M Link မှ ဖတ်ရန်
Descriptionတွင်ကြည့်ပါအခန်း-၄
တရုတ်နှစ်သစ်ကူး ပထမဆုံးနေ့ရဲ့ မနက်ခင်းမှာ ဝါးဗြောက်အိုး ဖောက်သံတွေကို အိမ်ရဲ့ အပြင်ဘက်က လမ်းတွေပေါ်မှာ ကြားနေရတယ်။ အိမ်က ကလေးတွေက တစ်ယောက်ပြီးတစ်ယောက် နှစ်သစ်ကူးကြိုဆိုခြင်း အခမ်းအနားအတွက် ဗြောက်အိုးတွေကို ဖောက်ဖို့ ပြင်နေကြတယ်။ ဝါးဗြောက်အိုးတွေ ဖောက်ပြီးတော့ မြေပြင်တစ်ခုလုံးက ပန်းထိုးထားတဲ့ ဘရိုကိတ်အထည်လိုမျိုး အနီရောင်တွေ ပြည့်နှက်သွားပြီး သူတို့ရဲ့ဘဝမှာ အောင်မြင်မှုနဲ့ ကြီးပွားချမ်းသာမယ်လို့ သွယ်ဝိုက်ညွှန်းဆိုသယောင်။
အိမ်တစ်ခုလုံးက အလုပ်စရှုပ်လာတယ်။ ကျန်းယွမ်နဲ့ သူ့အစေခံတွေကို မေ့သွားတာလား ဒါမှမဟုတ် တမင်သက်သက်လား ဆိုတာမသိဘူး။ နှစ်သစ်ကူး ညစာစားပွဲ ပြီးတော့ သူတို့အိမ်ကို ဘယ်သူမှ လာလည်ဖို့ စိတ်မဝင်စားတာ မယုံနိုင်စရာပဲ။
ပိုင်ကျီက တံခါးနားက မီးသွေးဖိုကို ဖိုနေတယ်။ အသက်ရှူကျပ်စေမယ့် မီးခိုးတွေကို ယပ်ခပ်ထုတ်နေရင်း သူမ ကိုယ်တစ်ဝက်က အဝင်ဝကို ပိတ်ထားတယ်။ နေရောင်က ပြတင်းပေါက်ကို ဖြတ်လာရင်တောင် အိမ်က နည်းနည်းလောက်ပဲ နွေးထွေးနိုင်တယ်။ ဒီအိမ်က ခြံဝင်းအစွန်းမှာ ရှိပြီး ယိုယွင်းနေလို့ လေတွေ စိမ့်ဝင်ပြီး နဲ့ မိုးရေတွေက တစ်နှစ်လုံး ခေါင်မိုးကနေ ယိုကျနေတယ်။ လယ်ကြွက်တွေက တစ်ခါတလေ အိမ်ထဲမှာ ခုန်ပေါက်နေတယ်။ အိမ်တော်က ပေးထားတဲ့ စောင်တွေက နဂိုကတည်းက သေးတယ်။ အဲဒါအပြင် အများစုက မသုံးနိုင်လောက်အောင် ကြွက်တွေကိုက်တာ ခံထားရသေးတာ။ ပိုင်ကျီ သက်ပြင်းချလိုက်ပြီး အိပ်ရာပေါ်မှာ စောင်လေးပတ်ပြီး ထိုင်နေတဲ့ ကျန်းယွမ်ကို မကြည့်ဘဲ မနေနိုင်ခဲ့ဘူး။
