Part 2

8.3K 534 0
                                    

အခန်း-၂
နှစ်သစ်ကူးညစာ
အစိမ်းရောင်ကြွေပြားသုံးတန်း ကပ်ထားတဲ့ အနီရောင်နံရံတွေ ရှိတဲ့ ကျေးလက်အိမ်ကလေးက ကျယ်ဝန်းတဲ့ခြံဝန်းထဲမှာ နှင်းတွေက တစ်လွှာပြီးတစ်လွှာ ဖုံးလွှမ်းနေတယ်။ ကြီးမားတဲ့ အနက်ရောင်ခွေးကြီးက အိမ်ရှေ့က ပန်းကန်အကွဲထဲမှ အရိုးကို ပျင်းရိပျင်းတွဲ ကိုက်ပြီး စောင့်နေတယ်။ အေးစက်တဲ့လေက အဲဒီအရာကို ပိုပြီး အေးခဲနေစေပုံပဲ။ ခွေးက နွေးထွေးတဲ့ ခွေးအိမ်ထဲကို ပြန်ဝင်သွားတယ်။
နှစ်သစ်ကူးပွဲတော်ကို ရောက်ပြီဖြစ်တယ်။ အသီးအနှံ အမြောက်အမြား ပါဝင်တဲ့ လှပတဲ့ ပန်းချီတွေကို အဝင်ဝမှာ ခင်းကျင်းထားတယ်။ မီးအိမ်ကြီးသုံးခုကို ခေါင်မိုးမှာ ချိတ်ဆွဲထားတယ်။ အပြင်ကနေ ဗျောက်ဖောက်သံကို ကြားနိုငတယ်။ အိမ်သူအိမ်သားတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်သစ်ကူးညစာစားပွဲတော်မှာ ကျေနပ်သဘောကျနေကြတယ်။ ကျေးရွာစားစရာတွေကို ကျွေးမွေးထားတာ ဆိုပေမဲံ အဓိက ဟင်းပွဲရှစ်ခုကိုတော့ သေသေချာချာ ချက်ပြုထားတယ်။ အသားအနဲ့ဟင်းသီးသင်းရွက်တစ်ခုစီက လိုက်ဖက်ညီနေတယ်။ အဲဒီဟင်းလျာတွေက ပဲပင်ပေါက်ငါးအစပ်ချက်၊ ဝက်သားနှပ်၊ ကြက်လက်ဖက်ရည်နှပ်၊ ငါးမျိုးဟင်းလျာ၊ သိုးသားဖက်ထုပ်၊ ကောင်းချီဖြာပုဇွန်၊ ပျော်ရွှင်မှုအသားလေးလုံးနဲ့ စည်းစိမ်ပေါများဟင်းလျာတွေ ဖြစ်တယ်။
လူအုပ်ကြီးက သောက်စားပြီး လောင်းကစား လုပ်နေကြတယ်။ စိတ်ထားထက်သန်ပြီး ဆူညံနေတာက ထူးဆန်းတဲ့ မြင်ကွင်းဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ ကျေးလက်အိမ်လေးရဲ့ အစွန်အဖျားမှာ မှုန်မှိုင်းတဲ့ အငွေ့အသက်တွေ ရှိနေယ်။ အထီးကျန်ဆန်တဲ့ အခန်းလေးတစ်ခုထဲမှာ ဖယောင်းတိုင်မီးအလင်းက မှိန်ဖျော့နေပြီးတော့ မကြာခင် ငြိမ်းသွားတော့မလို မှတ်ထင်ရတယ်။
အရပ်ရှည်ရှည် အသက်ငယ်ငယ်နဲ့ အစေခံက သူမဆံပင်ကို အပေါ်မှာ ထုံးထားပြီးတော့ အိမ်ရှေ့မှာ ထိုင်ပြီး မီးစာကို မီးသွေးမီးဖိုထဲ ဂရုတစိုက် ထည့်နေတယ်။
မျက်နှာသေးသေးနဲ့ တခြားအစေခံက ဟောင်းနွမ်းနေတဲ့ ယပ်တောင်ကို ကြမ်းပြင်ကနေ ကောက်ယူလာပြီး သေသေချာချာ ယပ်မခပ်ရသေးခင် အိမ်ထဲကနေ မြန်မြန်ပြေးလာတယ်။ သူမက ဆူလိုက်တယ်။
