Chapter //16//

11.4K 2K 37
                                    

UNICODE

အခန်း (၁၆) စည်းမျဉ်းစည်းကမ်းများ

အစတုန်းက သူ့ကို စေးတာ့ရှုပဲ လာကြိုလိမ့်မယ်လို့ စုန့်ရှောင်း ထင်ခဲ့တာ... စုန့်ဇီချန်းလည်းပဲ လာကြိုတဲ့ ကားထဲမှာ ရှိနေလိမ့်မယ်လို့ မထင်ခဲ့မိပေ။ စုန့်ရှောင်း အတော်လေး အံ့အားသင့်သွားရတော့တယ်။

"ဖေဖေ... ဘယ်လိုဖြစ်လို့ သားကို ကိုယ်တိုင်လာကြိုဖြစ်သွားတာလဲဟင်?"

အတိတ်ဘဝမှာတုန်းက ပညာသင်ကျောင်းတော်မှာ စုန့်ရှောင်း ပညာသင်ယူနေခဲ့စဉ်ကဆို အမြဲတမ်း သူ့ကို လာကြိုတဲ့သူက အမျိုးသားအစေခံတစ်ယောက်သာ ဖြစ်ပြီး ဖခင်ဖြစ်သူက အိမ်တော်ကနေပြီးတော့သာ သူ ပြန်ရောက်လာပြီး ဂါရဝပြုမှာကို စောင့်နေခဲ့တာ။

အချက်အလက်တွေကို စစ်ဆေးသုံးသပ်နေခဲ့တဲ့ စုန့်ဇီချန်းက ခေါင်းမော့လိုက်တဲ့ အခါမှာ သူ့သားလေးရဲ့ နှစ်လိုဖွယ်ရာ အံ့ဩတကြီး ငေးမောကြည့်နေတဲ့ အကြည့်တစ်စုံနဲ့ ရင်ဆိုင်လိုက်ရပြီး ရုတ်တရက် ဝမ်းနည်းသွားတယ်။

ကျောင်းဆင်းချိန်မှာ မိဘတွေက သူတို့ကလေးတွေကို လာကြိုကြတယ်ဆိုတာ သာမန်ဆန်လွန်းတဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုပဲ မဟုတ်လား? အရင်တုန်းက သူ့ကလေးက ကြောင်တောင်တောင်လေး ဖြစ်နေခဲ့ပြီး သူ့အဖေဖြစ်သူကို တွေ့ရင်လည်း မတွေ့ရတာနဲ့ ဘာမှမကွာတာမို့ သူ့အနေနဲ့ စိတ်ပျက်အားလျော့သလို ခံစားလိုက်ရပြီး နောက်ထပ် ကျောင်းကြိုကျောင်းပို့ မလုပ်ပေးဖြစ်တော့တာ...။ စဉ်းစားကြည့်လိုက်တော့လည်း သူ့အနေနဲ့ ဒီကလေးအပေါ် တကယ်ကြီး မမျှမတ ဆက်ဆံခဲ့မိတာပဲ...။

"သတင်းဖြန့်လိုက်တဲ့ ပါပါရာဇီက သတင်းစာတိုက်တစ်ခုဆီကို မကြာသေးခင်ကမှ အလုပ်ပြောင်းလာခဲ့ပြီး သူ့အရင်အလုပ်ကနေ အတင်းအဖျင်းဆန်တဲ့ သတင်းအချက်အလက်တွေ အများကြီး ရခဲ့တာ။ အခုတော့ ကုမ္ပဏီနှစ်ခုစလုံးကို အမှုဖွင့် တရားစွဲဆိုထားပြီးပါပြီ။"

ရှေ့ခုံမှာ ထိုင်နေတဲ့ စေးတာ့ရှုက စုံစမ်းစစ်ဆေးရေးရလဒ် စာရွက်စာတမ်းတွေကို စုန့်ဇီချန်းဆီ ကမ်းပေးလာခဲ့တယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now