Chapter //90//

6.2K 1.1K 23
                                    

UNICODE

အခန်း (၉၀) ဖယ်ရှားရှင်းလင်းရေး

"မင်းတို့ကို တွေ့ပြီးပြီ၊ မြန်မြန်ဆင်းလာခဲ့စမ်း၊ မဆင်းလာရင်တော့ ငါထပ်ပစ်မှာ!"

ဓားပြတွေရဲ့အသံက မြင့်မားလှတဲ့ သစ်ပင်ခြုံနွယ်အုပ်ကြီးနောက်ကနေ ထွက်ပေါ်လာပြီး တရှပ်ရှပ်ခြေသံတွေလည်း တွဲပါလာတယ်။

သစ်ပင်ပေါ်ကနေ ရပ်ကြည့်နေလိုက်တော့ ခြုံနွယ်အုပ်ကြီးကို ဖယ်ရှင်းလို့ လမ်းထွင်ထွက်လာရင်း စကားပြောနေတဲ့လူတစ်ယောက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။

ယွီထန်က ခပ်ဖွဖွ မျက်မှောင်ကြုံ့လိုက်မိတယ်။ ဒီလူတွေက သူတို့ကို မမြင်ရသေးတာ သေချာပေတယ်။ တကယ်လို့ လေးနဲ့မြားသာရှိနေရင် ကွက်တိပဲ၊ ဒီအနေအထားကနေဆို ပြန်ပေးဆွဲသမားအနည်းငယ်လောက်ကို ပစ်သတ်လိုက်ဖို့က အလွယ်လေးပင်။ ရောက်လာတဲ့လူတွေထဲ ဓားပြခေါင်းဆောင်နှစ်ယောက်တော့ ပါမလာသေးပေ။ အငယ်လေးတွေသာဖြစ်ပြီး သေနတ်တစ်လက်တည်းသာ ပါလာကြတယ်။

"ဟားဟားဟား၊ ဒီမှာပဲကွ!"

ပြန်ပေးဆွဲသမားတွေက အကျယ်ကြီးအော်ရယ်လိုက်ကြပြီး သူတို့ရှိနေတဲ့သစ်ပင်ဘက်ကို တဟုန်ထိုး ပြေးလာကြတယ်။

စုန့်ရှောင်းရဲ့နောက်ကျောက ချက်ချင်းလက်ငင်း တောင့်တင်းသွားရကာ ယွီထန်နဲ့ အကြည့်ချင်းဆုံလိုက်တော့ တည်ငြိမ်နေဆဲ အကြည့်တစ်ချက်ကိုသာ လက်ခံရလိုက်တယ်။

သေနတ်ကိုင်ထားတဲ့လူက အရှေ့ဆုံးကနေ တက်လာတာမဟုတ်ပဲ အနောက်ကနေသာ လိုက်လာနေတာမို့ အရှေ့ဘက်ကလူတွေ ပြေးလာတာမြင်လိုက်ရချိန်မှ အလျင်အမြန် ရှေ့လိုက်တက်လာတယ်။

ယွီထန်က ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။ အခွင့်ကောင်းအချိန်ကောင်းကို ရှာဖွေလိုက်ပြီး သေနတ်ကိုင်ထားတဲ့လူရဲ့ နောက်ကျောပေါ်ကို သိမ်းငှက်တစ်ကောင်အလား သက်ဆင်းလိုက်ကာ 'ဒုန်း!'ခနဲ မြည်အောင် လှဲသိပ်လိုက်တယ်။

"ဟိုး!"

ပြန်ပေးဆွဲသမားတချို့လည်း အံ့ဩတကြီး အသံတောင်ထွက်မိသွားတယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now