“လျန်ချောင် နင်ပိုပြီး ဂရုစိုက်သင့်တယ်။ ငါတို့မမလေးရဲ့ ကျန်းမာရေးက ကောင်းသေးတာ မဟုတ်ဘူး။ သူချောင်းဆိုးသွားရင် ဘယ်လိုလုပ်မလဲ”
လျန်ချောင်က စိတ်ဆိုးနေတဲ့ မျက်နှာထားနဲ့ နှုတ်ခမ်းကို မဲ့လိုက်တယ်။ ဒါပေမဲ့ သူမက အသံကိုတော့ လျော့လိုက်လေတယ်။
“ငါလည်း မီးခိုးမထွက်ဖို့ မျှော်လင့်တာပဲ၊ ဒီနေ့ ငါ ကျန်းလန်မိသားစုဆီ သွားတယ်။ ငါ မီးသွေးတောင် မတောင်းဘူး။ ကျောက်မီးသွေးပဲ တောင်းတာပါ။ သူက ဒီရက်ပိုင်းအတွင်း အရမ်းအကုန်အကျ များတယ်။ ဒါကြောင့် သိုလှောင်ခန်းထဲမှာ ကျောက်မီးသွေးမရှိဘူးဆိုပြီး အပြစ်တောင် လာတင်နေသေးတယ်။ ဟမ့်.. သူက ဘယ်သူ့ကို လာလိမ်နေတာလဲ။ ဒီအချိန်ကြီး အိမ်မှာ ကျောက်မီးသွေး မရှိဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက သူ့အာဏာကို သွားပြီး ငါတို့ကို အနိုင်ကျင့်နေတာပဲ။ ငါတို့ရဲ့ဖျားနေတဲ့ သခင်မလေးကြောင့်သာ မဟုတ်ရင် ငါ သူ့ကို ကြောက်စရာကို မလိုဘူး။ သူ့ကို နှစ်ခါပြန်တောင် ပါးရိုက်ပစ်မှာ”
“နင်..”
ယပ်ခပ်နေတဲ့ အစေခံက သက်ပြင်းထပ်ချလိုက်တယ်။
“နင်.. နင့်ရဲ့ခေါင်းမာတာကို ထိန်းချုပ်ထားသင့်တယ်။ ဒီမိသားစုကို ငါတို့ကို သည်းမခံနိုင်လောက်အောင် အနိုင်ကျင့်ရင်တောင် ငါတို့က သူတို့အမိုးအောက်မှာ နေနေရတုန်းပဲလေ။ ငါတို့ ခေါင်းတွေကို ငုံ့ထားရမယ်။ နင် ပြဿနာရှာရင် ငါတို့သခင်လေးပဲ ခံစားရမှာ”
လျန်ချောင်က သူမကို အထင်သေးသလို ကြည့်လိုက်ရင်း၊
“ပိုင်ကျီ မင်း ဒီလောက် သူရဲဘောကြောင်မယ်လို့ ငါ မထင်ထားဘူး။ ဒီမိသားစုရဲ့ လူမှုအဆင့်အတန်းက ဘာလဲ။ ပြီးတော့ ငါတို့ သခင်မလေးရဲ့အဆင့်အတန်းက ဘာလဲ။ ငါတို့ သခင်မလေး ဘာဖြစ်သွားတယ် ဆိုတာကို ဂရုမစိုက်တာလား။ သူ့ရဲ့အဆင့်အတန်းနဲ့ဆိုရင် ငါတို့ ဒီနိမ့်ကျတဲ့လူတွေ သူ့ကို ဆက်ပြီးတော့ အနိုင်ကျင့်ဖို့ ခွင့်မပြုနိုင်ဘူး”
ပိုင်ကျီ ခေါင်းခါယမ်းလိုက်ပြီး၊
