ၏။ မြင်းစီးထွက်ခွာသွားခဲ့ကြသူတို့က သားကောင်အပြည့်ကို သယ်ဆောင်၍ ပြန်ရောက်လာကြရာ နေဝင်ဆည်းဆာ၌ မြင်းခွာသံများ ထွက်ပေါ်လာလေသည်။

တော်ဝင်ကိုယ်ရံတော်တို့က သားကောင်များကို စတင်ခွဲစုရေတွက်နေကြ၏။ အကြီးဆုံးမင်းသားက ဆိတ်နှစ်ကောင်နှင့် ယုန်သုံးကောင်သာ ရရှိခဲ့သည်။ တတိယမင်းသားက သမင်ဖိုနှစ်ကောင်နှင့် ရွှေရောင်ရစ်ငှက်ငါးကောင်၊ ပဉ္စမမင်းသားက ဆိတ်နှစ်ကောင်၊ သမင်ဖိုတစ်ကောင်နှင့် ရွှေရောင်ရစ်ငှက်နှစ်ကောင်တို့ကို အသီးသီးအမဲလိုက်နိုင်ခဲ့ကြကာ သတ္တမမင်းသားကမူ...... သမင်ဖိုရှစ်ကောင်ကို ဖမ်းဆီးနိုင်ခဲ့၏!

ချင့်ယွမ်ဧကရာဇ် အံ့ဩတကြီးမှင်သက်သွားကာ စင်မြင့်ရှေ့၌ စီရရီ ထပ်ပုံထားသည့် သမင်ဖိုရှစ်ကောင်အား ကြည့်လိုက်ပြီးနောက် ယွီကျင်ထန်အား ရှုပ်ထွေးနေသည့် အမူအရာဖြင့် လှမ်းကြည့်လိုက်မိသည်။

"လောင်ချီး*၊ မင်း ဘယ်လိုဖြစ်လို့ သမင်တွေချည်းပဲ ဖမ်းလာတာလဲ?"

*လောင်ချီး 老七 - ခုနစ်ယောက်မြောက်ကိုရည်ညွှန်းတဲ့ အသုံးအနှုန်း။

ဤအနောက်ဘက်တောင်အမဲလိုက်ကွင်းရှိ သမင်များသည် ရာနှုန်းပြည့် လျင်မြန်ဖြတ်လတ်လွန်းကြ၏။ ထို့အပြင် သမင်အုပ်တစ်အုပ်တွင် တစ်ကောင်အပစ်ခံလိုက်ရသည်နှင့် ကျန်သည့်သမင်များအားလုံးသည် အရပ်လေးမျက်နှာအနှံ့ ပြန့်ကြဲပြေးထွက်ကုန်ကြမည်ဖြစ်ပေရာ ဖမ်းဆီးနိုင်ရန်မှာ ခဲယဉ်းလှသည်။ ငါးကောင်သော အရေအတွက်ကို သတ်မှတ်ပေးလိုက်ရခြင်းမှာ သူ ငယ်ရွယ်စဉ်က အထူးချွန်အပြောင်မြောက်ဆုံးတစ်ခေါက်၌ သမင်ငါးကောင်ကို အမဲလိုက်ရရှိနိုင်ခဲ့ခြင်းကြောင့်ပါပင်။ ယနေ့တွင် သားဖြစ်သူက သူ့ကို လွယ်လင့်တကူ ကျော်ဖြတ်သွားနိုင်ခဲ့ခြင်းသည် သူ့အား အနည်းနှင့်အများတော့ စိတ်မသက်မသာဖြစ်သွားစေ၏။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now