part 98(1)

2.8K 283 3
                                    

Unicode

မုန်းမာန်ဖွဲ့ရန်ငြှိုး

Part 119

အခန်း - ၉၈ အပိုင်း(၁)

အရင်က မိုးသည်းထန်စွာရွာတာကို အစားထိုးတဲ့အနေနဲ့ ရာသီဉတုက တောက်ပပြီးတော့ ရက်အတော်ကြာ နေသာနေတယ်။ မိုးကောင်ကင်က ကြင်လင်နေပြီးတော့ သစ်ရွက်စိမ်းတွေက သစ်ကိုင်းတွေဆီကနေ ထွက်လာပြီး ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ထဲမှာ နွေဦးရဲ့ အရောင်တွေက တိတ်ဆိတ်စွာနဲ့ ပြန်ပြီးတော့ ဖုံးလွှမ်းလာတယ်။
လန်ချောင်နဲ့ ပိုင်ကျီတို့က နန်းတွင်းထဲရောက်ပြီးတော့ ဂုဏ်ပြုပွဲကို စောင့်ရတာကြာမှာ စိုးလို့ သူတို့က ကျန်းယွမ်အတွက် အစားအစာ ပြင်ဆင်ဖို့ မနက်စောစောထကြတယ်။ သူမက အများကြီး စားလို့မရတော့ သူတို့က ကြက်ဉပေါင်းနဲ့ ဝက်သား၊ ယာဂုနဲ့ ခေါင်ရန်းကိတ်တို့လို ဟင်းပွဲလေးတွေ ပြင်ပေးကြတယ်။
ကျန်းယွမ် စားပြီးတာနဲ့ လုကျူးက ကြိမ်သေတ္တာလေးကို ယူလာတယ်။ ပြုံးပြီးတော့ သူမကပြောတယ်။
“နန်းတွင်းက စည်းကမ်းတွေ အများကြီးရှိတယ်။ ဒီအစေခံက သခင်မလေးအတွက် မုန့်တချို့ပြင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့မုန့်တွေက သခင်မလေး စားတုန်းမှာ မိတ်ကပ်ကို မပျက်စေနိုင်ပါဘူး။”
လန်ချောင်က ပြောတယ်။
“အဲဒါကောင်းတယ်။”
ကျန်းယွမ်ရဲ့ ဆံပင်ကို ဖီးပေးရင်းနဲ့ ပိုင်ကျီက ပြောလိုက်တယ်။
“ပြင်ဆင်စရာရှိတာတွေကို မမေ့နဲ့ဦးနော်။”
သူမက ကျန်းယွမ်ရဲ့ ဆံပင်ကို လှပတဲ့ ဆံထုံးအဖြစ် ကျွမ်းကျင်စွာ ထုံးနေပြီးတော့ လက်ဝတ်ရတနာသေတ္တာထဲက အနီရောင် နှင်းဆီပန်းဆံထိုးကို ယူပြီးတော့ ကျန်းယွမ်ရဲ့ ခေါင်းမှာ သိမ်မွေ့စွာ ထိုးပေးလိုက်တယ်။ သူမက ပြုံးလိုက်တယ်။
“ပြီးပြီ။”
ကျန်းယွမ်က မှန်ထဲကို လှမ်းကြည့်လိုက်တယ်။ သူမက သူမရဲ့ ပြတ်သားပြီး လေးနက်တဲ့ အမူအရာတွေကြောင့် နဂိုကတည်းက ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းပေမဲ့ သူမရဲ့ အတိတ်ဘဝက အတွေ့အကြုံတွေကြောင့် အခု သူမက သူမရဲ့ အသက်ကို ကျော်လွန်တဲ့ ရင့်ကျက်မှုလေထုကို သယ်ဆောင်လာတယ်။ ဒါပေမဲ့ သူမက ချစ်စရာကောင်းတဲ့ ဆံထုံးလေးကို