Chapter //10//

13.6K 2K 81
                                    

UNICODE

အခန်း (၁၀) အတန်းမီတင်

ရှန်းမန်အထက်တန်းကျောင်းမှာ ဒုတိယနှစ်က သခင်မလေးအနည်းငယ် တည်ထောင်ထားတဲ့ အွန်လိုင်းဖိုရမ်တစ်ခု ရှိတယ်။ ကျောင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်က ခုထိ မရှိသေးတာမို့ ဒီလို ဖိုရမ်သေးသေးလေးတစ်ခုကပဲ ရှန်းမန်အထက်တန်းကျောင်းက ကျောင်းသားထုကြီးရဲ့ အင်တာနက်ပေါ်က စုရပ်လေး ဖြစ်နေခဲ့တယ်။

'4G'ဆိုတဲ့ တင်စားချက်ကလည်း ဒီဖိုရမ်လေးကနေပဲ ဆင်းသက်လာခဲ့တာ ဖြစ်တယ်။

သာမန်အထက်တန်းကျောင်းတွေဆိုရင် စာလေ့လာမှုကို ထိခိုက်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းသားတွေရဲ့ အင်တာနက်သုံးစွဲမှုကို တင်းတင်းကြပ်ကြပ် ကန့်သတ်လေ့ရှိကြပေမယ့် ပုဂ္ဂလိကကျောင်းတွေကတော့ ဒီလို မလုပ်ဘူးရယ်။ ကျောင်းအိပ်ဆောင်ရဲ့ အထပ်တိုင်းမှာ လုံလောက်တဲ့ ကွန်ပျူတာအရေအတွက်ကို ဖြည့်တင်းထားတဲ့ ကွန်ပျူတာခန်းတွေ ထားရှိပေးထားသလို အဆောင်ခန်းတစ်ခန်းစီမှာလည်း ကြိုးမဲ့အင်တာနက်ကွန်ရက်တွေ တပ်ဆင်ပေးထားတယ်။

မနေ့ညက 'F4 နှင့် 4G' အမည်ရ ပို့စ်တစ်ခုဟာ ဖိုရမ်ရဲ့ ထိပ်ဆုံးမှာ ရှိနေခဲ့တယ်။ ပို့စ်မှာ ဖော်ပြထားတဲ့ အကြောင်းအရာကတော့ 'ကြယ်စင်ပျံဝဲမိုးဖွဲငယ်ငယ်'ဇာတ်ကားထဲက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးခိုင်နဲ့ ရှန်းမန်အထက်တန်းကျောင်းရဲ့ အဆင်လေး လေးယောက်ကို ခရေစေ့တွင်းကျ နှိုင်းယှဉ်ပြထားတာဖြစ်ပြီး အံ့ဩစရာကောင်းလှစွာပဲ သူတို့တွေမှာ ဆင်တူတဲ့ အချက်တွေ အများကြီးရှိနေတယ်တဲ့။

Aမြို့ကြီးဟာ ကြီးမားကျယ်ပြန့်တဲ့ မြို့ကြီးတစ်မြို့ ဖြစ်ပေမယ့် အထက်တန်းလွှာ လူကုံထံအသိုင်းအဝိုင်းက အရမ်းကြီး ကျယ်ပြန့်မနေခဲ့ဘူး။ ဒီကျောင်းမှာဆိုရင်လည်း ကျောင်းသားအများစုက တခြားကျောင်းသားတွေရဲ့ မိသားစုတွေနဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်နွယ်နေကြရတာချည်းပဲ။ သိပ်မကြာခင်မှာပဲ လူတွေက အဲဒီကျောင်းသားလေးယောက်ရဲ့ နောက်ခံအချက်အလက်တွေကို တူးထုတ်လာကြတော့တယ်။ 

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now