Chapter //61//

7.4K 1.3K 47
                                    

UNICODE

အခန်း (၆၁) ကလပ်လှုပ်ရှားမှု

အဲဒီညမှာ စုန့်ရှောင်း ယွီထန်နဲ့ မတွေ့ဖြစ်တာမို့ အဆောင်ကို သူ့ဘာသာပဲ ပြန်လာခဲ့လိုက်တယ်။ သူ့အခန်းဖော် ကောင်းအောင့်က ပြန်ရောက်နေပြီဖြစ်ကာ အိပ်ရာပေါ်မှာ ထိုင်ရင်း အတော်လေး နက်နဲပုံရတဲ့ စာအုပ်အဖုံးနဲ့ စာအုပ်တစ်အုပ်ကို ဖတ်ရှုနေခဲ့တယ်။ 

အချိန်ကလည်း မစောတော့တာကြောင့် စုန့်ရှောင်းက ရေမိုးချိုးသန့်စင်ပြီး အိပ်ရာဝင်ဖို့ ပြင်လိုက်တယ်။ မအိပ်ခင်မှာ လုပ်နေကျအတိုင်း ဖတ်ဖို့စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်တယ်။ အတိတ်ဘဝမှာတုန်းက ဘဏ္ဍာရေးရာရုံးတော်ရဲ့ လက်ထောက်အမတ်မင်း ဖြစ်ခဲ့ပြီး တိုင်းပြည်ဘဏ္ဍာတိုက်နဲ့ စားနပ်ရိက္ခာတွေအတွက် အဓိကတာဝန်ယူခဲ့ရတာကြောင့် သူက ငွေကြေးစာရင်းဇယားတွေကို စီမံကွပ်ကဲရာမှာ ပိုပြီး ကျွမ်းကျင်ပေတယ်။ ဒါကြောင့် စီးပွားရေးစီမံခန့်ခွဲမှု ပညာရပ်ကို သင်ယူရတော့ ငွေကြေးစီမံခန့်ခွဲမှုအပိုင်းကနေ စတင်လေ့လာလိုက်ခြင်း ဖြစ်တယ်။ ဒီနေ့ စာကြည့်တိုက်ကနေ နိုင်ငံတကာ စာရင်းအင်းပညာရပ် မိတ်ဆက်အကြောင်း စာအုပ်တစ်အုပ်ကို ငှားယူခဲ့ပြီး ဒီစာအုပ်ကနေ နည်းနည်းပဲဖြစ်ဖြစ် ပညာယူဖို့ စီစဉ်ထားပေတယ်။

အင်္ဂလိပ်လိုချည်း ရေးသားထားတဲ့ စာအုပ်တစ်အုပ်ကို ဖတ်ရှုရတာ နည်းနည်းတော့ အခက်တွေ့ရတယ်။ စုန့်ရှောင်းက သူနားမလည်နိုင်တဲ့ အသုံးအနှုန်းတွေကို ခွဲထုတ်လိုက်ပြီး ရှာကြည့်လိုက်တယ်။ စာလုံးပေါင်း သုံးဆယ်ကျော်လောက်ကို အလွတ်ကျက်လိုက်ပြီးမှသာ စာအုပ်ရဲ့ ကျန်တဲ့အပိုင်းတွေကို ဆက်လက်ဖတ်ရှုရာမှာ အခက်မတွေ့ရတော့ချေ။

စုန့်ရှောင်း စာဖတ်နေရင်းကနေ ရုတ်တရက်‌ ခေါင်းမော့လိုက်ပြီး မျက်နှာချင်းဆိုင်အိပ်ရာက ကောင်းအောင့်ကို လှမ်းကြည့်လိုက်တယ်။ အဲဒီတစ်ယောက်က သူ့စာအုပ်သူ အာရုံစူးစိုက်စွာနဲ့ ဖတ်ရှုနေဆဲ ဖြစ်သလို ပကတိ တိတ်ဆိတ်နေဆဲလည်း ဖြစ်တယ်။ စုန့်ရှောင်း ခပ်ဖွဖွ မျက်မှောင်ကြုံ့မိသွားတယ်။ အခုလေးတင် သူ့ပေါ် ကျရောက်နေတဲ့ အကြည့်တစ်ချက်ကို ခံစားနေမိခဲ့တာ ဖြစ်တယ်။ ဗျူရိုကရေစီစနစ်နဲ့ နှစ်ပေါင်းများစွာ ရုန်းကန်လာရပြီးနောက်မှာတောင် သူ့မှာ သတိဝီရိယအပြည့်နဲ့ နိုးကြားတဲ့ အာရုံခံမှုတို့ ရှိနေဆဲပင်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now