Chapter //34//

9.8K 1.7K 124
                                    

UNICODE

အခန်း (၃၄) ယောင်းမတော်

ဓာတ်လှေကားထဲမှာတော့ လူသုံးယောက်တည်းသာ ရှိနေခဲ့လေတယ်... ကျွော်ကျင်းကျင်း၊ စုန့်ရှောင်းနဲ့ လီဝေးဝေတို့ပင်...။

ကျွော်ကျင်းကျင်းက ဥက္ကဌရုံးခန်းရှိတဲ့ ခြောက်လွှာကိုသွားမယ့် ခလုတ်ကို နှိပ်လိုက်ပြီးတော့ စုန့်ရှောင်းကို လှည့်ကြည့်လာခဲ့တယ်။

"ရှောင်ရှောင်း... သား ဘယ်အထပ်ကို သွားမှာလဲ? သားလည်းပဲ သားဖေဖေကို တွေ့ဖို့ ဒီကို ရောက်နေတာလားကွယ့်?"

ဘာကို "လည်းပဲ" လဲ?

လီဝေးဝေရဲ့ နှုတ်ခမ်းတွေ တွန့်ကွေးသွားတယ်။

ဒါက‌ ပေါ်တင်ကြီး အာဏာတွေ ပါဝါတွေ ထုတ်ပြချင်နေတာပဲ!

လီဝေးဝေက ကျွော်ကျင်းကျင်းကို ကျော်လို့ လက်မောင်းတစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ထိပ်ဆုံးထပ်ကို သွားမယ့် ခလုတ်ကို နှိပ်လိုက်ကာ အရေးမစိုက်ဟန် လေသံနဲ့ ပြောလာခဲ့တယ်။

"ဘာလဲ... အန်တီကျွော်လည်းပဲ 'ဖေဖေ့'ကို တွေ့ဖို့ ဒီရောက်နေတာလား?"

ကျွော်ကျင်းကျင်းရဲ့ မေးရိုးက တင်းခနဲ ဖြစ်သွားပြီး လီဝေးဝေကို စိုက်ကြည့်လာခဲ့တယ်။

"... တာ့ဝေ့! ဘာပဲဖြစ်နေပါစေ ငါက မင်းရဲ့ စီနီယာနော်!"

နောက်ခံမိသားစုက တောင့်တင်းတယ်ဆိုတာနဲ့ပဲ ဒီလီဝေးဝေက အရာရာကို ထိန်းမနိုင် သိမ်းမရနဲ့ သူလုပ်ချင်သလို လုပ်ပြီး စီနီယာဖြစ်တဲ့ သူမကို ဘယ်တုန်းကမှ လေးစားသမှု ရှိခဲ့တာ မဟုတ်ဘူး...။

"ဒါပေမယ့် မစ္စကျွော်က ကျွန်တော့် အကြီးအကဲ မဟုတ်ဘူးလေ။ ဒါကြောင့် ကျေးဇူးပြုပြီး ကျွန်တော့်ကို ခေါ်ရင် နာမည်အပြည့်အစုံကိုပဲ သုံးပေးပါ။"

စုန့်ရှောင်းက မျက်ခုံးတစ်ဖက်ပင့်ကာဖြင့် သူမကို တစ်ချက်စောင်းကြည့်လိုက်ပြီး သူ့ရဲ့ အကြည့်လားရာကို အရှေ့တည့်တည့်ဆီ ပြန်ရွှေ့သွားခဲ့တယ်။

ဓာတ်လှေကားထဲမှာတောင်မှ စုန့်ရှောင်းရဲ့ နောက်ကျောက ဖြောင့်မတ်နေဆဲ ဖြစ်ကာ မိုးထိအောင် မြင့်မြတ်လှတဲ့ သူ့ရဲ့ ပင်ကိုစရိုက်ကို ထိန်းထားနိုင်ဆဲ ရှိကြောင်း မြင်လိုက်ရတာကြောင့် ကျွော်ကျင်းကျင်းတစ်ယောက် ဘာကြောင့်မှန်းမသိ တဒင်္ဂလောက် အသက်မရှူနိုင်ဖြစ်သွားသလို ခံစားလိုက်ရတယ်။ သူမရဲ့ အာရုံကြောတွေကို တင်းထားနိုင်ဖို့အတွက် အသံကို မြှင့်ပြောလိုက်တယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now