Part 108

2.9K 290 1
                                    

Unicode

မုန်းမာန်ဖွဲ့ရန်ငြိုး

Part 139

အခန်း - ၁၀၈(က)

နွေဦးရဲ့ ကောင်းမွန်တဲ့ အချိန်လေး‌တွေက အမြဲတမ်း မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားပြီးတော့ မျက်စိတစ်မှိတ်အတွင်းမှာ နွေဦးရဲ့ အပူချိန်က ရောက်လာတယ်။
လုကျူးက အပြင်ကနေ ရေခဲတုံးကြီးတွေ သယ်လာပြီးတော့ ခြံထဲမှာ ချထားတယ်။ မယ်တော်ယိတျယ်က သူမကို ပိုက်ဆံ အလုံအလောက် ချီးမြှင့်ထားတာကြောင့် ရေခဲက ‌ဈေးကြီးပေမဲ့ ကျန်းယွမ်က ဘာမှမပြတ်လတ်ခဲ့ဘူး။
လုကျူးက သူမကို ရေခဲစိမ်ထားတဲ့ ကြာပန်းရွက်နဲ့ ကြာစေ့ယာဂုယူလာပေးတယ်။ ကျန်းယွမ်က တစ်ဇွန်းအပြည့် မြည်းကြည့်လိုက်တယ်။ အဲဒါက အရသာရှိပြီးတေ့ ချိုပြီး လန်းဆန်းသွားစေတယ်။ တကယ့်နွေရာသီရဲ့ အရသာပဲ။ ခြံရဲ့ အရှေ့ထောင့်မှာ စိုက်ထားတဲ့ ဝါးပင်က အရမ်းမများပေမဲ့ အစိမ်းရောင်အုပ်လိုက်ကြီး ရှိနေတာက သင့်တင့်သလောက်တော့ လှပတယ်။ ဒါ့ကြောင့် အပြင်မှာ အရမ်းပူနေရင်တောင် ယွမ်ဂျူထဲမှာ အေးပြီးတော့ သက်တောင့်သက်သာ ရှိတယ်။
လုကျူးက အအေးကြိုက်တော့ သူမက အိမ်တော်ထဲမှာပဲ ပန်းထိုးတာကို လုပ်စေခဲ့ပြီးတော့ ကျန်းယွမ်ကလည်း သူမကို အပြင်ကို မထွက်ခိုင်းခဲ့ဘူး။ အဲ့အချိန်မှာ ထျန်ကျူးက အလှဆင်တဲ့ပစ္စည်းလိုပဲ လုကျူး လက်ကိုင်ပုဝါထိုးနေတာကို ဘေးမှာပဲ ထိုင်ကြည့်နေတယ်။ တကယ်တော့ ထျန်ကျူးရဲ့ ပန်းထိုးတဲ့ အရည်အချင်းက မကောင်းတာ မဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ တကယ်လို့ တစ်ယောက်ယောက်က သူမ ပန်းထိုးထားတာကို ကြည့်လိုက်တာနဲ့ မြို့တော်ရဲ့ အကျော်ကြားဆုံး ပန်းထိုးတဲ့တွေရဲ့ ပန်းထိုးထည်လို့ ထင်ကြမှာဖြစ်ပြီးတော့ အဲ့အချက်ကို သံသယဖြစ်ကြမှာ မဟုတ်ဘူး။ သူမရဲ့ အရည်အချင်းက အရမ်းထူးချွန်လို့ လူတွေက အဲဒါကို သံသယတွေနဲ့ ခနိုင်းခနဲ့ အမြင်နဲ့ ပြောကြမှာဖြစ်တယ်။ ကျန်းယွမ်က နေ့တိုင်းဝတ်တဲ့ အဝတ်အစားတွေကို သူမ ဘာဝတ်တယ်ဆိုတာကို စိတ်မပူတော့ သူမက ထျန်ကျူးကို ငြိမ်ငြိမ်လေးပဲ နေခိုင်းစေခဲ့တယ်။ သူမ လုပ်ရမှာက အပြင်က သတင်းအချက်အလက်တွေကို စုဆောင်းပြီးတော့ နည်းနည်းပါးပါး စုံစမ်းရုံပဲ။