ထည့်လိုက်တော့ သူမက ပုံမှန်ဆို မပေါ်လွန်းတဲ့ အပြစ်ကင်းစင်မှုကို ပြသတယ်။ သူမရဲ့ အကြည့်က နည်းနည်း လေးနက်တယ်။ သူမ အတိတ်ရဲ့ နန်းတွင်းမှာ ဆံပင်ထဲမှာ ဆံထိုးတွေ အများကြီး ထိုးရပြီးတော့ လေးလံပြီး ရှုပ်ထွေးတဲ့ ဆံပင်ပုံစံလိုအပ်တယ်။ ဒါ့ကြောင့် ဘယ်လိုလုပ်ပြီး ဒီလိုရိုးရှင်းပြီး လန်းဆန်းတဲ့ပုံစံကို‌ တွေ့နိုင်မှာလဲ။
လန်ချောင်က အံ့အားသင့်စွာ ပြောလိုက်တယ်။
“သခင်မလေးက ဒီတိုင်းလည်း လှတာပဲ။”
“ဘယ်တုန်းက သခင်မလေးက ကြည့်မကောင်းဖူးလို့လဲ။”
လုကျူးက ပြန်ပြောလိုက်တယ်။
“ဒီလို လန်းဆန်းနေဖို့အတွက်က သူမရဲ့ သဘာဝအလှကြောင့်ပဲ။”
“ ‘သဘာဝအလှ’ ဆိုတဲ့ စကားလုံးကို နင်တကယ်သိတာပဲ။”
လန်ချောင်က သူမမျက်စိတွေ မှေးသွားတဲ့အထိ ပြုံးလိုက်တယ်။
“နင်က ဘယ်လိုပြောရမလဲဆိုတာ သိသားပဲ။”
ကျန်းသခင်မကြီးရဲ့ အစေခံ ချိုက်ကျွဲ့က ကျန်းယွမ်ဆီလာပြီး သွားဖို့ အချိန်တန်ပြီလို့ မပြောခင်အထိ အုပ်စုက ခဏလောက် ကျီစယ်နေကြသေးတယ်။
ကျန်းအိမ်တော်ရဲ့ တံခါးအရှေ့မှာ ရပ်ထားတာက မွှေးပျံ့တဲ့ ရနံ့နဲ့ ရွှေရောင်စန္ဒကူးလှည်း တစ်စီးဖြစ်တယ်။ အထဲမှာ ပိုပြီးတော့တောင် လက်ရာမြောက်တယ်။ အပြာဖျော့ဖျော့ လိုက်ကာနဲ့ ရနံ့အိတ်လေးတွေက အပေါ်ကနေ ချိတ်ဆွဲထားတယ်။
ကျန်းသခင်မကြီးက တံခါးမှာ ရပ်နေပြီးတော့ ကျန်းရှင်းကျီကို စကားပြောနေတယ်။ ကျန်းယွမ်လာတာကို မြင်တော့ သူမက သူ့ကို ပြောလိုက်တယ်။
“အကြီးဆုံးကောင်မလေးက နန်းတွင်းကို ဒီနေ့သွားရမှာ မင်းသေသေချာချာ ဂရုစိုက်သင့်တယ်။ မပြောသင့်တာ ဘာမှမပြောနဲ့။”
ကျန်းသခင်မကြီးရဲ့ မျက်လုံးထဲမှာ ကျန်းရှင်းကျီက ကျန်းအိမ်တော်အတွက် ချီးမွမ်းထိုက်တဲ့အလုပ်တွေ လုပ်ခဲ့ပြီးတော့ သူတို့ကို မျက်နှာသာပေးတယ်လို့ ထင်ခဲ့တယ်။ သူက သူတို့ရဲ့ ဂုဏ်ကျက်သရေပဲ။ သူနဲ့ ရှယန်ကြားက ရန်စက သူ ခဏလောက် ယောင်ချာချာ ဖြစ်သွားလို့ပဲ ဖြစ်တယ်ပေါ့။ နောက်ဆုံးမှာတော့ သူတို့က ကျန်းမိသားစုဆီကပဲ။ အရိုးတွေ ကျိုးသွားရင်တောင် အရွတ်တွေက ဆက်ရှိနေသေးလို့ နောက်ဆုံးမှာတော့ သူတို့က ကျန်းအိမ်တော်ရဲ့ ကောင်းကျိုးလို့ သတ်မှတ်ရမှာပဲ။