ကျန်းယွမ် လက်ရာကြမ်းတမ်းတဲ့ အညိုရောင်မှီအုံးပေါ်မှာ ရင်ဘတ်ပေါ်ထိ စောင်ခြုံထားပြီး အတွေးနက်နေရင်း ခေါင်းကငိုက်ကျနေတယ်။ သူမကို ဒီအိမ်ပို့ခဲ့တာ လေးနှစ်တောင် ရှိလေရဲ့။ ကျန်းလန်မိသားစုက သူမကို သူမရဲ့ ပုံမှန်အဝတ်အစားနဲ့ အစားအစာကို ပိတ်ပင်ထားတာကြောင့် သူမက အခြားမိန်းကလေးတွေထက် နောက်ကျမှ အရွယ်ရောက်တာ။ သူမဆံပင်က ခြောက်နေပြီး ဝါကျင်ကျင် ဖြစ်နေတယ်။ အခုအချိန်မှာ နေရောင်ခြည်က ပြတင်းပေါက်ကနေ သူမ ဆံနွယ်တွေပေါ် ဖြာကျနေပြီး တောက်ပပေါ်လွင်နေတယ်။ သူမရဲ့နှုတ်ခမ်းက ပုံမှန်ထက်ပို ကျန်းမာတဲ့အရောင် ရှိနေပြီး သူမရဲ့ မျက်နှာကို သိမ်သိမ်မွေ့မွေ့နဲ့ သေသေချာချာ ဖော်ပြနေတယ်။ သူမက တိတ်ဆိတ်စွာ ထိုင်နေရင်း အရင်ကထက်တောင် ပိုလို့ သိသိသာသာ တိတ်ဆိတ်လာပြီး လူစိမ်းတစ်ယောက်အဖြစ် ပြောင်းလဲသွားသလိုပဲ။
ပိုင်ကျီက မီးသွေးမီးဖိုထဲက ထင်းကို ကစားနေတယ်။ မနေ့တုန်းက လန်ချောင်က သူမကို ကျူးရင်ရဲ့ဖြစ်ရပ်တွေ အကုန်လုံး ပြန်ပြောပြတာကို သတိရသွားတယ်။ ဇာတ်လမ်းအဆုံးမှာ သူမ တွေးမိတာက။
“ငါတို့ သခင်မလေး တစ်ခုခုမှားနေပြီလို့ ငါ ဘာလို့ ခံစားနေရတာလဲ။ ဒီရုတ်တရက် ပြောင်းလဲတာက သူမရဲ့ အကျင့်ကို ကွဲလွဲစေတယ်။ အတိတ်က သူမရဲ့ သည်းခံတတ်တာက လှည့်စားတာ ဖြစ်နိုင်လား”
ပိုင်ကျီ သူမကို ဘယ်လို ဖြေရမှန်းမသိဘူး။ တကယ်ဆိုရင် လန်ချောင်ပြောတာ မှန်တယ်။ ကျန်းယွမ် အများကြီး ပြောင်းလဲသွားတယ်။ သူ့မရဲ့ ကိုယ်ပိုင်အစေခံတွေ ဖြစ်လို့ အဲဒါက သူမတို့နှစ်ယောက်လုံးအတွက် သိသာနေတာ။ သူမက လွန်ခဲ့တဲ့ လေးနှစ်ကတည်းက အိမ်ကို ပို့ခံခဲ့ရပြီး ကျန်းလန်မိသားစုက သူမအတွက် ခက်ခဲအောင် လုပ်လို့ ကျန်းယွမ် တစ်ခါတလေ ငိုတတ်တယ်။ တဖြည်းဖြည်းနဲ့ သူမ မငိုတော့ဘဲ သူတို့ ပြုမူတာကို တိတ်ဆိတ်စွာ လက်ခံခဲ့ရတာ။ ဝမ်းနည်းမှုက သူမနှလုံးသားကို ထိုးနှက်နေတာကြောင့် သူမ ပိုပြီး ကြောက်တက်ပြီး အထီးကျန်လာတယ်။ မနေ့က သူမ ကျူးရင်နဲ့ ဆက်ဆံတဲ့အခါ သူမရဲ့ အမူအရာက လူသစ်တစ်ယောက်လို ဖြစ်သွားလိုမျိုး။ ပိုင်ကျီစိတ်ထဲမှာ သံသယတွေ ဝင်လာပြီး တစ်ယောက်ယောက်ရဲ့ အမူအကျင့်က ပြင်းထန်စွာ ဖျားပြီးနောက်ပိုင်း ပြောင်းလဲသွားတတ်သလားလို့ တွေးနေမိတယ်။