အထဲမှာ အေးပြီးတော့ လန်းဆန်းနေချိန်မှာ အပြင်မှာ နေမင်းကြီးက ပိုကြီးလာသလိုပဲ အပူချိန်က ပိုပိုပူလာတယ်။ တစ်ခါတစ်လေကျ နေ့လည်ခင်း နေ့လည်စာစားပြီးရင် ကျန်းယွမ်က ရေခဲမုန့်စားပြီးတော့ သူမက နည်းနည်းအိပ်ချင်တယ်။ သူမက ခဏလောက် မှေးတော့မယ်လို့ တွေးနေတုန်းမှာ ခြံဝမှာ တစ်ယောက်ယောက်က ရောက်လာတယ်။
အဲဒါက ကျန်းသခင်မကြီးရဲ့ အစေခံ တုကျွမ်းပဲ။ ထျန်ကျူးက မေးလိုက်တယ်။
“အစ်မ ဘာလို့ ဒီကိုလာတာလဲ။”
တုကျွမ်းက ပြုံးပြီး ပြောလိုက်တယ်။
“သခင်ကြီးအဖေရဲ့ သူငယ်ချင်းက ကျန်းသခင်မကြီးဆီလာလည်ပြီးတော့ ချောင်ယုချည်နှစ်ရစ် ပေးခဲ့တယ်။ ကျန်းသခင်မကြီးက တစ်ရစ်ကို အကြီးဆုံးသခင်မလေးဆီ ပေးခိုင်းလိုက်တယ်။”
ကျန်းယွမ်က မေးလိုက်တယ်။
“တတိယညီမလေးနဲ့ လေးယောက်မြောက် ညီမလေးကိုရော ဒီချည်ပေးလား။”
တုကျွမ်းက ကျန်းယွမ်ကို ပြုံးပြလိုက်တယ်။ လက်ရှိမှာ ကျန်းအိမ်တော်က ဘယ်သူကမှ ဒီအကြီးဆုံးသမီးကို အထင်သေးရဲကြမှာ မဟုတ်ဘူး။ အရင်သခင်မ ရှိသေးတုန်းက သူမက သခင်ကြီးဆီကနေ သူစိမ်းဆန်မှုကိုပဲ တွေ့ကြုံခဲ့တယ်။ အိမ်တော်ရဲ့ အရင်သခင်မနဲ့ သူမရဲ့ ကလေးတွေဖြစ်တဲ့ အကြီးဆုံးသခင်လေးနဲ့ အကြီးဆုံးသခင်မလေးတို့ကို အစေခံတွေကတောင် အနိုင်ကျင့်ပြီးတော့ သူတို့က သူတို့ရဲ့ အနာဂတ်က ဒီတစ်သက် ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့တောင် ယုံကြည်ခဲ့ကြတယ်။ အကြီးဆုံးသခင်လေးက ဒီလိုကြီး ကြီးမြတ်တဲ့ကျင်းနိုင်ငံတော်မှာ အထက်တန်းစား စစ်တပ်အရာရှိအဖြစ် ပြောင်းလဲသွားမယ်လို့ ဘယ်သူက သိမှာလဲ။ ပြီးတော့ အဲ့အကြီးဆုံးသခင်မလေးကလည်း ကျွမ်းကျူ့ဖြစ်လာမယ်လို့ ဘယ်သူထင်မှာလဲ။ ဒါ့အပြင် တကယ်လို့ သူမက ဒီဘွဲ့ကို မရရင်တောင် ဗိုလ်ချုပ်အိမ်တော်က သူမကို ထောက်ခံနေတော့ ဘယ်သူက သူမကို အထင်သေးရဲမှာလဲ။ ဒါ့ကြောင့် လူတစ်ယောက်ရဲ့ ကံကြမ္မာက တကယ်ပဲ ထူးဆန်းတာပဲ။ သူမက ပြောတယ်။
