Part 27

3.8K 406 5
                                    

အခန်း-၂၇ မြို့တော်သို့ အပြန်လမ်း
နေ့လည်ခင်းမှာ အိမ်ထဲက အစေခံတွေက သေတ္တာတွေ တစ်လုံးပြီးတစ်လုံး
ထုတ်လာတယ်။ သစ်တော်သားနဲ့ လုပ်ထားတဲ့ သေတ္တာနှစ်လုံးထဲမှာ
အကောင်းဆုံး အရည်အသွေးနဲ့ ကောင်းကောင်းဝတ်ဆင်ထားတဲ့
အဝတ်အစားတွေနဲ့ အသုံးအဆောင်တွေ အားလုံး ပြန်ရောက်လာပြီ ဖြစ်တယ်။
ဒါပေမဲ့ ပိုက်ဆံကတော့ ပြန်မရနိုင်ခဲ့ဘူး။ အစေခံတွေက
ကျန်းယွမ်ကို ကြောက်လန့်စွာ ကြည့်ပြီးတော့
“သခင်မလေး ရှာတွေ့တာတွေကို ထားပြီးပါပြီ”
“ကိစ္စမရှိဘူး မင်းတို့ အားလုံး ပြန်နိုင်ပြီ”
ကျန်းယွမ် ခေါင်းခါလိုက်ပြီး ပြောလိုက်တယ်။
ကျန်းလန်ရဲ့ မိသားစုက အခွင့်ထူးတွေကို အမြဲတမ်း ခံစားခဲ့ပေမဲ့ သူတို့ရတဲ့
ပိုက်ဆံတွေက ချန်ကျောက်လက်ထဲကို မိန်းမတွေကို ဆွဲဆောင်ဖို့ ဒါမှမဟုတ်
ချန်ဖု လောင်းကစား လုပ်ဖို့ ယူသွားတာ ဖြစ်တယ်။ အဝတ်အစားတွေနဲ့
အသုံးအဆောင်တွေက ချန်ဖန်းရဲ့ လက်ထဲမှာရှိနေတာ ကျေးဇူးတင်ရမယ်။ မဟုတ်ရင်
အဲပစ္စည်းတွေက အပေါင်ခံရပြီး ပြန်သိမ်းလို့ မရတော့တဲ့
ပစ္စည်းတွေ ဖြစ်သွားမှာ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ပစ္စည်းတွေက ဝတ်လို့
မရတေ့ဘူး။
“ပိုင်ကျီ”
ကျန်းယွမ်က သေတ္တာနှစ်လုံးကို ကြည့်ပြီးတော့ ခေါင်းညိတ်လိုက်တယ်။
“ကျွန်မအမေ ထားခဲ့တာကလွဲရင် ကျန်တာတွေ အကုန်လုံးကို အပေါင်ဆိုင်ကို
သွားရောင်းလိုက်။ ဖြစ်နိုင်ရင် ရောင်းလို့ ရတဲ့ငွေတွေကို ‌တွေကို ငွေစက္ကူနဲ့လဲခဲ့”
“သခင်မလေး” ပိုင်ကျီက အံ့အားသင့်သွားတယ်။
“ဒါတွေ အကုန်လုံးက သခင်မလေးရဲ့ ပစ္စည်းတွေပဲလေ။ သခင်မလေး…”
“သုံးပြီးသား ပစ္စည်းတွေကို ကျွန်မက ဘာလို့ သိမ်းထားရဦးမှာလဲ”
စားပွဲနားမှာ ထိုင်နေပြီးတော့ ကျန်းယွမ်က လက်ဖက်ရည်တစ်ခွက်ကို ကိုယ်တိုင်