ကျန်းယွမ်က သူတို့သခင်မ ဖြစ်နေတာကြောင့် ပြောင်းလဲတာကို ဂရုမထားဘူး။ ကျန်းယွမ်ရဲ့ လက်ရှိ သဘောထားက အတိတ်ကနဲ့ မတူတော့တာကတောင် ကောင်းချီးပေးတာ ဖြစ်နိုင်တယ်။ သူမ အတွေးထဲ နက်နေတဲ့အချိန် လန်ချောင်က ဆီစိမ်စက္ကူနဲ့ ထုတ်ထားတဲ့ အထုတ်တစ်ထုပ်ကို သယ်လာပြီး မီးသွေးမီးဖိုနဲ့ တိုက်မိတော့မလိုပဲ။
“နည်းနည်းပါးပါး ဂရုစိုက်ပါအုံး” ပိုင်ကျီက အပြစ်ပြောလိုက်သည်။
“နင်ဘာလို့ စိတ်မြန်လက်မြန် လုပ်နေတာလဲ”
“ငါ နှစ်သစ်ရဲ့ ကုန်ပစ္စည်းလေးတွေ သွားဝယ်လာတယ်”
လန်ချောင်က ဆူခံရလို့ စိတ်မဆိုးဘဲ နဂိုအတိုင်း ပျော်ရွှင်စွာ ပြုံးနေတယ်။ အိမ်ထဲကို ဝင်သွားပြီး ဆီစိမ်စက္ကူနဲ့ ထုတ်ထားတဲ့ အထုပ်ကို ဖြည်လိုက်ပြီး ကျန်းယွမ်ကို ပြောလိုက်တယ်။
“သခင်မလေး စားပါအုံး နွေဦးကိတ်မုန့်တွေက ပူနေတုန်းပဲ”
နွေဦးကိတ်မုန့်..။
ပိုင်ကျီ ခေါင်းခြောက်သွားတယ်။
“နင် ဒါတွေကို ဘယ်ကရတာလဲ”
သေချာသလောက်ကတော့ ကျန်းလန်မိသားစုက ဒီလောက်ကြင်နာတတ်မှာ မဟုတ်ဘူး။ ပြီးတော့ အခုရက်ပိုင်းမှာ ချန်ကျောက်နဲ့အဖြစ်အပျက်ကြောင့် ကျန်းလန်က ကျန်းယွမ်ကို မကျေမနပ် ဖြစ်နေသေးတာ။ အစေခံတွေတောင်မှ ပြဿနာထဲ ဆွဲထည့်ရခံမှာ ကြောက်လို့ သူတို့နဲ့ မပတ်သတ်ရဲဘူး။ ပြီးတော့ သူတို့ဆီမှာလည်း မုန့်ဝယ်ဖို့ ပိုက်ဆံမရှိဘူး။
“အရေးကြီးတဲ့ ဧည့်သည်တစ်ယောက်က အိမ်ကို ရောက်လာမယ် ထင်တယ်။ အရင်ရက်နည်းနည်းကတည်းက အကုန်လုံးက အဲကိစ္စနဲ့ အလုပ်များနေကြတာ။ သူတို့ မုန့်တွေ အများကြီး လုပ်ထားကြတယ်။ ငါက မီးဖိုချောင်မှာ အသစ်ရောက်လာတဲ့ ပိုင်ဟယ်နဲ့ နည်းနည်းသိတော့ သူ့ဆီကနေ နည်းနည်းတောင်းလာတာ”
လျန်ချောင်က ပြုံးလိုက်တယ်။
“ငါတို့က ခက်ခဲတယ် ဆိုပေမဲ့ နှစ်သစ်ကူးကိုတော့ လုပ်နိုင်ပါသေးတယ်။ သခင်မလေး ကြည့်ပါအုံး ကျွန်မမှာ ဒါလေး နည်းနည်း ရှိသေးတယ်”
လျန်ချောင်က ကြေးပြားလေးများ တွယ်ဆက်ထားသော လက်ကောက်ကို သူမအင်္ကျီလက်ထဲကနေ ထုတ်လိုက်တယ်။