“မပေးပါဘူး။ ချည်နှစ်ရစ်ပဲ ရှိလို့ ကျန်းသခင်မကြီးက သခင်မကို ပေးချင်ပေမဲ့ သခင်မက သူမက အရမ်းအိုနေပြီး အဲ့ချည်က အိမ်တော်က အသက်ပြည့်တဲ့ မိန်းမပျိုလေးတွေနဲ့ ပိုလိုက်မှာလို့ ပြောခဲ့တယ်။ အဆင့်အတန်းနဲ့ သွားရင် သခင်မလေးနဲ့ ဒုတိယသခင်မလေးတို့က ဒီချည်နဲ့ အလိုက်ဆုံးပဲ။ ဒါ့အပြင် တတိယသခင်မလေးနဲ့ လေးယောက်မြောက် သခင်မလေးတို့က နည်းနည်းငယ်သေးတယ်။”
ကျန်းယွမ်က သူမကိုယ်သူမ မရယ်အောင် မနည်းထိန်းထားရတယ်။ ကျန်းလီနဲ့ ကျန်းတန်တို့ကလည်း အခုဆိုရင် အသက်ပြည့်နေပြီဖြစ်ပြီးတော့ ညီအစ်မလေးယောက်လုံးရဲ့ အသက်တွေက နည်းနည်းစီပဲ ကွာတာဖြစ်တယ်။ ဒီချည်က အကြီးဆုံးနဲ့ အငယ်ဆုံးသမီးတို့ကြားက ခြားနားမှုကို ပြဖို့ဖြစ်တယ်။ ဒါပေါ့ ဒါက ရှယန် ရည်ရွယ်ချက်ရှိရှိ လုပ်ထားတာဆိုတော့ ခွင့်လွှတ်ပေးနိုင်စရာ ကိစ္စတော့မဟုတ်ဘူး။ ကျန်းယွမ်က ပိုင်ကျီကို ချောင်ယုချည်ကို ယူဖို့ အမိန့်ပေးလိုက်ပြီးတော့ တုကျွမ်းကို ပြောလိုက်တယ်။
“ဒီလိုဆိုတော့ ကျွန်မ မမတုကျွမ်းကို ဒုက္ခပေးရဦးမယ်။ အဘွားကို ကျေဂဇူးအများကြီးတင်တယ်လို့ ပြောပေးပါဦး။”
တုကျွမ်းက အမြန်ရယ်ပြီး ပြောလိုက်တယ်။
“အကြီးဆုံးသခင်မလေး ဒီအစေခံက ဒီလို ချီးမွမ်းစကားနဲ့ မထိုက်တန်ပါဘူး။”
သူမက အပြင်ပန်းမှာ ပြုံးနေပြီးတော့ အတွင်းမှာတော့ သက်ပြင်းချနေတဲ့ ကျန်းယွမ်ကို ကြည့်လိုက်တယ်။ ကျန်းယွမ်က ဘက်မလိုက်တတ်ဘူး။ သူမက ကျွမ်းကျူ့ဘွဲ့ကို ရပြီးကတည်းက သူမက အစေခံတွေကို သူမရဲ့ အဆင့်အတန်းကို လိုက်ပြီး ဆက်ဆံရမယ်လို့ မပြောခဲ့ဖူးဘူး။ ဒါပေမဲ့ သူမ လုပ်ရတာ အကုန်လုံးက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရုံပဲ။ ရှိနေတဲ့သူတွေ အကုန်လုံးရဲ့ ရင်ထဲမှာ ကြက်သီးထသွားကြတာဖြစ်တယ်။ သူမက တကယ်ပဲ တော်ဝင်မိသားစု တစ်ယောက်ရဲ့ ပုံစံရှိတယ်။
ကျန်းယွမ်နဲ့ စကားနည်းနည်းပြောပြီးတော့ တုကျွန်းက ထွက်သွားတယ်။