ကျန်းစုစုက သူတို့နားမှာ ရပ်လိုက်တယ်။ ထုံးစံအတိုင်း သူမက ခေါင်းကနေ ခြေအဆုံး အဖြူရောင်ပဲ ဝတ်ထားတယ်။ သူမက အဖြူရောင် ကန့်လန့်ဖြတ်ကော်လာနဲ့ ကျဉ်းမြောင်းတဲ့ အင်္ကျီလက်ပါတဲ့ ဘေကျိကို ဝတ်ဆင်ထားပြီး ဘရိုကိတ်ပေါ်မှာ မင်္ဂလာရှိတဲ့ တိမ်ပုံစံ ပန်းထိုးထားတယ်။ အဲဒါကို ကြမ်းပြင်ထိရှည်တဲ့ စကတ်အပေါ်မှာ ထူထဲတဲ့ အဖြူရောင် ဖဲခြုံထည်နဲ့ ပိုးဇာလွှာပန်းတွေနဲ့ အလှဆင်ထားတယ်။ သမူကလည်း ပျံသန်းနေတဲ့ မသေမျိုး ဆံပင်ပုံစံ ပြင်ထားပြီးတော့ အပြာရောင်ဖီးနစ်ငှက်ပုံဟံကို ပုလဲတွေနဲ့ စီခြယ်ထားတဲ့ သရဖူဆင်ထားတယ်။ ကျောက်စိမ်းလက်ကောက်ကောင်းကောင်းလေး တစ်ခုကို သူမရဲ့ လက်ကောက်မှာ ဝတ်ထားတယ်။ သူမရဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ အပြုအမူက သူမကို သန့်စင်ပြီး မြင့်မြတ်တဲ့ နတ်သမီးလေးလို ထင်ရစေပေမဲ့ အနားကို ကပ်ကြည့်ရင် သူမရဲ့ အရေပြားပေါ်မှာ ကပ်ထားတဲ့ ပေါင်ဒါအထူကြီးက သိသာနေတယ်။ အဲဒါက မကြာသေးခင်က အဖြစ်အပျက်တုန်းက ဆူးပင်တွေဆီကနေ ရတဲ့ အမာရွတ်တွေကို ကာဖို့ဖြစ်နိုင်တယ်။
ဒီလိုဆိုရင်တောင် သူမက နန်းတွင်းကို ဝင်ရောက်ဦးမှာဖြစ်တယ်။ ဒါက လူတွေကို တကယ်နက်နက်နဲနဲ တွေးစေတယ်။
ကျန်းစုစုက လှပပြီးတော့ ကြော့ရှင်းနေတုန်းပဲ။ ကျန်းလီက ကြာပန်းစိမ်းရောင် အင်္ကျီလက်အကျယ်နဲ့ ကော်လာထောင်ထားတဲ့ အင်္ကျီနဲ့ ကြားပန်နှစ်ခု ပန်းထိုးထားတဲ့ ခရမ်းရောင်ဂါဝန်ကို ဝတ်ဆင်ထားတယ်။ သူမက မြင့်မြတ်တဲ့လေထုကို သယ်ဆောင်ထားပေမဲ့ သူမရဲ့ အသားအ‌ရေက ကျန်းစုစုနဲ့ ကျန်းယွမ်လောက် မဖြူဘူး။ သူမက သူမရဲ့ အဝတ်တွေရဲ့ လွန်ကဲမှုကို မယှဉ်နိုင်ဘဲ နည်းနည်းလွဲနေသလိုပဲ။
ကျန်းတန်က ပိုးဇာလွှာကနေ ပြုလုပ်ထားပြီး ကြိုးကြာတွေနဲ့ ပန်းထိုးထားတဲ့ တောက်ပတဲ့ အဝါရောင် ကော်လာအဝိုင်းအင်္ကျီကို ဝတ်ထားတယ်။ ဆံထုံးလေးနဲ့ သူမက ကျန်းစုစုနဲ့ ကျန်းလီဘေးက ချစ်စရာတိရိစ္ဆာန်လေးနဲ့ တူတယ်။ မထူးချွမ်ပေမဲ့ အထူးသိမ်မွေ့နူးညံ့တဲ့ ခံစားချက်မျိုးရတယ်။
မိန်းကလေးတိုင်းက သူမတို့ရဲ့ အရည်အချင်းကိုယ်စီ ရှိတာကို တွေ့ပြီးတော့ ကျန်းသခင်မကြီးက ကျန်းယွမ်ကို ကြည့်ပြီးတော့ မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့ဘူး။