“ကျွန်မ ပြန်လာခဲ့တဲ့ အချိန် ဒါကို နိမိတ်ကောင်းတွေ ဖိတ်ခေါ်ဖို့ ဆယ်ပြားနဲ့ ဝယ်လာခဲ့တာ။ ဒါကြောင့် ဒီနှစ်တော့ အရာရာတိုင်း ချောမွေ့နေမှာပဲ”
ပိုင်ကျီက ဟက်ဟက်ပက်ပက် ရယ်မောလိုက်တယ်။
“ငါတို့က နိမိတ်ကောင်းတွေကို ဖိတ်ခေါ်ဖို့ လက်ကောက် ဘာလို့လိုတာလဲ။ အဲလိုသာဆို လာမဲ့နှစ်မှာ ငါတို့သခင်မလေး ကံကောင်းဖို့ ငါတို့ ဆုတောင်းလို့ ရမှာလား”
“ကံကောင်းဖို့ ဆုတောင်းတာက ဘာမှားလို့လဲ” လျန်ချောင်က ပြောလိုက်တယ်။
“မင်းမှာ ငွေသာရှိရင် နတ်ဆိုးကိုတောင် ကြိတ်ဆုံလှည့်ခိုင်းလို့ရတယ်။ ချမ်းသာတာက ဘာမှားလို့လဲ။ ငါတို့မှာသာ ငွေရှိရင် ဒီလူတွေ ငါတို့ သခင်မလေးကို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူးလို့ ငါပြောရဲတယ်”
ပိုင်ကျီက လျန်ချောင်ကို သတိပေးသလို ကြည့်လိုက်ပြီးတော့ ကျန်းယွမ်ရဲ့အခြေအနေကို မပြောဖို့ အချက်ပြလိုက်တယ်။ လျန်ချောင်က မပြောသင့််တာကို ပြောမိမှန်း သတိရသွားပြီး ပါးစပ်ကို မြန်မြန် သတိထားလိုက်တယ်။ သူမက ကျန်းယွမ်ကို ဂရုတစိုက် ကြည့်လိုက်တယ်။
ဒါပေမဲ့ ကျန်းယွမ်က သူမခေါင်းကိုသာ ယမ်းလိုက်ပြီး အိပ်ရာပေါ်က ဆင်းဖို့ စောင်ကို ဖယ်လိုက်တယ်။ လျန်ချောင်က သူမကို မြန်မြန် ကူညီတာပေါ့။ ကျန်းယွမ်က စားပွဲဆီကို လျှောက်သွားပြီးတော့ ထိုင်လိုက်တယ်။ စားပွဲပေါ်က လက်ကောက်လေးကို ကြည့်လိုက်ပြီး သူမလက်ကောက်ဝတ်မှာ ဝတ်လိုက်လေရဲ့။ သူမက အဲဒါကို ပြပြီး ပြောတယ်။
“ငါ အတိတ်နိမိတ်ကောင်းတွေကို ဖိတ်ခေါ်သင့်တယ်”
လျန်ချောင်ရဲ့ နှလုံးသားက နာကျင်သွားတယ်။ သူမရဲ့ နှလုံးသားထဲမှာ အိမ်တော်ကြီးတစ်ခုက ဘယ်သမီးများကများ နှစ်သစ်ကူးအသုံးအဆောင် လက်ဝတ်ရတနာတွေ မရှိတာ ရှိရဲ့လားလို့ တွေးမိသွားတာ။ ဒါပေမဲ့ သူမတို့သခင်မလေးက ဆယ်ပြားပဲကုန်တာ ကြေးဒင်္ဂါးလက်ကောက်လေးပဲ ဝတ်ထားနိုင်တယ်။ အဲဒါမျိုးက သာမန်အိမ်တွေမှာတောင် ဝယ်တဲ့အရာမျိုး မဟုတ်ဘူး။ သူမ မျက်လုံးထဲက နာကျင်မှုတွေကို ဖုံးထားဖို့ မျက်နှာလွဲလိုက်ရတာပေါ့။ လျန်ချောင်က ပြုံးလိုက်ပြီး၊