“ငါတို့ နှစ်ယောက်လုံးက သခင်မလေးရဲ့ အစေခံတွေပဲ။ ငါလည်း သူ့အတွက် အကောင်းဆုံး ဖြစ်စေချင်တာပဲ။ အခုနောက်ပိုင်း မြို့တော်ကနေ ဘာသတင်းမှ မကြားရတော့လို့ပါ။ တကယ်လို့ ငါတို့က ဒီမှာ ခဏပဲ နေရမယ်ဆို တော်ပါသေးရဲ့၊ ဒါပေမဲ့ မင်း မြင်တဲ့အတိုင်းပဲ။ အခု လေးနှစ်တောင် ရှိသွားပြီ။ သခင်ကြီးက တစ်ခါမှ လူလွှတ်ပြီးတော့ သခင်မလေး နေကောင်းလားဆိုပြီး မမေးဖူးဘူး။ တကယ်လို့ ငါတို့ ဒီမှာ အကြာကြီးနေရမယ် ဆိုရင် သူတို့နဲ့ ရန်ဖြစ်နေရင် ခံစားရမဲ့သူက ငါတို့ သခင်မလေးပဲ”
လျန်ချောင်က ဘာမှမပြောနိုင်တော့ဘူး။ ခဏကြာပြီးမှ သူမက ညင်ညင်သာသာ ပြောလိုက်တယ်။
“ဒါဆို သူတို့က ငါတို့သခင်မလေးကို လွယ်လွယ်နဲ့ နှိပ်စက်နေတာကို ငါတို့ ခွင့်ပြုနေရမှာလား”
ပိုင်ကျီ သက်ပြင်းသာ ချလိုက်မိတော့တယ်။
အိမ်က ပြန်ပြီးတော့ တိတ်ဆိတ်သွားတယ်။ မီးပုံထဲက ထင်းရဲ့ တဖျောက်ဖျောက် မြည်သံကို ကြားနေရတယ်။ အစေခံနှစ်ယောက်ကလည်း သူတို့လက်ထဲမှာ ယပ်တောင်တွေနဲ့ မီးကို ဆက်ပြီး တောက်လောင်စေတယ်။ အိပ်ရာပေါ်က ပုဂ္ဂိုလ်နိုးနေတာကို ဘယ်သူကမှ သတိမထားမိဘူး။
ကျန်းယွမ် နိုးနေတာ အတော်လေး ကြာနေပြီ။ ပိုင်ကျီနဲ့ လျန်ချောင် ပြောနေတာတွေကို သူမက ကြားနေရတယ်။ သူမ မျက်လုံးတွေ ဖွင့်လိုက်ကတည်းက သူမက လွန်ခဲ့တဲ့ ဆယ့်စုနှစ်က သူမကိုယ်သူမ ပြန်ဝင်စားတာကို အံ့သြနေမိတယ်။ သူမရဲ့ အတိတ် အဖြစ်အပျက်တွေက နေ့လည်ခင်း တစ်ရေးအိပ်စက်တဲ့ဆီကနေ မက်တဲ့အိပ်မက်လိုပဲ။ ဒါပေမဲ့ သူမ အကြင်နာတရား ကင်းမဲ့စွာ အသတ်ခံခဲ့ရတာက အိပ်မက်အဖြစ် ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ နတ်ဘုရားက သူမကို ဘဝအသစ် ပြန်စဖို့ အခွင့်အရေး ပေးလိုက်တယ်။ သူမက ဒါကို တုံ့ဆိုင်းမနေဘဲ လက်ခံပြီး ကောင်းကောင်း အသုံးချမှာပဲ ဖြစ်တယ်။
အရင်သုံးရက်က သူမ နိုးလာတာကြောင့်သာ ပိုင်ကျီနဲ့ လျန်ချောင်တို့က သက်ပြင်းချနိုင်ခဲ့တယ်။ ကျန်းယွမ်က ရေကန်ထဲ ကျပြီး ကတည်းက ဆယ်ရက်ကေ်ျာ် သတိမေ့နေတာ ဖစ်ြတယ်။ သူမကို လာကုတဲ့ သမားတော်တောင်မှ သူမက ကံကြမ္မာကို အံမတုနိုင်ဘူးလို့ ပြောခဲ့တယ်။ ကျန်းလန်မိသားစုကတောင် နာရေးအတွက် စုံစမ်းနေပြီဖြစ်တယ်။ သူမ ပြန်နိုးလာမယ်လို့ ဘယ်သူသိမှာလဲ။ ကျန်းယွမ်က သူမမျက်လုံးတွေကို မှိတ်လိုက်တယ်။ လျန်ချောင်က သူမလက်ကို ကိုင်ပြီး ငိုနေရင်းက ဘုရားသခင်က ကောင်းချီးပေးတယ်လို့ ပြောနေတယ်။