ငှဲ့လိုက်တယ်။ ကျန်းလန်ရဲ့ အဖြစ်အပျက်ပြီးတော့ အိမ်ထဲက အစေခံတွေက ကျန်းယွမ်ကို
အရမ်းကြောက်နေကြတယ်။ အခုပို့လိုက်တဲ့ လက်ဖက်ခြောက်တွေကတောင်
ဒီနှစ်မှ လတ်လတ်ဆတ်ဆတ် စိုက်ထားတာတွေ ဖြစ်တယ်။
“ဒါပေမဲ့ သခင်မလေး အဝတ်အစားအချို့ကို သိမ်းထားသင့်တယ်”
ပိုင်ကျီက ပြောလိုက်တယ်။
“နောက်ရက်နည်းနည်းလောက်ကြာရင် ကျွန်မတို့က
မြို့တော်ကို ပြန်ကြရတော့မှာ။ သခင်မလေး ဒီလိုဝတ်သွားရင်
မကောင်းလောက်ဘူး။ သခင်မလေး”
“ကျွန်မက ဒီလိုမဝတ်ရင် အဖေက ကျွန်မကိုယ်စား ဘယ်လိုလုပ် စိတ်ဆင်းရဲ ပေးနိုင်မှာလဲ”
ကျန်းယွမ်က အေးစက်စွာ ဖြေလိုက်တယ်။ သူမရဲ့မျက်နှာက ခံစားချက် ကင်းမဲ့နေ
တုန်းပဲ ဒါပေမဲ့ သူမရဲ့အကြည့်က အေးစက်လာတယ်။
အဲအချိန်မှာ ပိုင်ကျီက ပြောစရာစကား မရှိတော့သလို ဖြစ်သွားပြီး
ဘာပြန်ပြောရမှန်း မသိတော့ဘူး။ သူမ တုံ့ဆိုင်းနေတုန်း လန်ချောင်က တံခါးကို
တွန်းဖွင့်ပြီး ‌ရေဆေးထားတဲ့ သစ်သီးတွေနဲ့ ဝင်လာတယ်။ သူတို့ နှစ်ယောက်ရဲ့
စကားဝိုင်းထဲကို ဝင်ပါလိုက်တဲ့ လန်ချောင်က ပြောလိုက်တယ်။
“အဲဒါအမှန်ပဲ။ တကယ်လို့ သခင်မလေး ဒီအဝတ်တွေကို ဝတ်မယ်ဆိုရင် လက်ရှိအခြေအနေကို
ဂရုမစိုက်ဘဲ လိမ်လို့ မရတော့ဘူး။ အဲဒါက သခင်မလေးကို မခံမရပ်နိုင်အောင်
တုန်လှုပ်စေမှာ မဟုတ်ဘူး။ ပြီးတော့ ပိုင်ကျီ ငါတို့ သခင်မလေးက ဒီအဝတ်တွေနဲ့
မတော်တော့ဘူး ဆိုတာ မမေ့နဲ့ဦး။ ချန်ဖန်းတောင်မှ ဒါတွေ မဝတ်တော့တာကို
နင်လည်း သတိထားမိမှာပါ”
အဲအကြောင်း စဉ်းစားပြီးတော့ ပိုင်ကျီက အလျင်မလိုပဲ ထိုင်လိုက်ပြီး သေတ္တာထဲက
အပေါ်ယံက ပစ္စည်းတွေကို ဂရုတစိုက် ဖယ်ထုတ်နေတယ်။ သူမက လူအချို့ကို ရှာပြီး
ကျန်သေးတဲ့ အဝတ်တွေကို ဖယ်လိုက်ပြီး သယ်သွားခိုင်းတယ်။ ဒါမှ သူတို့
အပေါင်ဆိုင်ကို ပစ္စည်းတွေ သယ်သွားပြီးတော့ ငွေစက္ကူနဲ့ လဲလို့ရမှာ ဖြစ်တယ်။