“သခင်မလေး နွေဦးကိတ်မုန့်ကိုလည်း စားသင့်တယ်”
ကျန်းယွမ် ခေါင်းယမ်းလိုက်တယ်။
“ငါ မစားချင်ဘူး။ မင်းတို့စားလို့ရတယ်”
သူမက ခဏရပ်လိုက်ပြီးမှ ဆက်ပြောလိုက်တယ်။
“ငါ့မှာ မင်းတို့ကို ဆုချဖို့ ပိုက်ဆံ မရှိဘူး။ ငါနဲ့အတူ ဒီအိမ်ကို လိုက်လာလို့ ဒီလေးနှစ်အတွင်း မင်းတို့ တော်တော်လေး ဒုက္ခရောက်ခဲ့မှာပဲ။ ကံကောင်းစွာနဲ့ ဒီနှစ်ကစလို့ ငါတို့ ဒုက္ခခံစရာ မလိုတော့ဘူး”
“ဟုတ်တယ် ဟုတ်တယ်”
ပိုင်ကျီ မြန်မြန် ပြောလိုက်တယ်။
“ဒီနှစ်မှာ သခင်မလေးက သေချာပေါက် ကံပိုကောင်းလာပြီ။ အရာအားလုံး ချောမွေ့နေမှာ”
သူမရဲ့စကားတွေကို ပိုင်ကျီက အထင်လွဲသွားမှန်း ကျန်းယွမ် သိတာပေါ့။ ဒါပေမဲ့ သူမက အများကြီး မရှင်းပြတော့ဘဲ အပြင်ကိုပဲ ငေးကြည့်နေလိုက်တယ်။
“အပြင်မှာ ရာသီဥတုသာယာနေတယ်။ လမ်းသွားလျှောက်ရအောင်”
ပိုင်ကျီနဲ့ လန်ချောင်တို့ အချင်းချင်း အံ့ဩစွာ ကြည့်လိုက်ကြတယ်။ ပုံမှန်ဆိုရင် သူမမှာ လုပ်စရာ အိမ်အလုပ်တွေ ရှိမနေရင် ကျန်းယွမ်က အပြင်ထွက်ပြီး လမ်းလျှောက်ဖို့ ဆန္ဒမရှိဘူး။ အိမ်ထဲမှာ ရှိတဲ့ အစေခံတွေက သူတို့ကို မြင်တိုင်း လှောင်တတ်ကြတယ်။ လန်ချောင်က သူတို့ထဲက အချို့ကို ရဲရဲရင့်ရင့် တုံ့ပြန်နိုင်ပေမဲ့ အဲဒါက အကုန်လုံးကိုတော့ မဟုတ်ဘူး။ ကျန်းယွမ်က တဖြည်းဖြည်းနဲ့ လူတွေကို ရှောင်တတ်လာပြီးတော့ သူ့အိမ်ထဲမှာပဲ အမြဲတမ်း နေတော့တာ။
“ကောင်းပြီ ကောင်းပြီ”
လန်ချောင် သေတ္တာကို အပြုံးတွေနဲ့ လှန်လှော်လိုက်တယ်။
“သခင်မလေး ဘာဝတ်ချင်လဲ”
ကျန်းယွမ် သူ့ကိုယ်သူ မရယ်ဘဲ မနေနိုင်။ တကယ်တော့ သူမ ဘာအဝတ်ကိုပဲ ဝတ်ဝတ် အရေးမကြီးဘူး။ သူမ ဒီကျေးလက်အိမ်ကို ရောက်စတုန်းက သူမရဲ့အဝတ်တွေနဲ့ အသုံးအဆောင်တွေကို ကျန်းလနနဲ့ ချန်ဖန်းတို့က လှည့်စားပြီးတော့ ရယူသွားခဲ့ကြတာ။ အဆုံးမှာတော့ သူတို့က