တုကျွမ်းထွက်သွားတော့ ကျန်းယွမ်က ပိုင်ကျီနဲ့ လန်ချောင်ကို ချောင်ယုချည်ကို ဖြေခိုင်းခဲ့ပြီးတော့ သူမက ယူလာတယ်။ ချည်က ပါရှားတိုင်းပြည်ဘက်က လာတာဖြစ်ပြီးတော့ ကြီးမြတ်တဲ့ကျင်းနိုင်ငံတော်မှာ အရမ်းရှားလို့ အဲဒါက ရွှေအိုးတစ်ရာနဲ့ ညီမျှတယ်။ ချည်ရောင်က တောက်ပပြီးတော့ ပိုင်ကျီနဲ့လန်ချောင်တို့က ဖြေလိုက်တဲ့ အချိန်မှာ လုကျူးက ပါးစပ်အဟောင်းသားဖြစ်သွားတယ်။
ချည်မျှင်တိုင်းက အရောင်စိုပြီးတော့ ကျောက်စိမ်းလို ဖြူပြီး ပုလဲလို တောက်ပပုံပေါ်ပြီးတော့ ကြည့်လိုက်တာနဲ့ ‌ကျေနပ်စေတယ်။ တကယ်လို့ ဒီချည်ကို အဝတ်ပေါ်မှာ ပန်းထိုးရင်… အဲအဝတ်က မြို့တော်ရဲ့ မြင့်မြတ်တဲ့ အမျိုးသမီးတွေကြားမှာ တကယ်ပဲ ချီးမွမ်းတာခံရမှာဖြစ်တယ်။
လုကျူးက စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တယ်။
“ဒီချည်က အရမ်းလှတာပဲ။ ထျန်ကျူးကို ပန်းပုံစံ ပန်းထိုးခိုင်းရင်ရော…. မဟုတ်သေးဘူး ပန်းပုံစံက အရမ်းရိုးရှင်းလွန်းတယ်။ ဒီလိုချည်မျိုးကို ဖြုန်းသလိုဖြစ်သွားမှာ။ လိပ်ပြာလေးတွေ ဆိုရင်ရော။ ထျန်ကျူးက အရမ်းကျွမ်းတော့ ထိုးပြီးရင် လိပ်ပြာလေးတွေက အရမ်းလက်ရာမြောက်ပြီး အသက်ဝင်နေသလိုဖြစ်နေမှာ သေချာတယ်။”
ပြီးတော့ ထျန်ကျူးက လာပြီးတော့ ချောင်ယုချည်ကို သူလက်ထဲမှာ ဂရုတစိုက်နဲ့ ဖြန့်လိုက်တယ်။ လုကျူးက စိတ်ပူစွာနဲ့ ပြောလိုက်တယ်။
“ညင်ညင်သာသာ ကိုင်ပါ။ မထိခိုက်စေနဲ့ဦး။”
သူမက ပြောမပြီးခင်မှာပဲ ထျန်ကျူးက ငုံ့လိုက်ပြီးတော့ နမ်းကြည့်လိုက်တယ်။
ကျန်းယွမ်က သူမကို သေသေချာချာ အကဲခတ်လိုက်တယ်။ ခဏကြာတော့ ထျန်ကျူးက မော့လိုက်ပြိးတော့ ချောင်ယုချည်ကို ပြန်လိပ်ပြီး ဘေးကို ထားလိုက်တယ်။ သူမက တည်ငြိမ်နေပုံပေါ်ပေမဲ့ သူမရဲ့ မျက်ခုံးတွေကတော့ မျက်မှောင်ကြုတ်နေတယ်။
သူမရဲ့ အပြုအမူတွေကို သေသေချာချာ ကြည့်ပြီးတော့ ကျန်းယွမ်က မေးလိုက်တယ်။
“ဘာဖြစ်လို့လဲ။”
“ချောင်ယုချည်ကတော့ ဘာမှမဖြစ်ပါဘူး။”
ထျန်ကျူးက ပြောလိုက်တယ်။
“ဒါပေမဲ့ ဒီချည်ကို စိမ်ထားတဲ့ ဆေးပင်ကတော့ အာနိသင်တစ်မျိုးကို ဖြစ်စေတယ်။”
ကျန်းယွမ်က မျက်ခုံးပင့်လိုက်ပြီးတော့ ပြောလိုက်တယ်။
“ဘာအာနိသင်လဲ။”
“ဒီဆေးပင်ကို ရှူနေရင် ကိုယ်ဝန်သည်က နောက်ထပ် သုံးရက်အတွင်း ကိုယ်ဝန်ပျက်ကျမှာဖြစ်တယ်။ တကယ်လို့ အပျိုစင်ကောင်မလေးက ဒီဆေးပင်ကို အတိုင်းအတာတစ်ခုအထိ ရှူရင် သူမက ကိုယ်ဝန်ရနိုင်မှာ မဟုတ်တော့ဘူး။”