ပိုင်ကျီ ထွက်သွားတဲ့အထိ စောင့်ပြီးတော့ သူမက စာအုပ်အချို့ကို သေတ္တာထဲ
ထည့်လိုက်တယ်။ လန်ချောင်က မသေချာမရေရာ ဖြစ်ပြီး ပြောလိုက်တယ်။
“သခင်မလေး ဒီနေ့ ဒီအစေခံက အပြင်သွားနေတုန်း တစ်ခုခုကြားခဲ့တယ်”
ဒါပေမဲ့ လန်ချောင်က ဆက်မပြောလိုက်ရဘဲ အပြင်ကနေ တစ်ယောက်ယောက်က
တံခါးကို ဆောင့်ဖွင့်လိုက်သံကို ကြားလိုက်ရတယ်။ ချန်ဖန်းက စိတ်ဆိုးမာန်ဆိုး
ဝင်ပြီးတော့ စတင် ဆူပူ စွပ်စွဲတော့တယ်။
“သခင်မလေး ဘာလို့ ကျွန်မရဲ့အမေကို ဒီလို လုပ်ရက်တာလဲ”
“ရဲတင်းလိုက်တာ”
ပြောပြီးတာနဲ့ လန်ချောင်က မတ်တပ်ရပ်ပြီး သူမဆီကို သွားလိုက်တယ်။
“မင်းကို သခင်မလေးရှေ့မှာ ရုတ်ရုတ်သဲသဲ ဖြစ်အောင် ဘယ်သူက
လုပ်ခွင့်ပေးထားလို့လဲ”
တုန်လှုပ်ခြင်းမရှိဘဲ ချန်ဖန်းက အကျယ်ကြီး ပြောလိုက်တယ်။
“သခင်မလေး ကျွန်မက သခင်မလေးကို အိမ်ရဲ့သခင်မလေးအဖြစ် လေးစားခဲ့တယ်။
သခင်မလေး ဒီကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရောက်လာပြီးတော့ ကျွန်မအမေက
သခင်မလေးကို ကောင်းကောင်း အလုပ်အကျွေး ပြုခဲ့တယ်။ ကျွန်မ
အမေကြောင့်သာ မဟုတ်ရင် သခင်မလေး ဒီနေ့ ဒီနေရာမှာ ဘယ်လိုလုပ် ရှိနေမှာလဲ။
ကျွန်မအစ်ကိုကလည်း သခင်မလေးကို ကောင်းကောင်း ဆက်ဆံခဲ့တာပဲ။ သခင်မလေး
ဘယ်လိုလုပ်ပြီး အစ်ကိုကို ချောက်ချပြီး အကျဉ်းကျစေခဲ့တာလဲ။ သခင်မလေးက
တကယ်ရက်စက်တာပဲ”
“မင်း ဘာမဟုတ်တာတွေ ပြောနေတာလဲ”
လန်ချောင်က စိတ်တိုစွာ ပြောလိုက်တယ်။
“ချောက်ချတယ်ဆိုတာ မင်းဘာကို ဆိုလိုတာလဲ။ ချန်ကျောက်က သူ့ရဲ့ အပြုအမူအတွက်
သူ့ကိုယ်သူပဲ ပြန်အပြစ်တင်ခံရမှန်း သိသာနေတာပဲကို။ မင်းက ငါတို့ရဲ့သခင်မလေးကို
သက်သေထွက်ဆိုချက် အမှားတွေ ထွက်ဆိုခဲ့တယ်လို့ ပြောချင်တာလား”
“လန်ချောင်”
ကျန်းယွမ်က သူမကို ဆက်မပြောဖို့ တားလိုက်တယ်။ ပြီးတော့ ချန်ဖန်းကို
ကြည့်ပြီး ပြုံးလိုက်တယ်။
