Chapter //99//

6.4K 1.1K 30
                                    

UNICODE

အခန်း (၉၉) အိမ်တွင်းစီးဖိနပ်ပါး

ယွီထန်က ကျန်းရှောက်ရန်ကို ဘေးတစ်ဖက်ဆီ ကန်ထုတ်လိုက်ပြီး ကားပေါ်ကဆင်းလို့ တစ်ဖက်ကားတံခါးကို ဖွင့်လိုက်ကာ စုန့်ရှောင်းကို ဆွဲထုတ်လိုက်ပြီး ပုခုံးပေါ်ထမ်းတင်လို့ ဆက်လက်ခေါ်ဆောင်သွားသည်။

"ငါ့ကို မြန်မြန်ချလိုက်စမ်းပါ၊ ခဏနေလို့ မယ်တော်ဧကရီကြီးတွေ့သွားမှဖြင့်၊ အင့်... ..."

စုန့်ရှောင်းက ခြေထောက်တွေကို ခါရမ်းလို့ ရုန်းကန်နေပေမဲ့ ယွီထန်က တင်ပါးလေးတွေကို ဖတ်ခနဲ ရိုက်ထည့်လိုက်တာကြောင့် တမုဟုတ်ချင်း တိတ်ကျသွား၏။

အိမ်မှာရှိတဲ့ မိန်းမသားတွေက အလှအပရေးရာအတွက် အိပ်စက်ဖို့လိုအပ်တာကြောင့် ဒီအချိန်ထိ နိုးမလာကြသေးပေ၊ နှစ်ဘဝလုံးလုံး လုံ့လဝီရိယအပြည့်ရှိနေသူလေး ဟုန်ယွမ်ဧကရာဇ်အရှင်ကသာလျှင် စောစောစီးစီး အိပ်ရာထလို့ ဥယျာဉ်ထဲဝယ် ကိုယ်ခံပညာလေ့ကျင့်နေတတ်ရာ အစ်ကိုတော်ဖြစ်သူကို ပက်ပင်းဝင်တိုးမိလေတော့သည်။

"အစ်ကိုတော်၊ မင်္ဂလာနံနက်ခင်းပါဗျ!"

ကလေးလေးယွီလင်က လှေကားပေါ်ကနေ ဆင်းလာနေတုန်းဖြစ်ပြီး ကိုကိုကြီးကိုမြင်တာနဲ့ ချက်ချင်းဆိုသလို မတ်မတ်ရပ်လိုက်ကာ တရိုတသေ နှုတ်ဆက်လာ၏။

ယွီထန်က မေးဆတ်ပြလိုက်ပြီး အိမ်ပေါ်ထပ်ကို ဆက်တက်သွားသည်။ သူ့ကိုယ်ပေါ် တွဲလောင်းလေးဖြစ်နေတဲ့ စုန့်ရှောင်းက ယွီလင်ကို လက်ကလေးမြှောက်လို့ ဝှေ့ယမ်းပြလာသည်။

"မရီး... ..."

ယွီလင်က အနှီလူနှစ်ယောက်ကို ကူကယ်ရာမဲ့စွာနဲ့ ကြည့်နေရင်း စုန့်ရှောင်းကို ကူညီချင်သော်ငြား မတတ်နိုင်ပါပေဆိုတဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီးမှ ခေါင်းကလေးကို ခါယမ်းလိုက်ပြီး လက်နောက်ပစ်လို့ အောက်ထပ်ကို ဆင်းသွားသည်။ ကောင်ငယ်လေးရဲ့ ခြေလှမ်းတွေက တည်ငြိမ်လှကာ နောက်ကျောပုံရိပ်ကို ကြည့်လိုက်ရုံနဲ့တင် နန်းရင်ပြင်ထက်ရှိ လှေကားထစ်တွေပေါ် တစ်လှမ်းချင်းတစ်လှမ်းချင်း တက်လှမ်းသွားတော်မူနေတဲ့ တိုင်းပြည်ကို ချစ်မြတ်နိုးသူ ဧကရာဇ်တစ်ပါးနှယ် ထင်မြင်ရစေသည်။ သို့ပေသိ ခြေတံလေးတွေက တိုလွန်းနေသေးတာမို့ နောက်ဆုံးလှေကားထစ်ကို ရောက်သွားချိန်ဝယ် ခြေကလိမ်ချိတ်သွားပြီး လက်အိတ်ဖြူဖြူတို့ ဝတ်ဆင်ထားသူ ချောင်ကုန်းကုန်းထံမှာ လှမ်းဖမ်းခံလိုက်ရလေရဲ့။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now