ထျန်ကျူးက တည်ငြိမ်စွာ ပြောလိုက်တယ်။
“ဘာ။”
လန်ချောင်က အလန့်တကြား ပြောလိုက်တယ်။ သူမက အရမ်း ဒေါသထွက်နေလို့ သူမက ချည်ကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲမိတော့မလိုပဲ။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ် ကျန်းသခင်မကြီးက ဒီလိုဟာကို ပို့လိုက်မှာလဲ။”
ထျန်ကျူးက ပြောတယ်။
“အနံ့က လတ်ဆတ်နေသေးတော့ ဆေးပင်ကို ရက်နည်းနည်းလောက်စိမ်ထားပြီးတော့ နေလှန်းထားတာ မကြာသေးဘူး။”
“အဲဒါ အဘွားမဟုတ်ဘူး ရှယန်ပဲ။”
ကျန်းယွမ်က အပြုံးလေးနဲ့ ပြောလိုက်တယ်။ အခုကိုယ်ဝန်ရှိနေတဲ့ ရှယန်က ကိစ္စတွေ အများကြီးကို မကိုင်တွယ်နိုင်သေးပေမဲ့ အိမ်ကိစ္စတွေကတော့ သူမ ထိန်းချုပ်မှုအောက်မှာပဲ ရှိသေးတယ်။ အိမ်တော်ကို ပို့လိုက်တဲ့ ကျန်းသခင်မကြီးရဲ့ သူငယ်ချင်း လက်ဆောင်က အစေခံတွေဆီကနေ လာတာဖြစ်ပြီးတော့ ရှယန်ဆီကနေ ဖြတ်သွားမှာသေချာတယ်။ သူမအတွက် ဒီလိုလုပ်ရတာက လက်ကို လှန်လိုက် မှောက်လိုက် လုပ်ရသလိုပဲ။ တုကျွမ်းက လက်ဆောင်ကို သူမနဲ့ ကျန်းစုစုကိုပဲ ပေးတာဆိုတော့ တစ်ခုခု သံသယဖြစ်စရာကောင်းတာ ရှိနေပြီလို့ သူမထင်လိုက်တယ်။ ရှယန်က တကယ်ပဲ သူမကို စိတ်မပျက်စေခဲ့ဘူး။
“သူမ ဘာလုပ်ဖို့ ကြံနေတာလဲ။ သူမက တကယ်ပဲ သခင်မလေးရဲ့ အသက်ကို အိမ်တော်ထဲမှာ ကြံစည်ရဲတယ်ပေါ့။”
ပိုင်ကျီကလည်း အရမ်းစိတ်တိုနေတယ်။
“သူမက ငါ့တစ်ယောက်တည်းကိုပဲ ကြံတာ မဖြစ်နိုင်ဘူး။”
ကျန်းယွမ်က ပြုံးပြီးဆက်ပြောတယ်။
“ငါးယောက်မြောက်ကိုယ်လုပ်တော်ရဲ့ ကိုယ်ဝန်ကလည်း အခုမှ သုံးလပဲ ရှိသေးတယ်။”
ဟုန်ရင်းရဲ့ ဗိုက်ကလည်း ထွားလာပြီးတော့ ရှယန်က တစ်ခုခုလုပ်ချင်နေတာ ကြာပြီဖြစ်တယ်။ ဒါပေမဲ့ ဟုန်ရင်းက သူမ ခြံထဲမှာပဲ နေပြီးတော့ ဂရုတစိုက်နေနေတာဖြစ်တယ်။ သူမရဲ့ ခြံဝမှာ ယင်ကောင်တောင် မပျံစေခဲ့ဘူး။ ကျန်းချွမ်က ဟုန်ရင်းကို သူမရဲ ခြံထဲမှာပဲ မီးဖိုချောင်ကို အသုံးပြုနိုင်ဖို့အတွက် ကတိပေးခဲ့တယ်။ ဒီတော့မှ ရှယန် သူမကို အကောက်ကြံတာက ကောင်းကင်ပေါ်ကို တက်နေရသလို ဖြစ်နေမှာဖြစ်တယ်။ ဒါပေမဲ့ ဟုန်ရင်းဗိုက်ထဲက ကလေးက သူမရဲ့ရင်ထဲမှာ ဆူးလိုဖြစ်နေခဲ့တာဖြစ်တယ်။ ကျန်းအိမ်တော်က သားတွေက ရှယန်ဆီကနေပဲ လာရမယ်။