“မိန်းကလေးချန်း မင်းက အဓိကအချက်ကို ကျော်သွားတာပဲ။ ချန်ကျောက်ကို
အကျဉ်းကျစေတာ မင်းပဲ မဟုတ်လား”
“မင်းဘာပြောဖို့ ကြိုးစားနေတာလဲ”
ချန်ဖန်းက မျက်မှောင်ကြုတ်လိုက်တယ်။
“မိန်းကလေးချန် မင်းက ငါ့ကို ညဘုရင်မကြည့်ဖို့ ဖိတ်ခဲ့တာကို မေ့သွားတာလား”
ကျန်းယွမ် လက်ဖက်ရည်ခွက်ကို ကိုင်လိုက်ပြီး လက်ဖက်ရည်ပေါ်မှာ မျောနေတဲ့
ပူပေါင်းလေးတွေကို မှုတ်ထုတ်လိုက်ပြီး တစ်ကျိုက် သောက်လိုက်တယ်။
“မင်းအစ်ကိုနဲ့ ချိုက်ရင်းအကြောင်း ပြောရရင် သူတို့ရဲ့ကံကြမ္မာက
ပန်းအိုးတစ်အိုးကြောင့် ရောယှက်သွားတာ ဖြစ်နိုင်တယ်”
အစမှာတော့ ချန်ဖန်းက ကျန်းယွမ်ပြောတာကို အပြည့်အဝ နားမလည်ခဲ့ဘူး။ 
သူမ နောက်ဆုံးစကားကို ကြားပြီးနောက် သူမက လန့်သွားပြီး
မယုံသလို ပြောလိုက်တယ်။
“မင်း ဒါတွေ အကုန်လုံးကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမလား။ ချိုက်ရင်း သေဆုံးတာက
မင်းလုပ်တာလား”
“မင်းဘယ်လိုထင်လဲ”
ကျန်းယွမ်က မေးလိုက်တယ်။
“မဖြစ်နိုင်ဘူး။ ဒါ မဖြစ်နိုင်ဘူး…”
ချန်ဖန်းက သူမကို ကြောက်ရွံ့စွာ ကြည့်လိုက်တယ်။
“မင်း ချိုက်ရင်းကို အဲကို မျှားခေါ်ခဲ့ရင်တောင် နောက်ဘာဖြစ်မယ်ဆိုတာ
မင်းဘယ်လိုလုပ်သိမှာလဲ။ မင်းက မကောင်းဆိုးဝါးတစ်မျိုး မဟုတ်ရင် ဒီလိုမျိုး
အရာရာကို ကြိုတင်ပြင်ဆင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
“ငါက မကောင်းဆိုးဝါးပဲနေမှာ မဟုတ်ရင် ငါ မင်းကို
ဘယ်လိုလုပ်ပြီး ပြောနိုင်မှာလဲ။ သူက မင်းအစ်ကိုကို ထိခိုက်စေပြီး မင်းအစ်ကိုက
မင်းအမေအတွက် ပြဿနာ ဖန်တီးပေးသွားတာ။ အဲဒါကြောင့် မင်းငါ့ကို
အပြစ်တင်စရာ အကြောင်းမရှိဘူး”
ဒါကို ပြောပြီးတော့ ကျန်းယွမ်က ပြုံးလိုက်တယ်။ လက်ဖက်ရည်ပူပူက သူမရဲ့
နှုတ်ခမ်းကို အနီရောင်သမ်းစေပြီး စိုစွတ်စေတယ်။သူမရဲ့ အနက်ရောင်ဆံနွယ်နဲ့