“နင် ဘယ်လိုလုပ်ပြီးတော့ ဒီလို ဝတ်လာနိုင်ရတာလဲ။”
ကျန်းသခင်မကြီးရဲ့ မျက်လုံးထဲမှာ သမီးငယ်တွေက ဘယ်လိုဝတ်ဝတ် အရမ်းမတော်တရော် မဖြစ်ရင်ပြီးတာပဲ။ ဒါပေမဲ့ အကြီးဆုံးသမီးတွေကတော့ မတူဘူး။ သူတို့က မိသားစုကို အပြင်ထွက်တဲ့အချိန်တိုင်း ကိုယ်စားပြုတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ အရည်အသွေးမြင့်တဲ့ ပစ္စည်းတွေ တစ်ကိုယ်လုံး ဝတ်ဆင်ထားတဲ့ ကျန်းစုစုပဲ လှပပြီးသပ်ရပ်နေတယ်။ နန်းတွင်းထဲကို ဝင်တာက တခြား မြင့်မြတ်တဲ့ အိမ်တော်တွေကို သွားတာနဲ့ မခြားဘူး။ ဂုဏ်သိက္ခာရှိတဲ့ လေထုရှိဖို့ လိုတယ်။ ကျန်းယွမ်က ကြည့်ကောင်းပေမဲ့ သူမရဲ့ အဝတ်တွေက အရမ်းရိုးရှင်းပြီးတော့ သူမက ကျန်းလီကိုတောင် မယှဉ်နိုင်ဘူး။
သူမက ကျန်းယွမ်ကို ပိုပြီး အကဲခတ်လေလေ သူမ ပိုပြီး မကျေနပ်လေလေပဲ။ သူမက ကျန်းယွမ်ကို သူမရဲ့ အင်္ကျီကိုလဲဖို့ ညွှန်ကြားတော့မယ့်အချိန်မှာ သူမက ကျန်းရှင်းကျီပြောတာကို ကြားလိုက်ရတယ်။
“နောက်ကျနေပြီ ညီမလေးတို့ သွားသင့်နေပြီ။”
ကျန်းသခင်မကြီးက လက်လျှော့ရုံပဲ တတ်နိုင်ခဲ့တယ်။ နောက်ထပ် ညွှန်ကြားချက်နည်းနည်း ပေးပြီးတော့ သူမက ရှယန်ဆီကို အေးစက်စွာ လှည့်လိုက်တယ်။
“ဒီနေ့ ဒီကောင်မလေးတွေကို နင့်ဆီအပ်ခဲ့မယ်။ နင် သတိကောင်းကောင်းထားပြီး ဘာမှ ထပ်မမှားစေနဲ့။”
ရှယန်က သူမရင်ထဲမှာ ညည်းညူလိုက်တယ်။ ကျန်းသခင်မကြီး သူမကို အကုန်လုံးရှေ့မှာ ဒီလို ဆူတာက သူမကို မျက်နှာပျက်စေတယ်။ သူမ လက်သီးဆုပ်ပြီးတော့ အသက်ပြင်းပြင်း ရှူပြီးမှပဲ နွေးထွေးတဲ့ အပြုံးပြုံးလိုက်တယ်။
“ချွေးမက အမေရဲ့ သင်ကြားမှုတွေကို ဂရုစိုက်ပါ့မယ်။”
ကျန်းသခင်မကြီးက ရှယန်ကို မဖုံးကွယ်နိုင်တဲ့ မကျေနပ်မှုတွေနဲ့ ကြည့်နေတယ်။ သူမက ဒီဇီဇာကြောင်တဲ့ ချွေးမကို သဘောမကျတာကြာပြီဖြစ်ပြီးတော့ ကျောက်မိန်က အရမ်းနုအံပြီး မထက်မြက်ပေမဲ့ ရှယန်က အမြဲတမ်း သဘောထားသေးပြီး၊ မနာလိုဖြစ်ပြီးတော့အပိုင်ကြံတတ်တယ်။ မကြာခင်က ကျန်းစုစုနဲ့ ကျန်းချောင်က အမြဲတမ်း ပြဿနာရှိပြီးတော့ ရှယန်နဲ့ ပတ်သက်ပြီး ပိုပြီးတော့တောင် သဘောမကျဖြစ်စေတယ်။ ရှယန်က ဒီအရှုပ်ထဲကို ကောင်းမွန်ပြီး ပြည့်စုံတဲ့ ကလေးနှစ်ယောက်ကို ထည့်လိုက်တာပဲ။ အဲဒါကို တွေးမိတာနဲ့ ကျန်းသခင်မကြီးက စိတ်ဆိုးလာတယ်။
