Chapter //47//

9.3K 1.4K 67
                                    

UNICODE

အခန်း (၄၇) စာချုပ်

နှစ်သစ်ကူးပြီး ခုနစ်ရက်ကျော်သွားပြီးတဲ့ အချိန်မှာတော့ လူကြီးတွေက ပုံမှန်အတိုင်း အလုပ်ပြန်သွားကြပြီ ဖြစ်တယ်။ အခုအချိန်မှာ အရွယ်မရောက်သေးတာကြောင့် ကလေးတွေအဖြစ်ပဲ ရှိနေသေးတဲ့ ယွီထန်နဲ့ စုန့်ရှောင်းတို့ကတော့ ဆောင်းရာသီကျောင်းပိတ်ရက်ရှည်ကြီး ကျန်သေးတာမို့ ပျော်ပျော်ပါးပါး ကစားနေလို့ ရနေသေးတယ်။ စုန့်ရှောင်းက သူတို့နှစ်ယောက်လုံးအတွက် ဆောင်းရာသီပိတ်ရက် အိမ်စာတွေကို အကုန် လုပ်ထားပြီးပြီ ဖြစ်တာမို့ အိမ်မှာနေပြီး ဘာမှ လုပ်စရာ မရှိတော့ပေ။ ဒါကြောင့် သူက နေ့တိုင်းနေ့တိုင်း ယွီထန်နဲ့အတူ အွန်လိုင်းဂိမ်းတွေချည်း ကစားနေတော့တယ်။

စုန့်ရှောင်းက အခုဆို ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်နေပြီ ဖြစ်တယ်။ အနည်းဆုံးတော့ ယွီထန်နဲ့အတူ အွန်လိုင်းဂိမ်းတွေ ဆော့နေနိုင်တာမို့ အဆင်ပြေတယ်လေ။

"မနက်ဖြန်က မီးပုံးပွဲတော်နေ့ပဲ။ မြေကမ္ဘာပန်းခြံမှာ မီးထွန်းပွဲတော် ရှိတယ်... မင်း သွားကြည့်ချင်လား?"

ယွီထန်က ဂိမ်းကစားတဲ့ ချန်နယ်လ်ကနေ သူ့ကို စကားလှမ်းပြောလာခဲ့တယ်။

"သွားကြည့်ချင်တယ်!"

တွေဝေနေခြင်း အလျဉ်းမရှိ... စုန့်ရှောင်းက ချက်ချင်း သဘောတူလိုက်တယ်။ အေးစက်ရိုးရှင်းလှတဲ့ ရှေးခေတ်အချိန်ကာလတွေမှာ ရောင်စုံမီးပုံးပွဲတော်နဲ့ မြစ်တွင်းမီးမျှောပွဲတော်တွေက သက်ဝင်စည်ကားဆုံးနဲ့ စိတ်ဝင်စားဖွယ် အကောင်းဆုံး အခါသမယတွေ ဖြစ်တယ်။ နှစ်တိုင်းနှစ်တိုင်း အဲဒီပွဲတော်တွေကို စုန့်ရှောင်းက တစ်ပွဲမှ အလွတ်မခံပဲ သွားရောက်လည်ပတ်လေ့ ရှိခဲ့တယ်။

ထိမ်းမြားလက်ဆက်ပြီး တော်ဝင်နန်းတော်ထဲကို စစရောက်ခြင်း ပထမဆုံးနှစ်မှာ စုန့်ရှောင်းက နန်းတော်တွင်း နေထိုင်မှုဘဝပုံစံကို ကျင့်သားမရခဲ့ပေ။ ဒါကြောင့် ဧကရာဇ်အရှင်က မီးပုံးပွဲတော်ကို သွားရောက်ရှုစားတော်မူဖို့ရာအတွက် စုန့်ရှောင်းနဲ့တူတူ နန်းတော်ထဲက ခိုးထွက်တော်မူခဲ့လေတယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now