နှင်းလို ဖြူဖွေးတဲ့ အသားအရည်နဲ့ သူမနှုတ်ခမ်းပေါ်က အပြုံးက
ဆွဲဆောင်မှုအားကောင်းစေတယ်။
ခဏတာဆွံ့အသွားပြီးနောက် ချန်ဖန်းက ခေါင်းကို
ခါယမ်းလိုက်ပြီးတော့ ပြောလိုက်တယ်။
“မဟုတ်ဘူး။ ငါ ဒါကို မယုံနိုင်ဘူး။ မဖြစ်နိုင်ဘူး…”
သူမရဲ့ အကြောက်တရားက ထွက်ပေါ်လာပုံရတယ်။ သူမ ချက်ချင်း
ထွက်ပြေးသွားတော့တယ်။
လန်ချောင်က မျက်ခုံးတွန့်လိုက်ပြီး ပြောလိုက်တယ်။
“သူမက ရယ်စရာကောင်းတယ်။ သူမ‌ နေ့တိုင်း ဝတ်နေစားနေတာတွေက
သခင်မလေးနဲ့ မဆိုင်တာမရှိဘူး။ သခင်မလေးကို ဒီလိုပြောနေတာ သူမမှာ
အဓိပ္ပာယ်မရှိတာတွေ ပြောဖို့ သတ္တိရှိသေးတယ်။ ထင်ထားတဲ့အတိုင်းပဲ သူ့မှာ
အသိတရားမရှိဘူးပဲ။ တော်တော်ရွံ့စရာ ကောင်းတာပဲ”
ကျန်းယွမ်ကပြောလိုက်တယ်။
“သူမ လက်စားချေတာ ခံရပြီးပြီမလား။ ဒီကမ္ဘာပေါ်မှာ ရှိတဲ့အရာရာတိုင်းက
အကြောင်းတရားနဲ့ အကျိုးတရားရဲ့ သက်ရောက်မှု ရှိတယ်။ ဒီအချိန်မှာ
ကျန်းလန်မိသားစုက သူတို့ အတိတ်မှာ အမှားတွေကြောင့် သူတို့ရဲ့ ထိုက်တန်တာ
သူတို့ရပြီးပြီ”
လန်ချောင်က ရယ်လိုက်တယ်။ “သခင်မလေး ဒါက သခင်မလေးက ထက်မြက်လို့ပါ။ သူ
ဘယ်လောက် လန့်သွားလဲဆိုတာ ကြည့်ပါဦး။ ကျွန်မတို့ရဲ့ သခင်မလေးက
သိပ်အမြော်အမြင် ရှိတာပဲ”
ကျန်းယွမ်က ရယ်လိုက်တယ်။ သူမရဲ့ အတိတ်ဘဝမှာ  သူမက စိတ်ဆင်းရဲပြီး ခိုကိုးရာမဲ့နေတဲ့
အချိန်တွေမှာ သူမကို ထိခိုက်စေတဲ့သူတွေ ဆီကနေ သင်ယူခဲ့တဲ့ အရာတစ်ခုက
သည်းခံခြင်းဖြစ်တယ်။ သူမကို လျှို့ဝှက်ပူးပေါင်း ကြံစည်တာတွေကို
တတ်နိုင်သမျှ ဖြည်းဖြည်းချင်း အစီအစဉ်ဆွဲပြီး ဒီလိုကြိုးစားတာတွေကို
ဟန့်တားခဲ့တယ်။ ဒီအရာတွေ အကုန်လုံးက သူမအတွက် အပြစ်ကင်းစွာ
လုပ်ဆောင်ခဲ့ပုံရတယ်။ အရင်တုန်းက ဘယ်လိုလဲဆိုတာ စဉ်းစားပြီးတော့
သူမက မေးလိုက်တယ်။
“ခုနက ဘာပြောချင်ခဲ့တာလဲ”
“ဒါက..”
