Chapter //104//

6.6K 1.1K 93
                                    

UNICODE

T.N/

နီးဟောင်~ နီးဟောင်~ အပ်ပုဒိတ်က အရမ်းကြာသွားလို့ အဆက်အစပ်မိအောင် အရှေ့ပိုင်းလေးကို တစ်ချက်လောက် ပြန်ဖတ်ကြည့်လိုက်ကြပါနော်... ပရိသတ်တို့~~ Hehe

______________________

အခန်း (၁၀၄) မေးခွန်း


စုန့်ဇီချန်တစ်ယောက် ဒီတစ်ခေါက်မှာတော့ ဒေါသထွက်လွန်းလို့ အမှန်အကန် နေမကောင်းဖြစ်သွားရလေပြီ။

စုန့်ရှောင်းက ကုမ္ပဏီတစ်ခုလုံးကို ချုပ်ကိုင်ထားလိုက်ကာ အပြင်လူတွေကို စုန့်ကျန်းက အခုကစပြီး စုန့်မျိုးရိုးမဟုတ်တော့ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ ဖခင်ဖြစ်သူက ဆယ်စုနှစ်တစ်ခုကျော်စာလောက် ဦးထုပ်စိမ်းဆောင်းထားခဲ့ရတယ်ဆိုတဲ့ ဒီအကြောင်းက အမှန်အကန်ကို အရှက်ရဖွယ်ရာ ဖြစ်နေတာမို့ သူက အစမဖော်တော့ပဲ စုန့်ကျန်းရဲ့ ဖြစ်တည်မှုကို အသိအမှတ်မပြုတော့ကြောင်းကိုသာ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခဲ့သည်။

ချိုးမင်ယန့် ကြေးစားငှားပြီး လူသတ်ဖို့စေခိုင်းခဲ့တယ်ဆိုတဲ့ ပြသနာက ကြာလေ ပိုပြီးပွက်လောရိုက်လာလေလေ ဖြစ်လာတော့သည်။ မူလကတော့ ဒီလိုမျိုး ပြည်ကူးပြီး ပြစ်မှုကျူးလွန်တာတွေကို သက်သေစုဆောင်းရတာ အလွန်အမင်း ခက်ခဲလှတဲ့အပြင် ကြားထဲမှာလည်း အမျိုးမျိုးသော ပိတ်ဆို့မှုတွေရှိနေတတ်တာကြောင့် များသောအားဖြင့် ဒီလိုအမှုတွေက တန်းလန်းကြီးသာ ကျန်နေတတ်ကြသည်။ သို့ပေသိ ဒီတစ်ခေါက် ပြစ်မှုကျူးလွန်ခဲ့တဲ့ အဓိကပုဂ္ဂိုလ်က တစ်ချိန်တခါမှာ နာမည်ကြီးခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်တာကြောင့် ဒီအမှုကိစ္စအပေါ် လူထုအာရုံစိုက်မှုနှုန်းထားက အတိုင်းထက်အလွန် မြင့်မားနေပေရာ တရားစီရင်ရေးဌာနကနေ ပုံမှန်ထက်ပိုလို့ အလေးအနက်ထားပြီး အပြည့်အဝ စစ်ဆေးဖော်ထုတ်မယ်လို့ ဆုံးဖြတ်ထားပေသည်။

အများသူငါထံက အာရုံစူးစိုက်မှုကို ရရှိနိုင်ရန်အလို့ငှာ တချို့သော သတင်းမီဒီယာတွေက ကန့်လန့်တိုက်သဘောထားအမြင်တွေကို ရည်ရွယ်ချက်ရှိရှိ သတင်းထုတ်ပြန်လာကြပြီး ချိုးမင်ယန့်မှာလည်း ရွေးချယ်စရာမရှိခဲ့ကြောင်း၊ မတိုင်မီတုန်းက ကုမ္ပဏီကနေ လက်တွဲဖြုတ်ခံလိုက်ရပြီး အခုဆိုရင်လည်း စုန့်ဇီချန်က စီးပွားရေးလုပ်ငန်းတစ်ခုလုံးကို သားဖြစ်သူထံ လွှဲပြောင်းပေးချင်နေတာကြောင့် လွတ်လမ်းမရှိတော့ကြောင်း ပြောလာကြသည်။ တိတ်တိတ်ပုန်းသားသမီးတွေလည်းပဲ ကောင်းကောင်းမွန်မွန် ဂရုစိုက်ခံရသင့်ကာ ဒီလိုဖြစ်ရပ်မျိုးက အမျိုးသမီးတွေရဲ့ အမှားမဟုတ်ကြောင်း၊ ဖခင်တစ်ယောက်အနေနဲ့ မျက်နှာမလိုက်ပဲ သမာသမတ်ကျကျ တန်းတူဆက်ဆံပေးသင့်ကြောင်း၊ ကိုယ်တိုင်က ဥပဒေချိုးဖောက်ခဲ့တဲ့ အမှားကို သေချာတာဝန်ယူပေးသင့်ကာ တိတ်တိတ်ပုန်းသမီးဖြစ်သူကိုလည်း ထိုက်သင့်တဲ့ မိသားစုအမွေကို ပေးအပ်သင့်ကြောင်းဆိုတာတွေလည်း ပါရှိနေသေး၏။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now