Chapter //101//

6.3K 1.2K 34
                                    

UNICODE

အခန်း (၁၀၁) ဟော့ပေါ့

"ဒီဇာတ်ကောင်နေရာကို ငါလုခဲ့တာ မဟုတ်ဘူး၊ သူတို့ ငါ့ကို ပေးခဲ့တာ။"

စုန့်ကျန်းက ဓာတ်လှေကားအရှေ့မှာ စုန့်ရှောင်းကို စောင့်နေပြီး ဒေါသအမျက် ဟုန်းဟုန်းထွက်နေတဲ့ မျက်နှာထားနဲ့ ဖြစ်သည်။

"သူတို့? သူတို့ဆိုတာ ဘယ်သူတွေလဲ?"

စုန့်ရှောင်းက စုန့်ကျန်းကို အေးတိအေးစက်မျက်ဝန်းတွေနဲ့ စူးစိုက်ကြည့်လိုက်သည်။

"သူ...... သူတို့က......"

စုန့်ကျန်း နည်းနည်းတော့ လိပ်ပြာမလုံဖြစ်နေ၏၊ ဒီကိစ္စကို အစတည်းက သူမကပဲ အကြံပေးခဲ့တာပင်၊ ဟိုးအစောကြီးတည်းက အဲဒီလူသစ်လေးတွေကို အနိုင်ကျင့်ရတာ အကျင့်ဖြစ်နေပြီမို့ ရှေ့ရက်တွေတုန်းက အဲဒီရှောင်ချီးဆိုတဲ့တစ်ယောက် အရေးကြီးဇာတ်ကောင်နေရာကို ရလိုက်လို့ဆိုပြီး အထူးတလည် ဝမ်းသာအူမြူးနေတာကို ကြည့်မရတော့တာကြောင့် ဖြတ်လုလိုက်တာ ဖြစ်သည်။

စုန့်ရှောင်းက အကြည့်တွေကို စုန့်ကျန်းဘေးမှာ အတူရှိနေတဲ့ မန်နေဂျာထံ ဦးတည်ချက်ပြောင်းလိုက်သည်၊ သူမက စုန့်ဇီချန်ရဲ့ သမီးဖြစ်တာကြောင့် ကုမ္ပဏီက သူမကို မန်နေဂျာတစ်ယောက် ပေးထား၏၊ တခြားလူသစ်လေးတွေဆိုရင် လောင်ရှီးဖြစ်သူကသာ ကြီးကြပ်ပေးနေတုန်း ဖြစ်သည်၊ ဒီပြသနာမှာ မန်နေဂျာဖြစ်သူရဲ့ လက်ချက်လည်း မကင်းသည်မှာ မလွဲဧကန်ပင်။

စုန့်ရှောင်းဆီမှာ ဒီလိုမျိုး အကြည့်ခံလိုက်ရတဲ့ မန်နေဂျာကတော့ တစ်ခေါင်းလုံး ဇောချွေးပြန်နေလေပြီ။

"သခင်လေး၊ သခင်လေး စိတ်မဆိုးပါနဲ့ဗျာ၊ ရှောင်ကျန်းက ငယ်သေးတော့ မသိနားမလည်သေးလို့ပါ၊ ဒီတစ်ခေါက်ကိစ္စမှာ ကျွန်တော်ကိုယ့်ကိုယ်ကို သေချာပြန်ပြီးသုံးသပ်လိုက်ပါ့မယ်။"

အေးတိအေးစက်မျက်နှာထားနဲ့ စုန့်ရှောင်းက သူပြောပြီးတဲ့ထိ နားထောင်ပေးနေ၏၊ ပေါ့ပြက်ပြက် ရှင်းပြနေမှုကြီးက ဘယ်လိုမှ လက်ခံယုံကြည်နိုင်စရာ မရှိပါပေ။ အတွင်းရေးမှူးဖြစ်သူ ကမ်းပေးလာတဲ့ စာရွက်စာတမ်းတွေကို အကြမ်းဖျင်းဝေ့ဝဲဖတ်ကြည့်လိုက်သည်၊ စာရွက်ပေါ်မှာကတော့ လူထုဆက်ဆံရေးဌာနက တစ်နာရီအတွင်း အသည်းအသန် ခြစ်ထုတ်စီစဉ်လိုက်ရတဲ့ ဒီတစ်ခေါက်အရေးပေါ်ကာလအတွက် လူထုဆက်ဆံရေးမူကြမ်းဖြစ်သည်၊ လူထုဆက်ဆံရေးဌာနမှူးကို သူ့ရုံးခန်းဆီ တစ်ခေါက်လာခိုင်းဖို့ အတွင်းရေးမှူးကို ပြောခိုင်းလိုက်ပြီးမှ လျစ်လျူရှုခံထားရလို့ မျက်နှာတစ်ပြင်လုံး ဖြူရော်နေပြီဖြစ်တဲ့ မန်နေဂျာဘက်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်ပြီး ပြောလိုက်သည်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now