သူမအတွက် အဝတ်ကောင်လေးတစ်စုံတောင် မချန်ထားခဲ့ကြဘူး။ အားလုံးကို စုတ်ပြတ်ဟောင်းနွမ်းတဲ့ အကြမ်းထည်ဝတ်စုံတွေနဲ့ပဲ အစားထိုးခဲ့ကြတယ်။ ပုံပန်းသဏ္ဌာန်နဲ့ ကုန်ကြမ်းတွေကပဲ ဆိုးတာ မဟုတ်ဘဲ အပေါ်ဝတ်တွေရဲ့ ချည်သားကလည်း နည်းပြီးတော့ အအေးဓာတ်က်ိုတောင် မကာနိုင်ဘူး။
“နင်ပဲရွေးလိုက်ပါ”
ကျန်းယွမ်က ပြောလိုက်တယ်။
လန်ချောင်နဲ့ ပိုင်ကျီတို့ အချိန်အတော်ကြာအောင် ရွေးပြီးနောက်မှာ အစိမ်းရောင်ချည်သားနဲ့ ချုပ်ထားတဲ့ ချည်သားအင်္ကျီအဟောင်းတစ်ထည်ကို ရလာခဲ့တယ်။ အောက်မှာတော့ ပိုင်ကျီပြင်ပေးထားတဲ့ ချောင်နေတဲ့ အဝါဖျော့ရောင် ဂါဝန်ကိုဝတ်ထားလိုက်တယ်။ အပြင်မှာတော့ ရှည်လျားတဲ့ အညိုရောင်အပေါ်ရုံကို ကျန်းယွမ်က ဝတ်ဆင်လိုက်တယ်။ သိမ်မွေ့တဲ့ဆံပင်ပုံစံက ဝတ်စုံနဲ့ မလိုက်မှာစိုးလို့ ပိုင်ကျီက သူမကို လိုက်ဖက်မဲ့ ရိုးရှင်းတဲ့ ဖက်ထုပ်ပုံဆံပင်ပုံစံကို ပြင်ပေးလိုက်တယ်။ ဒီအဝတ်အစားက မတောက်ပဘူးဆိုပေမဲ့ ကျန်းယွမ်ရဲ့အသားအရည်နဲ့ ဆို မယဉ်မကျေး မဖြစ်စေဘူး။ ဒါ့အပြင် တည်ငြိမ်နေတဲ့ ကျန်းယွမ်ရဲ့ အမူအရာကြောင့် သူမရဲ့ပုံမှန်သဏ္ဌာန်ကနေ ကွဲပြားနေပြီး တခြားသူတွေက မတူညီတဲ့လူနှစ်ယောက်လို့ မှတ်ထင်သွားနိုင်တယ်။
သုံးယောက်သားက သေချာပြင်ပြီးတဲ့နောက်မှာ အိမ်ထဲကနေ လမ်းလျှောက်ဖို့ ထွက်လာကြတယ်။ လျန်ချောင်က လမ်းမတိုင်းကို လျှောက်ကြည့်ဖို့ အကြံပေးတယ်။ သူတို့ အိမ်ကနေ ထွက်လာတာနဲ့ လူတချို့နဲ့ တန်းတိုးတော့တာပဲ။ အလွန်အမင်း အံ့သြနေတဲ့ လေသံကို ကြားလိုက်ရတယ်။
“ညီမလေးယွမ်”
လန်ချောင်က မျက်ခုံးတွေ ကွေးကုန်တယ်။ ပိုင်ကျီက ကျန်းယွမ်ကို သူမအနောက်မှာ ကာကွယ်ထားလိုက်တယ်။ ကျန်းယွမ်က ခေါင်းမော့လိုက်တော့ တစ်ဖက်လူရဲ့ပုံရိပ်က သူမမျက်လုံးတစ်စုံထဲမှာ ထင်ထင်ရှားရှား ပေါ်လာတယ်။
ဒါက ကျန်းလန်မိသားစုရဲ့ သားအငယ် ချန်ကျောက်ပဲ။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...