Chapter //89//

5.7K 1.1K 32
                                    

UNICODE

အခန်း (၈၉) ကယ်တင်ခြင်း

ပြန်ပေးဆွဲသမားတွေက မီးခိုးလုံးကို မြင်လိုက်ရတဲ့အချိန် တောင်ပေါ်မှာပဲ ရှိနေသေးတာမို့ တောင်အောက်ကို ဝရုန်းသုန်းကား ပြေးဆင်းကြတော့တယ်။

အပူပိုင်းမိုးသစ်တောရဲ့ တောနက်ပိုင်းမှာ သစ်ပင်တွေက မိုးထိအောင် မြင့်မားကြတယ်။ လမ်းပျောက်သွားနိုင်တာမို့ သူတို့ရောက်နေတဲ့နေရာကနေ တောင်အောက်ကို တန်းပြီးဆင်းသွားလို့မရတာကြောင့် သူတို့ရင်းနှီးနေပြီးသား လမ်းကိုလိုက်ရှာပြီး အဲဒီလမ်းကနေ သွားလိုက်ရုံသာ တတ်နိုင်တော့တယ်။

ဒီတောင်က သစ်တောလုပ်ငန်းဧရိယာတစ်ခုဖြစ်ပြီး မကြာခဏဆိုသလို သစ်လာခုတ်ကြတဲ့ သစ်ခုတ်သမားတွေ ရှိနေတတ်တယ်။ အခုက သစ်ခုတ်ခွင့်ပြုထားတဲ့ ရာသီချိန်ကုန်လွန်သွားပြီမို့ လာမယ့်လူမရှိတော့ပေ။ ဒါကြောင့် တောင်ပေါ်မှာ လမ်းကျဉ်းလေးတချို့ ရှိနေသေးကာ အကြမ်းသုံးတောနက်ဧရိယာမျိုးရယ်လို့တော့ မဟုတ်ချေ။

ပြန်ပေးဆွဲသမားတွေ အပြေးအလွှားရောက်သွားတဲ့အချိန်မှာတော့ တစ်နာရီတောင် ကြာသွားပြီဖြစ်တယ်။ မြစ်ကမ်းဘေးကလူနှစ်ယောက်လည်း အစောကြီးတည်းက ငါးကင်စားပြီးသွားကြပြီးဖြစ်ကာ အစားအသောက် အကြွင်းအကျန်လေးတချို့နဲ့ ငြိမ်းသတ်ထားခါစ မီးပုံလေးကလွဲလို့ ဘာအရိပ်အယောင်မှ မမြင်ရတော့ပေ။

(T.N/ အရှေ့ပိုင်းတွေမှာတုန်းက စမ်းချောင်းဘေးက ကမ်းစပ်လို့ရေးထားပေမဲ့ ဒီအပိုင်းမှာတော့ စမ်းချောင်းမဟုတ်ပဲ မြစ်ဖြစ်သွားတယ်။)

"ငါတို့ ဘယ်လိုလုပ်ကြမတုန်း?"

ပြန်ပေးဆွဲသမားတွေလည်း သူ့ကိုကြည့်၊ ကိုယ့်ကိုကြည့် ဖြစ်သွားကြလေပြီ။ လမ်းစရှာတွေ့ဖို့က မလွယ်ရတဲ့ကြားထဲ လူကထပ်ပျောက်သွားပြန်ပြီလေ။

"သူတို့တွေက ရေရှိတဲ့နားမှာ ပေါ်လာတာဆိုတော့ မြစ်ကမ်းတစ်လျှောက် ဆက်သွားကြမှာ သေချာတယ်။"

အဖွဲ့ခေါင်းဆောင်ရဲ့ မျက်ဝန်းတွေက လက်ခနဲဖြစ်သွားတယ်။ ဒါကတော့ ယေဘူယျတောတွင်းဗဟုသုတတစ်ခုပဲ ဖြစ်တယ် - လမ်းမသိတဲ့သူအနေနဲ့ မြစ်ကြောင်းတစ်လျှောက် ခရီးဆန့်သွားမှာဖြစ်ကာ ဒီလိုမှသာ လမ်းမပျောက်နိုင်မှာပင်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now