ရှယန်က ဒီလိုနည်းနဲ့ကို လုပ်နေပြီးဆိုတော့ တကယ်စိုးရိမ်နေလောက်တယ်။ ကျန်းချွမ်က ကျန်းယွမ်ကို သဘောမကျပေမဲ့ အိမ်တော်က လူတိုင်းက ဟုန်ရင်းနဲ့ ကျန်းယွမ်တို့က ဆက်ဆံရေးကောင်းတယ်ဆိုတာ သိကြတယ်။ ရှယန်နဲ့ယှဉ်ရင် ကျန်းယွမ်က ဟုန်ရင်းကို ကူညီဖို့ ပိုပြီးတော့ လိုလားတယ်။ ဒါ့ကြောင့် ကျန်းချွမ်က စိတ်ထဲမှာတော့ စိတ်အနှောက်အယှက်ဖြစ်နေပေမဲ့ သူက သူမတို့ရဲ့ ဆက်ဆံရေးကို မပိတ်ပင်ခဲ့ဘူး။
ဟုန်ရင်းက ယွမ်ဂျူကို မကြာခဏသွားလည်တယ်။ ဒီချောင်ယုချည်က အရမ်းတန်ဖိုးရှိပြီး လှပတယ်။ ကျန်းယွမ်အရွယ်မိန်းမပျိုလေးတွေက သေချာပေါက် အဲဒါကို သူမရဲ့ အဝတ်အတွက် အသုံးပြုချင်ကြမှာပဲ။ တကယ်လို့ သူမက တကယ်ပဲ ချောင်ယုချည်ကို သူမရဲ့ အဝတ်မှာ အသုံးပြုပြီးတော့ ဟုန်ရင်းနားမှာ ထိုင်ခဲ့ရင် မကြာခင်မှာ ဟုန်ရင်းက ကိုယ်ဝန်ပျက်ကျမှာပဲဖြစ်တယ်။ နောက်ကျ ဒီကိစ္စကို စုံစမ်းရင် သူမရဲ့ အဝတ်ဆီကို ဦးတည်သွားမှာဖြစ်တယ်။ ရှယန်က ချောင်ယုချည်က ကျန်းစုစုနဲ့ ကျန်းယွမ် နှစ်ယောက်လုံးကို လက်ဆောင်ပေးခဲ့တဲ့ဟာတွေ ဖြစ်ပေမဲ့ ကျန်းစုစုရဲ့ ချည်က ဘာပြဿနာမှ မဖြစ်ဘူးလို့ ပြောမှာဖြစ်တယ်။ ဒီတော့ချည်က ပြဿနာဖြစ်တာ မဟုတ်ဘူး။ နောက်ဆုံးမှာ အဲဒါက ကျန်းယွမ်က ငါးယောက်မြောက်ကိုယ်လုပ်တော်ရဲ့ ကလေးကို တမင်ပျက်ကျစေတာဆိုပြီးတော့ ကျန်းယွမ်ဆီကို ရောက်သွားမှာဖြစ်တယ်။
ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်တာဖြစ်တယ်။ ဟုန်ရင်းရဲ့ ဗိုက်ထဲက ကလေးကိုလည်း သတ်နိုင်ပြီးတော့ ကျန်းယွမ်ကလည်း ဂုဏ်သတင်းကျဆင်းပြီးတော့ အပြစ်ပေးခံရမှာဖြစ်တယ်။ အထူးသဖြင့် ကျွမ်းကျူ့အနေနဲ့ သူမက စွပ်စွဲချက်တွေကို သူမအပေါ်မှာ ကျရောက်တဲ့ အတွက် သူမက ဒီလို အမည်းစက်စွန်းတာကို ခံနိုင်မှာ မဟုတ်ဘူး။
ရှယန်က တကယ်ပဲ အကြံကြံတဲ့နေရာမှာ တော်တော်ထူးချွန်လို့ တကယ် လေးစားစရာ ကောင်းတယ်။
