Chapter //19//

11.2K 1.9K 113
                                    

UNICODE

အခန်း (၁၉) သခင်လေး

စိတ်ဒုက္ခပေးလွန်းတဲ့ သတင်းထောက်တွေကို ရှောင်ရှားဖို့အတွက် နှစ်ယောက်သား ပဥ္စမထပ်ကနေ ပြန်ဆင်းလာကြပြီး ကျသင့်ငွေတွေ ရှင်းပြီးတာနဲ့ နေ့လည်စာ သွားစားဖို့ ပြန်ထွက်လာခဲ့ကြတယ်။

ရေမြေ့သခင် ဧကရာဇ်အရှင်ကတော့ ထုံးစံအတိုင်း စုန့်ရှောင်းကို 'ဘာစားချင်လဲ' ဘာညာ မေးမနေပဲ သူ့ဘာသာပဲ ဆုံးဖြတ်တော်မူခဲ့ပါတယ်။

"အဲဒီ ပြင်သစ်စားသောက်ဆိုင်ကို သွားမယ်။"

ကားမောင်းသမားရဲ့ ဘေး ရှေ့ခုံမှာ ထိုင်နေတဲ့ တူကူးအန့်က သူ့အင်္ကျီအိတ်ကပ်ထဲကနေ ပန်းရောင်စာအုပ်သေးသေးလေး တစ်အုပ်ကို တိတ်တဆိတ် ထုတ်ယူလိုက်တယ်။ ဒီမနက်တုန်းက ဧကရာဇ်အရှင်က ဒီစာအုပ်ကို သူ့ဆီ ပစ်ပေးပြီး စာအုပ်ထဲမှာ ပါတဲ့ အရာတွေအကုန်လုံးကို မှတ်သားထားဖို့ မိန့်တော်မူခဲ့တာ။ ဒါမှသာ ဧကရာဇ်အရှင်က တစ်ခုခုကို မေ့သွားခဲ့သည်ရှိသော် သူ သတိပေးလို့ ရမှာ...။

စာအုပ်လေးက လက်တစ်ဖဝါးသာသာ အရွယ်လောက်သာ ရှိပြီး အဖုံးပေါ်မှာ 'အချစ်လမ်းညွှန်စာအုပ်' ဆိုပြီး စာလုံးဝိုင်းဝိုင်းလေးတွေနဲ့ ရေးသားထားတယ်။ အစားအသောက်ပိုင်းကဏ္ဍ စာမျက်နှာကို လှန်လှောကြည့်လိုက်တော့ ရေးထားတာက :

'ပထမဆုံး တစ်ဖက်လူကို အပြင်ခေါ်ထုတ်လာရမယ်၊ သူ့ကို ပထမတန်းစား အဆင့်မြင့် အစားအသောက် တစ်ခုခု ဝယ်ကျွေးသင့်တယ်... အကောင်းဆုံး ရွေးချယ်မှုကတော့ ပြင်သစ်အစားအသောက်တွေပဲ...'

စုန့်ရှောင်းက ပြင်သစ်အစားအစာတွေကို တစ်ခါမှ မစားဖူးသေးပေ။ ပြင်သစ်စာလုံး သီးသန့်နဲ့ ရေးသားထားတဲ့ မီနူးစာအုပ်ကို ဖတ်ရင်း ဘာမှာရမလဲ မသိ ဖြစ်နေလေပြီ။

"သူ့အတွက် Set Aကို ယူမယ်... ကျွန်တော့်အတွက်က Set B..."

ယွီထန်ကတော့ ကျင်လည်စွာပဲ ဟင်းပွဲကောင်းတွေကို လက်တန်းရွေးချယ်လိုက်တယ်။

"သောက်စရာအတွက် တစ်ခုခု အလိုရှိပါသေးသလား ခင်ဗျာ?"

စားပွဲထိုးကောင်လေးက နူးညံ့တဲ့ ရှပ်အင်္ကျီနဲ့ ဝေ့စ်ထ်ကုတ်လေးကို တွဲဖက်ဝတ်ဆင်ထားပြီး လည်ပင်းမှာ ဖဲပြားလည်စီးကိုပါ တပ်ဆင်ထားသလို မျက်နှာမှာလည်း သိမ်မွေ့တဲ့ အပြုံးလေးတစ်ပွင့်ကို ဆင်မြန်းထားတယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now