Chapter //110//

6.1K 1K 34
                                    

UNICODE

အခန်း (၁၁၀) စတင်ထုတ်လွှင့်ပြသခြင်း

မုချန်လည်း မျက်ဝန်းတို့ကို မှေးကျဉ်းကာဖြင့် အနှီပုဂ္ဂိုလ်နှစ်ဦးရဲ့ လှုပ်ရှားမှုတွေကို လှမ်းကြည့်လိုက်သည်။ ယခုတစ်ခေါက်၌ ရိုက်ကူးရေးအဖွဲ့က အထူးတလည် အာရုံစူးစိုက်စွာဖြင့် ရှေးရိုးရာဓလေ့ထုံးတမ်းဆိုင်ရာ ယဉ်ကျေးမှုပညာရှင်လောင်ရှီးများကိုပါ ရှာလာပြီး သူတို့အား ပြုမူလှုပ်ရှားဟန်များ၊ မတ်တပ်ရပ်သည့် ကိုယ်နေဟန်ထား၊ သွားပုံလာပုံ၊ နေပုံထိုင်ပုံတို့အပြင် ဂါရဝပြုဟန်၊ လူအများနှင့် ပြောဆိုဆက်ဆံပုံ အစရှိသည်တို့ကို သင်ယူစေခဲ့သည်။ သူ့ကိုယ်သူ အလွန်ကောင်းမွန်စွာ သင်ယူခဲ့သည်ဟု ထင်မှတ်ထားခဲ့သော်လည်း ရှေ့မှောက်ရှိ ပုဂ္ဂိုလ်နှစ်ဦးနှင့် နှိုင်းယှဉ်ကြည့်လျှင်မူ အတော်ကြီးကို နောက်ကောက်ကျကျန်နေသေး၏။

စုန့်ရှောင်းက တံတားခုံးလေးပေါ်သို့ တစ်လှမ်းချင်းတစ်လှမ်းချင်း ခြေချတက်လှမ်းသွား၏။ ခြေလှမ်းများအကြား အကွာအဝေးက ညီညာတိကျလို့နေသည်။ လက်ကိုပင့်မြှောက်လိုက်သည့် ဖြေးဆေးသောလှုပ်ရှားမှုက တင့်တယ်ကြော့ရှင်းလှသလို ယွီထန်နှင့် အပြန်အလှန် ဂါရဝပြုလိုက်ဟန်ကလည်း အလွန်တရာ မျက်စိပသာဒရှိလှပေသည်။ အနှီယဉ်ကျေးမှုလောင်ရှီးများ၏ ပြုမူဟန်ထက်ပင် ပိုကောင်းနေသေး၏။

"ပြောကြတာကတော့ နှစ်ရာချီသက်တမ်းရှိတဲ့ အထက်တန်းလွှာမိသားစုတွေရဲ့ သားယောက်ျားလေးတွေဆိုရင် ငယ်ငယ်လေးတည်းက ရိုးရာဓလေ့ကျင့်ဝတ်ထုံးတမ်းတွေကို သင်ယူရတယ်တဲ့။"

တစ်ဖက်မှာရှိနေတဲ့ ဒါရိုက်တာကြီးက ပဟေဠိဆန်ဆန်ပြောလာသည်။

ချောင်စူးက ခေါင်းတဆတ်ဆတ်ညိတ်လျက်။

လက်စသတ်တော့ ဒီလိုကိုး။

မုချန်က ပါးစပ်ကထွက်ရာလျှောက်‌ပြောနေတဲ့ ဒါရိုက်တာကြီးကို တစ်ချက်စွေကြည့်လိုက်မိ၏။ နှစ်ရာချီသက်တမ်းရှိ အထက်တန်းလွှာမိသားစုတွေထဲမှာ သူနဲ့ရင်းနှီးသူတချို့ ရှိပါသည်။ ဒီလိုဟန်ပန်မျိုးနဲ့ ပြုမူလှုပ်ရှားတတ်သူတွေကိုတော့ တစ်ယောက်မှ မတွေ့ဖူးပါချေ။ ဒါပေမဲ့လည်း ဒါရိုက်တာကြီးမျက်နှာတည့်တည့်ကို ပြန်ခံပက်လို့လည်း မဖြစ်သေးတာမို့ ချောင်စူးရဲ့နားရွက်နားလေးကိုကပ်လို့ အသံတိုးတိုးနဲ့ပြောပြလိုက်သည်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now