လန်ချောင်က သူမရဲ့ နှုတ်ခမ်းတွေကို ကိုက်လိုက်တယ်။
“အပြင်မှာ သခင်ကြီးနဲ့ ပတ်သတ်တဲ့ ကောလာဟလတွေ ပြန့်နေတယ်။
သူတို့က သခင်ကြီးက သူ့အိမ်ကို တင်းတ်င်းကျပ်ကျပ် မအုပ်ချုပ်နိုင်ကြောင်း နဲ့ သူ့ရဲ့
တရားဝင်ဇနီးက မွေးထားတဲ့သမီးကို အခြားအိမ်မှာရှိတဲ့ အစေခံတွေ
အနိုင်ကျင့်တာကို လျစ်လျူရှူထားတယ် ဆိုပြီး ပြောနေကြတယ်”
ပြီးတော့ သူမက ကျန်းယွမ်ရဲ့ တုံ့ပြန်မှုကို သတိထားပြီး အကဲခတ်လိုက်တယ်။
ကျန်းယွမ်က နည်းနည်း ပြုံးလိုက်ပြီးတော့ ပြောလိုက်တယ်။
“အဲလိုလား”
တကယ်လို့ မြို့က ဒီသတင်းကြောင့် စိတ်လှုပ်ရှားတဲ့ အခြေအနေ ဖြစ်နေရင်
မြို့တော်မှာဆိုရင် ဒီကိစ္စက ပြင်းပြင်းထန်ထန် ဆွေးနွေးကြတဲ့
ပျင်းရိဖွယ် ခေါင်းစဉ်ကြီးတစ်ခု ဖြစ်လာလိမ့်မယ်။
အကုန်လုံးက ဝန်ကြီးကျန်းက သူ့ရဲ့ အကြင်အနာမဲ့တဲ့ နှလုံးသားကို
သဘောကောင်းခြင်းနောက်မှာ ဖုံးကွယ်ထားတယ်ဆိုပြီး ပြောနေကြတယ်။
သူတို့က ဖြောင့်မတ်ပြီး ထက်မြတ်တဲ့ ကျန်းမိသားစုက သမီးလေးအတွက်
စိတ်မကောင်း ဖြစ်နေကြတယ်။ ကျန်းမိသားစု တရားဝင်နေထိုင်တဲ့ နေရာမှာတော့
အဝင်ပေါက်က တင်းတင်းကျပ်ကျပ်ပိတ်ထားလို့ အစေခံ ကောင်မလေးက
အပြင်ကို ဈေးဝယ်ဖို့တောင် မထွက်နိုင်ဘူး။
ကျန်းအိမ်တော်မှာ ကျန်းချွမ်က သူ့လက်ထဲက စာစောင်ကို စားပွဲပေါ်
လွှင့်ပစ်လိုက်တယ်။ သူ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး
ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်တယ်။
“လူယုတ်မာ”
“သခင်ကြီး”
ဖယောင်းပန်းပင်ပေါ်မှာ လိပ်ပြာပေါင်းရာချီ ပျံဝဲနေတဲ့ပုံ ပန်းထိုးထားပြီး
ပါးလွှာတဲ့ နှင်းဆီရောင်အင်္ကျီကို ဝတ်ဆင်ထားတဲ့ သူ့ရဲ့မိန်းမက တံခါးကို
တွန်းပြီး ဝင်လာတယ်။ မိုးပြာရောင် အပေါ်ရုံကို ရောင်စုံပိုးချည်တွေနဲ့
ချုပ်ထားပြီး သူတို့အပေါ်မှာ သားမွေးအဖြူ ဒီဇိုင်းနဲ့ ချုပ်ထားတယ်။
သူမရဲ့ အောက်ပိုင်း အဝတ်အစားက ပြန့်ကျဲနေတဲ့ ပန်းပွင့်တွေပါတဲ့ ကျောက်စိမ်း
တိမ်တိုက်ဘရိုကိတ်ထပ်တွန့် ပါတဲ့ဂါဝန် ဖြစ်တယ်။ သူမရဲ့ဆံထိုးမှာ တောင်ပိုင်းပင်လယ်
ပုလဲပန်းပွင့်တွေ ကျနေတဲ့ မြင်းပုံသဏ္ဌာန် ပုံဖော်ထားတယ်။ သူမက