ကျန်းယွမ်က ပြုံးလိုက်တယ်။ သူမက အချိန်အတော်ကြာ စောင့်ခဲ့တယ်။ ဒီပျော့ညံ့တဲ့ လိပ်က နောက်ဆုံးမှာတော့ ခြေချောင်းတွေကို ထုတ်လိုက်ပြီပဲ။ ရှယန်က စပြီးရွှေ့မှတော့ ဘယ်သူက ပိုပြီး သွက်သွက်လက်လက် လုပ်လဲဆိုတာ ကြည့်ရသေးတာပေါ့။
ထျန်ကျူးက မမေးခင် လေးလေးနက်နက်စဉ်းစားနေတယ်။
“သခင်မလေး ဒီလက်အောက်ငယ်သားက သခင်မလေးရဲ့ ချည်ကို ကျန်းစုစုရဲ့ ချည်နဲ့ လဲလိုက်ရမလား။”
အခု ထျန်ကျူးက ကျန်းယွမ်နောက်ကို လိုက်နေတာဖြစ်ပေမဲ့ သူမက ရှောင်ရှို့ဆီမှာတုန်းက သူမကိုယ်သူမ ‘လက်အောက်ငယ်သား’ လို့သုံးခဲ့တဲ့ အကျင့်က မပျောက်သေးဘူးထင်တယ်။
“ကြက်ကို တူကြီးနဲ့ သတ်စရာ မလိုပါဘူး။”
ကျန်းယွမ်က ခေါင်းခါရင်း ပြောလိုက်တယ်။
“နင် ဒီလောက်ထိ လုပ်စရာ မလိုပါဘူး။ တစ်ယောက်ယောက်က ငါတို့အတွက် ဒီခက်ခဲမှုကို ဖြေရှင်းပေးလိမ့်မယ်။”
ရှယန်က ဟုန်ရင်းကို တိုက်ခိုက်မှတော့ ဟုန်ရင်းက ဘယ်လိုလုပ်ပြီး ပြန်မတိုက်ဘဲ နေမှာလဲ။
သူမက ထျန်ကျူးကို မေးလိုက်တယ်။
“နင် အဆိပ်တွေ အကြောင်းကို သိလား။”
“ကျွန်မ အရင်သခင်နဲ့ တောင်ပိုင်ရှင်းကျန်းက လူတွေနဲ့ ရင်ဆိုင်ဖို့ လိုက်သွားခဲ့ဖူးလို့ တချို့ဟာတွေတော့ သိပါတယ်။ ချည်ကို စိမ်ထားတဲ့ ဆေးပင်က တော်တော်အသုံးများကြတယ်။”
“ကောင်းပြီ။ ချည်ကို အဆိပ်ပြန်ဖြေဖို့ နည်းရှိလား။”
“ကျွန်မ ကြိုးစားကြည့်ပါ့မယ်။”
* * *
ထုံးစံအတိုင်း ဟုန်ရင်းက ယွမ်ဂျူကို လာလည်တယ်။ သူမက ပိုင်ကျီ ငှဲ့ပေးတဲ့ လက်ဖက်ရည်ခွက်ကို လက်ခံလိုက်ပြီးတော့ ကျန်းယွမ်ရဲ့ အဝတ်ကို ကြည့်ပြီး အံ့အားသင့်စွာနဲ့ ပြောလိုက်တယ်။
“သခင်မလေးရဲ့ အဝတ်ပေါ်က ပန်းထိုးထားတာက အရမ်းလှတာပဲ။ ချည်က တောက်ပနေသလိုပဲ။”
ကျန်းယွမ်ရဲ့ အနီရောင် ဂန္ဓမာပန်းပုံစံဂါဝန်ပေါ်မှာ အဖြူရောင်ဒေါင်းပုံကို ပန်းထိုးထားတယ်။ ထိုးထားပုံက အရမ်းလက်ရာမြောက်ပြီးတော့ ဒေါင်းက အသက်ဝင်နေသလိုပဲ။ ချည်က အလင်းရောင်ဖျော့ဖျော့ လင်းနေပြီးတော့ ဒေါင်းက ဂါဝန်ပေါ်ကနေ ပျံသွားတော့မယ်လို့ ထင်ရစေတယ်။