တစ်ခါသေပြီးတဲ့နောက် သူမရဲ့အတိတ်က အဖြစ်အပျက်တွေကို လေထဲမှာ အငွေ့လိုမျိုး မပျောက်သွားဘဲ ကျန်းယွမ်က ပိုပြီးတော့ မှတ်မိနေသေးတယ်။ သူမအမေဆုံးသွားပြီးတဲ့ လေးနှစ်မြောက်မှာ တာအိုဘုန်းကြီးတစ်ပါးက သူမရဲ့အိမ်ကို လာကာ သူမရဲ့အနာဂတ်ကို ဟောလိုက်တယ်။ သူမက သူမရဲ့မိဘများကို ကံဆိုးစေပြီး သူမရဲ့ဖြစ်တည်မှုက တခြားသူရဲ့ဖြစ်တည်မှုကို ဆိုးကျိုးဖြစ်စေတယ်လို့ ဆိုခဲ့တယ်။ ပထမတွင် ကျန်းချွမ်က သူမကို မိသားစုဘုရားကျောင်းဆီကို ပို့ပြီးတော့ သီလရှင် လုပ်ချင်ခဲ့တယ်။ ကျန်းစုစုက ဒူးထောက်ပြီး သနားဖို့တောင်းဆိုလို့ ကျန်းချွမ်က စိတ်ပြောင်းသွားပြီး သူမကို ကျေးလက်ကအိမ်ကို ပို့ခဲ့တယ်။ အဲဒီကိစ္စကြောင့်မို့ ကျန်းယွမ်က ကျန်းစုစုကို စိတ်နှကောင်းရှိတယ်လို့ နှလုံးသားကနေ အလိုအလျောက် မှတ်သားထားခဲ့မိတယ်။ ဒါပေမဲ့ သူမ အခု တွေးမိသမျှမှာ ကျန်းစုစုနဲ့ သူမမိခင်က ပေးခဲ့တဲ့ အဆုံးမဲ့တဲ့ အနိုင်ကျင့်မှုနဲ့ အရှက်ရမှုအားလုံးပဲ ဖြစ်တယ်။
ကျေးလက်အိမ်ကို ကျန်းလန်မိသားစုဆီမှာ အပ်ထားတာ ဖြစ်တယ်။ ကျန်းလန်က လောကြီးပြီး ကပ်စေးနဲတယ်။ လိမ္မာပါးနပ်တယ်။ သူက ကျန်းယွမ်ကို သွယ်ဝိုက်ပြီးတော့ နေ့တိုင်း ဆူပူအရှက်ခွဲဖို့ မပျက်ကွက်ခဲ့ဘူး။ သူမရဲ့ယောက်ျားချန်ဖုက အရက်သမားဖြစ်ပြီး လောင်းကစားလည်း စွဲနေသေးတယ်။ သူတို့မှာ သားတစ်ယောက် သမီးတစ်ယောက် ရှိတယ်။ သူတို့သာ ချန်ကျောက်က နှာဘူးတစ်ယောက် ဖြစ်တယ်။ သူ့သမီး ချန်ဖန်းက ထက်မြက်ပေမဲ့ ကြားမကောင်းတဲ့ စကားတွေကို နေ့တိုင်း ပြောတတ်တယ်။ ကျန်းယွမ် ယူလာတဲ့ လက်ဝတ်ရတနာတွေနဲ့ အသုံးအဆောင်တွေကို ကျေးလက်အိမ်ကို ရောက်တာနဲ့ ကျန်းလန်လက်ထဲကို ဒါမှမဟုတ် ချန်ဖန်းရဲ့လက်ထဲကို တစ်နည်းမဟုတ် တစ်နည်း ရောက်သွားစမြဲ ဖြစ်တယ်။ လွန်ခဲ့တဲ့ ဆယ်ရက်က ချန်ကျောက်က သူမကို ရေကန်ဘေးမှာ မသင့်မလျော် ထိတွေ့ခဲ့တယ်။ ကျန်းယွမ်က အရှက်ခွဲတာကို လက်မခံနိုင်လို့ ရေထဲကို ခုန်ဆင်းခဲ့လိုက်တယ်။ ချန်ကျောက်က ပြဿနာရှာမိတာကို သိတာနဲ့ ထွက်ပြေးသွားတယ်။
အဲဒီအချိန်မှာ လျန်ချောင်နဲ့ ပိုင်ကျီက တစ်ယောက်ယောက်ကို အကူအညီ တောင်းနေတဲ့အချိန်မှာ ကျန်းယွမ်က သတိမေ့သွားပြီဖြစ်တယ်။
