Chapter //86//

6.2K 1.2K 16
                                    

UNICODE

အခန်း (၈၆) ထွက်ပြေးခြင်း

စုန့်ရှောင်းက အချိန်အတန်ကြာ ကြိုးတုပ်ခံထားရတာကြောင့် ခြေလက်တွေအကုန် ထုံကျင်နေတာမို့ မတ်တပ်ရပ်လိုက်ချိန်မှာ နည်းနည်းလောက် ယိုင်တိယိုင်တိုင် ဖြစ်သွားတယ်။ ယွီထန်က သူ့ကို ပွေ့ဖက်ထားရင်း လက်မောင်းတွေ၊ ခြေထောက်တွေကို နှိပ်နယ်ပေးလိုက်တယ်။ အရင်ဆုံး သူ့ကို မလှုပ်ရှားသေးဖို့ မျက်ရိပ်မျက်ခြေပြလိုက်ပြီးနောက် သူကတော့ အနီးပတ်ဝန်းကျင်ကို သွားပြီးအကဲခတ်ကြည့်လိုက်တယ်။

ကောင်းကင်ကြီးကတော့ လုံးဝဥဿုံ မည်းမှောင်နေပြီဖြစ်တယ်။ ဒီဂိုဒေါင်ကလည်း သိပ်မကြီးပေ။ အတွင်းဘက်မှာ အိုဟောင်းနေတဲ့ သစ်တိုသစ်စအနည်းငယ်ရှိတာမို့ အရင်က ပရိဘောဂအဟောင်းတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်တစ်ခုဖြစ်နိုင်လောက်တယ်။ ခေါင်းဆောင်နှစ်ယောက်က အဆောက်အဦအတွင်းဘက်မှာ အလုပ်ကိစ္စတွေ ဆွေးနွေးနေတာမို့ တခြားဓားပြငယ်လေးတွေက ခြံဝန်းထဲမှာ ရှိနေကြတယ်။ ယွီထန်က ကိုယ်ကို ပြတင်းပေါက်အဝမှာ မှီလိုက်ရင်း အပြင်ဘက်ကို လှမ်းကြည့်လိုက်တယ်။ ခြံဝန်းထဲမှာ မီးရောင်တွေ လင်းထိန်နေပြီး ဓားပြတွေကတော့ သေနတ်ကိုယ်စီကိုင်ဆောင်ထားရင်း စကားစမြည် ပြောဆိုနေကြတယ်။

ဂိုဒေါင်ရဲ့အနောက်ဘက်မှာကတော့ ပိန်းပိတ်အောင် မှောင်မည်းထူထပ်တဲ့ တောအုပ်ကြီးပင်။ ဆောင်းဦးရာသီရောက်နေပြီဖြစ်ပေမဲ့ ဒီနေရာရဲ့အပူချိန်ကတော့ ခြစ်ခြစ်တောက်ပူနေတုန်းဖြစ်တယ်။ အပူပိုင်းဒေသအထိ ပြေးလာကြခြင်း ဖြစ်လောက်မယ်။ ကားတွေနဲ့ ဝင်လာလို့ရတာမို့ အဝေးပြေးလမ်းမကြီးနဲ့ သိပ်မဝေးဘူးလို့ ကျိန်းသေပြောနိုင်တယ်။ ဒါပေမဲ့လို့ သူတို့အနေနဲ့ အဝေးပြေးလမ်းမကြီးဘက်ကို ဦးတည်သွားလို့ မဖြစ်ပေ။ တောင်ပေါ်တောနက်ထဲလာတဲ့ လမ်းတစ်လမ်းတည်းသာ ရှိတာမို့ သူတို့သာ အဲဒီပေါ်တက်ပြေးသွားရင် ပြန်ပေးဆွဲသမားတွေထံမှာ ခပ်မြန်မြန်လေး ဖမ်းမိသွားဖို့ ထိုင်စောင့်နေတဲ့ ဘဲကလေးတွေအလား ဖြစ်သွားမှာပင်။

ခြံဝန်းထဲမှာ ရှိနေတဲ့ လူအရေအတွက်က အတော်ကို များပြားလှပြီး အနည်းဆုံး အယောက်နှစ်ဆယ်ကျော်လောက် ရှိမယ်။ သူတို့ထဲက တစ်ဝက်လောက်ကလည်း သေနတ်တွေကို ကိုင်ဆောင်ထားသေးတယ်။ ယွီထန်တစ်ယောက်တည်းအားနဲ့ စုန့်ရှောင်းကိုပါ ခေါ်ရင်း ထွက်သွားနိုင်မှာ မဟုတ်ပေ။ စိတ်ထဲမှာ မှန်းဆတွက်ချက်ကြည့်လိုက်ရင် တောင်အတွင်းပိုင်းထဲ ပြေးဝင်သွားဖို့ တစ်နည်းတည်းသာ ရှိပေတယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now