ကျန်းယွမ်က ပြုံးပြီးပြောလိုက်တယ်။
“ဒါက အဘွားပို့လိုက်တဲ့ ချောင်ယုချည်လေ။ အဲဒါ တကယ်လှတာပဲ။ တကယ်လို့ ငါးယောက်မြောက်ကိုယ်လုပ်တော် သဘောကျရင် ကျွန်မ ကျန်တဲ့ချည်ကို ကိုယ်လုပ်တော်ကို ပေးလိုက်မယ်လေ။”
ဒီလို ချည်က တကယ်ပဲ ရှားပါးပြီးတော့ ဟုန်ရင်းက အရမ်းပိုက်ဆံပြတ်နေပြီဖြစ်တယ်။ သူမက ကျန်းယွမ်ရဲ့ ကမ်းလှမ်းမှုကို ကြားတော့ သူမက သူမရဲ့ ပျော်ရွှင်မှုကို မထိန်းနိုင်ခဲ့ဘဲ ချက်ချင်းပဲ ချည်စကို ယူပြီးပြန်သွားတယ်။
သူမ ထွက်သွားတော့ ထျန်ကျူးက ကျန်းယွမ်ကို ခေါင်းခြောက်တဲ့ပုံစံနဲ့ ကြည့်လိုက်တယ်။ ခဏလောက်တိတ်ဆိတ်နေပြီးတော့ သူမက မေးလိုက်တယ်။
“ဘာလို့ သခင်မလေးက ဒီလိုမျိုး လုပ်ချင်ခဲ့တာလဲ။ ဒီအစေခံကို ချည်ကို တိုက်ရိုက်လဲခိုင်းတာက ဆိုးရွားတဲ့ အကြံမို့လို့လားဟင်။”
“ဒါပေါ့ အဲဒါက မကောင်းတဲ့အကြံပဲ။”
ကျန်းယွမ်က ပြုံးပြီးပြောလိုက်တယ်။
“ရှယန်က အကုန်လုံးကို ဖြေရှင်းချင်ပေမဲ့ ဟုန်ရင်းက အရမ်းလိမ္မာပါးနပ်တယ်။ တကယ်လို့ လူတစ်ယောက်က တခြားလူတစ်ယောက်ကို ဆန့်ကျင်တဲ့အတွက် သုံးနိုင်တဲ့ အချက်အလက်မရှိရင် အနာဂတ်အကြံအစည်တွေ အတွက် အောင်မြင်ဖို့ အာမခံဖို့က ခက်တယ်။”
ဒါပေါ့ ကျန်းယွမ်က ထျန်ကျူးကို အရေးကြီးအကြောင်းအရာကို မပြောခဲ့ဘူး။ သူမက အဲ့ကလေးကို တမင်မသတ်ချင်ပေမဲ့ သူမရဲ့ အရင်ဘဝမှာ ပေးအာ ဖြစ်ခဲ့တာကြောင့် ရှယန်ရဲ့ ဗိုက်ထဲက ကလေးကို သနားမှာ မဟုတ်ဘူး။ ထျန်ကျူးကို တစ်ခုခိုင်းထားပေမဲ့ ဟုန်ရင်းနဲ့ ရှယန်တို့ကိုပဲ အချင်းချင်းတိုက်စေခဲ့တယ်။
သူမရဲ့ အရင်ဘဝမှာ ရှယန်နဲ့ ကျန်းစုစုတို့က တစ်ယောက်ယောက်ကို သူတို့ရဲ့ မကောင်းတဲ့ အလုပ်ကို ခိုင်းတဲ့နေရာမှာ ဆရာကြီးတွေဖြစ်တယ်။ ဒီဘဝမှာတော့ သူမက မကျွမ်းမကျင် ဖြစ်တော့မှာ မဟုတ်ဘူး။
ကျန်းယွမ်က ထျန်ကျူးကို အမိန့်ပေးလိုက်တယ်။
“မနက်ဖြန်မနက် စောစော နင် ငါးယောက်မြောက် ကိုယ်လုပ်တော်ကို အဲ့ချည်က ကိုယ်ဝန်ပျက်ကျစေနိုင်တဲ့ ဆေးပင်နဲ့ စိမ်ထားပြီးတော့ ဒါက သခင်မလုပ်တာလို့ ပြောရမယ်။”

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now