ကျန်းစုစုက ပြုံးလိုက်တယ်။
“ဘွားဘွား အမေက ကလေးမဟုတ်ပါဘူး။ သူမက ဒါတွေကို နားလည်ပါတယ်။ ဘွားဘွားက အမေ့ကို အရမ်းချစ်တာပဲ တကယ်လို့ ဘွားဘွား တစ်ခုခုထပ်ပြောရင် သမီး မနာလိုဖြစ်လိမ့်မယ်။”
ပုံမှန်ဆိုရင် တကယ်လို့ ကျန်းသခင်မကြီးက သူမ ရှယန်ကို ကယ်တာကို ကြားရင် လွှတ်ပေးလိုက်ပေမဲ့ ဒီတစ်ကြိမ်တော့ သူမက သိမ်မွေ့စွာ မပြောခဲ့ဘူး။
“သူမ သိရင်ပြီးတာပဲ။”
သူမက လှည့်တောင်မကြည့်တော့ဘဲ ထွက်သွားခဲ့တယ်။
ရှယန်က အရမ်း ဒေါသထွက်နေပြီးတော့ သူမရဲ့ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေတယ်။ ကျန်းရှင်းကျီက ပြုံးလိုက်ပြီးတော့ သူ့မြင်းပေါ်ကို တက်သွားတယ်။ ကျန်းစုစုရဲ့ မျက်နှာထားက ခဏလောက် ကြက်သေသေသွားပြီးမှ ပြောလိုက်တယ်။
“အမေ သွားရအောင်။”
အမျိုးသမီးတွေက ရထားလုံးတစ်လုံးထဲမှာပဲ စီးရတယ်။ ကျန်းလီက တခြားသူတွေကို စပြီး စကားသွားမပြောရဲဘူး။ ကျန်းတန်ကလည်း ရှက်တတ်တယ်။ ပုံမှန်ဆိုရင် ကျန်းစုစု ဒါမှမဟုတ် ရှယန်တို့က ပတ်ဝန်းကျင်အခြေအနေကို ပြေပြစ်အောင် တစ်ခုခုစပြီးတော့ ပြောမှာဖြစ်ပေမဲ့ ဒီနေ့တော့ ရှယန်က စိတ်အနှောက်အယှက်မဖြစ်စေတော့ဘူး။ အထူးသဖြင့် ကျန်းသခင်မကြီး စိတ်တိုတာခံရပြီးတော့ပေါ့။ ကျန်းစုစုကလည်း တိတ်ဆိတ်နေတယ်။ ကျန်းယွမ်က ဒီကိစ္စကို သိပ်ပြီး အာရုံမစိုက်ဘဲ သူမလက်နဲ့ မေးကိုထောက်ပြီးတော့ သူမရဲ့ ပန်းထိုးထည်ကိုပဲ ငေးကြည့်နေတယ်။
ရှယန်ရဲ့ မျက်နှာထားက မာတောင့်သွားတယ်။ သူမက လခြမ်းကွေးပုံစံ ပယင်းနားကပ်ကို ဝတ်ဆင်ထားတာဖြစ်တယ်။ ဒါ့အပြင် သူမက ကျန်းရှင်းကျီက နန်းတွင်းထဲမှာ ဧကရာဇ်ရဲ့ ဆုလာဘ်ကို အတိုင်းမသိ ထင်ပေါ်ကျော်ကြားမှုနဲ့ ရယူရမှာဖြစ်ပေမဲ့ ကျန်းချောင်ကတော့ တုန်လှုပ်ချောက်ချားစွာ အိပ်နေရတယ်။ အဲဒါကို တွေးလိုက်တာနဲ့ သူမ ဒေါသထွက်တာကလွဲပြီး ကျန်တာ ဘာမှ မခံစားရဘူး။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now