လပြက္ခဒိန်ရဲ့ နောက်ဆုံးရက်ဖြစ်လို့ ရေကန်ထဲက ရေက အရိုးထိအောင် အေးတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ကျန်းလန်ရဲ့ နှိပ်စက်မှုကြောင့် ကျန်းယွမ်ရဲ့ခန္ဓာကိုယ်က ပိုပိုပြီး အားနည်းလာတယ်။ အအေးမိတာလေးကပဲ ဆိုးရွားတဲ့အခြေအနေကို ဖြစ်စေနိုင်တယ်။ သူမက ချက်ချင်းပဲ အပြင်းအထန် ဖျားတော့တယ်။
ကျန်းယွမ် သေချာမှတ်မိသေးတယ်။ အရင်ကဆို သူမက ဒီလို အစောကြီး မနိုးနေဘူး။ သူမ သတိပြန်ရလာပြီးနောက်မှာ သူမမှာ ကုမရတဲ့ရောဂါ ဖြစ်လုနီးပါးပဲ။ ဒါပေမဲ့ သိသာတဲ့ မတော်တဆမှုက မကြာခင်မှာ ဖြစ်လာလိမ့်မယ်။ သူမက အဖိုးမဖြတ်နိုင်တဲ့ ခန္ဓာကိုယ်ကို မထောက်ထားဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ယောက်ျားတွေကို ဆွဲဆောင်နေပြီ ဆိုတဲ့ အတင်းစကားက အိမ်တော်အပြင်မှာ ပျံ့နှံ့နေမှာ ဖြစ်တယ်။ သူမက ချန်ကျောက်ကို အရင်ဆုံးဆွဲဆောင်ခဲ့ပြီးတော့ သူမအကြံမအောင်မြင်ဘဲ ရေထဲကို ကျသွားတယ်။ ပြန်တွေးကြည့်မယ်ဆိုရင် သူမအပေါ်မှာ အပြစ်ပုံချဖို့ ကျန်းလန်က ပြုလုပ်ထားတာ ဖြစ်တယ်။ ဒီလိုမျိုး နာမည်အမည်းစက် ထင်စေတာက အနာဂတ်မှာ ကျန်းယွမ်က လူကြီးတွေနဲ့ မျက်နှာချင်းဆိုင်တွေ့တိုင်းမှာ ဖြားယောင်းတတ်တဲ့ မိန်းကလေးဆိုပြီးတော့ သူမကို ထင်မြင်စေမှာသာ ဖြစ်တယ်။
အခု သူမက စောစောနိုးထလာတယ်။ အတင်းစကားကလည်း မပြန့်သေးဘူး။ အခုအချိန်အထိ ဒီအတွေးက ကျန်းလန်ဆီမှာ မပေါ်လာသေးဘူး။ ဒါကြောင့် ကျန်းယွမ်က ဒီအခွင့်အရေးကို သုံးပြီးတော့ သူမကို နှစ်သစ်ကူးလက်ဆောင် ပို့ပေးနိုင်တယ်။ သူတို့ နှိပ်စက်နိုင်မဲ့ ဒီအိမ်ထဲမှာသာ ဆက်နေ့လို့ကတော့ သူမအတွက် အနာဂတ်ဆိုတာ မရှိနိုင်ဘူး။ ပြီးတော့ လေးနှစ်အကြာမှာ အပေါင်ပစ္စည်းအဖြစ်နဲ့ နန်းတော်ထဲကို စေလွှတ်မှာ ဖြစ်တယ်။ ဒါက သူမ ခံနိုင်ရည်ရှိတာမျိုး မဟုတ်ဘူး။ သူမရဲ့ ရည်ရွယ်ချက်က အကြောင်းပြချက်မဲ့ အခွင့်ကောင်းယူဖို့ မဟုတ်ဘူး။ ဒါပေမဲ့ လူတစ်ယောက်ချင်းစီက လုပ်ခဲ့သမျှအတွက် ပြန်ပေးဆပ်ရမဲ့ တန်ဖိုးတစ်ခုစီတော့ ရှိရမယ်။ ဒါကြောင့် သူမက ချန်ကျောက်ကို သူမရဲ့လက်စားချေမှုမှာ ပထမဆုံး သားကောင်အဖြစ် သတ်မှတ်လိုက်တယ်။