လက်ထပ်ထားတဲ့ အမျိုးသမီးနဲ့ လိုက်ဖက်တဲ့ပုံစံ ဝတ်ဆင်ထားပေမဲ့ လန်းဆန်းပြီး
အရောင်အသွေးစုံပြီး တင့်တယ်တဲ့ မက်မွန်မျက်လုံးတွေနဲ့ အလွန်တရာ
နူးညံ့သိမ်မွေ့ ကျက်သရေရှိပုံပေါ်ပြီး ပညာရှင်ဆန်တယ်။ သူမလက်ထဲက
အစားအစာ ခြင်းတောင်းကို ချလိုက်ပြီး ကျန်းချွမ်ဆီသွားကာ သူ့ရဲ့လက်ကို
ကိုင်ပြီး အသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်။
“ကျေးဇူးပြုပြီး စိတ်လျှော့ပါဦး သခင်ကြီး။ ပြီးတော့ သခင်ကြီးရဲ့
ခန္ဓာကိုယ်ကို ဒေါသကြောင့် မထိခိုက်ပါစေနဲ့”
ကျန်းချွမ် သူမကို မြင်ပြီးတော့ သူ့ရဲ့ သုန်မှုန်နေတဲ့ မျက်နှာထားက
နည်းနည်း ပြေလျော့သွားတယ်။ ဒါပေမဲ့ သူ့ရဲ့ အသံက တင်းမာနေတုန်းပဲ။
“ဒီစာစောင်တွေ ရေးထားတာ ကြည့်ပါဦး။ သူတို့ အကုန်လုံးက ငါ
ကျန်းချွမ်က ငါ့ရဲ့အိမ်ကို ကောင်းကောင်း မအုပ်ထိန်းနိုင်ဘူး
ဆိုပြီး ပြောနေကြတာ။ လွန်ခဲ့တဲ့ ငါးနှစ်က ငါက ငါ့ရဲ့တရားဝင်သမီးကို
စိုးရိမ်ပူပန်မှု မရှိခဲ့ဘဲ သူ့ကို အေးစက်စက် ဆက်ဆံခဲ့တယ်။ ဒါ့ကြောင့်
ငါက သွေးအေးပြီး အကြင်နာတရားမဲ့ပြီး သူတော်ကောင်းဟန်ဆောင်တဲ့
သူပဲတဲ့။ ဧကရာဇ်က ငါ့ကို အိမ်ပြန်ပြီး သုံးသပ်ဖို့ အမိန့်ပေးထားတယ်။
ငါက ချောင်ကျောင်းရဲ့ ရယ်စရာအရာ ဖြစ်လာခဲ့ပြီ။ ကျောက်မိန်
မင်း တော်တော်လိမ်မာတဲ့ သမီးတစ်ယောက်ကို ပြုစုပျိုးထောင်ခဲ့တာပဲ”
“မမကို အပြစ်မတင်သင့်ဘူး” ရှယန်က နှစ်သိမ့်လိုက်တယ်။
“ယွမ်အာက ဒါကို တမင်လုပ်တာ မဟုတ်လောက်ပါဘူး။ အခြေအနေက
ဒီအထိ ရောက်သွားပြီဆိုတော့ သခင်ကြီး ဧကရာဇ်ရဲ့ စိတ်အလိုမကျမှုကို
သက်သာရာရစေဖို့ ကျွန်မတို့ ယွမ်အာကို ပြန်ခေါ်လိုက်ရင်ရော။
ဒီကိုယ်လုပ်တော်က ချက်ချင်း ပြင်ဆင်စရာ ရှိတာတွေ ပြင်လိုက်ပါ့မယ်”
“မလိုတော့ဘူး”
ကျန်းချွမ်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး အကြည့်တွေက
နက်ရှိုင်းစွာ မှောင်မိုက်သွားတယ်။
“တော်ဝင်လူကြီးမင်းဝမ်က သူမကို မြို့တော်ကို ပြန်ခေါ်လာဖို့ သူကိုယ်တိုင်
ရထားလုံး ပြင်ထားပြီးပြီ”

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now