ကျန်းယွမ်က ပြတင်းပေါက်အပြင်ကို စိုက်ကြည့်နေတယ်။ ဗျောက်ဖောက်သံတွေက သူတို့သုံးယောက်ကို ပိုပြီး ချမ်းတုန် ထိုင်းမှိုင်းစေတယ်။ သူမက ထိုင်နေရာကနေ ဖြည်းဖြည်းလေး ထလိုက်တယ်။ ပိုင်ကျီက သူမ ထလာတဲ့ အသံကို ကြားတဲ့အခါ သူမဆီကို မြန်မြန်လာပြီးတော့၊
“သခင်မလေး ထလာပြီပဲ။ သခင်မလေး ဘယ်နားလေးက မသက်မသာ ဖြစ်နေလို့လဲ”
ကျန်းယျွ်က ခေါင်းခါလိုက်ပြီး။
“အခု ဘယ်အချိန် ရှိပြီလဲ”
“အခုက ညဦးပိုင်း ခုနှစ်နာရီနဲ့ ကိုးနာရီကြားမှာပါ” ပိုင်ကျီက ပြန်ဖြေတယ်။
လျန်ချောင်က ယပ်တောင်ကို ချလိုက်တယ်။
“သခင်မလေး ဗိုက်ဆ်ာပြီလား၊ ကျွန်မ မီးဖိုချောင်ကနေ စားစရာတချို့ သွားယူလိုက်မယ်”
အိမ်တော်တွေရဲ့ သခင်မလေးတွေ သခင်မတွေက မကောင်းမှုကို ကျူးလွန်ဖူးကြတယ်။ ဒါပေမဲ့ ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရှိမှာ သူတို့က သခင်တွေသာ ဖြစ်တယ်။ သူတို့ကိုသာ အထူးဆက်ဆံခံရတယ် ဆိုပြီး မရှိရင် အဆင့်နိမ့်ကျွန်နဲ့တောင်မှ နှိုင်းယှဉ်လို့ မရနိုင်ဘူး။ နှစ်သစ်ကူးညစာကို ဘာလို့ စောမပိုတာလဲ ဆိုတာ တွေးကြည့်ရင် သိနိုင်တယ်။
ကျန်းယွမ်က ပြန်မဖြေသေးခင်မှာ တံခါးခေါက်သံကို ကြားလိုက်ရတယ်။ အပြင်ကနေ ကြည်လင်တဲ့အသံက ထွက်လာတယ်။
“သခင်မလေး ကျွန်မ နှစ်သစ်ကူးညစာ လာပို့တာပါ”
လျန်ချောင်က အံ့သြဆွံ့အသွားတယ်။ ကျန်းယွမ်က ပြောလိုက်တယ်။
“ဝင်လာခဲ့”
တံခါးက အသံမြည်ပြီးတော့ ပွင့်လာတယ်။ တောက်ပပြီးတော့ ကြည့်ကောင်းတဲ့ အစေခံက လက်ထဲမှာ စားစရာခြင်းတောင်းကို ကိုင်ပြီးတော့ ဝင်လာတယ်။ သူမက ပြုံးလိုက်တယ်။
“အန်တီလန်က ကျွန်မကို စားစရာတချို့ ယူလာဖို့ အမိန့်ပေးခဲ့တာ သခင်မလေးလည်း စားသင့်တယ်”
ပိုင်ကျီက ကျန်းယွမ် အတော်ကြာတဲ့အထိ ငြိမ်နေတာကို တွေ့လိုက်တော့ မတင်မကျနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ ကျန်းယွမ် မျက်လုံးထဲက ပျံ့နေတဲ့ စိတ်ခံစားချက်ကို သူမ ဖြတ်ခနဲ တွေ့လိုက်ရတယ်။ ပြီးတာနဲ့ ကျန်းယွမ်က ခေါင်းမော့လိုက်ပြီး အပြုံးသေးသေးလေး ပြုံးလိုက်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now