unicode
Part-38
အခန်း - ၄၈
ဉယျာဉ်ထဲက ဧည့်သည်ကြိုတဲ့နေရာမှာ ရှယန်က ဖဲကြိုးတို အင်္ကျီနဲ့
စိမ်းပြာရောင်ပိုးချည်သား ဂါဝန်ကို ဝတ်ထားတယ်။ အဝတ်အစားတွေက
သူမရဲ့ ခါးတစ်ဝိုက်မှာ အခက်အခဲမရှိ တင်းကျပ်စွာ ချည်နှောင်ထားတယ်။
သူမက ကလေးနှစ်ယောက်အမေဖြစ်နေပေမဲ့ သူမက ပိန်ပြီး ဖွံ့ဖြိုးစ အရွယ်
ကောင်မလေးတွေလိုပဲ။ သူမရဲ့ ပြောင်လက်တောက်ပ၊ စိုစွတ်ပြီး
ပျော့ပျောင်းတဲ့ အသားအရည်ကို လက်ဝတ်တန်ဆာတွေနဲ့ အလှဆင်ထားပြီး
သူမရဲ့ ဆံပင်ကိုလည်း လှလှပပ ပြင်ဆင်ထားတယ်။ အိမ်တော်ထဲက အခြား
ကိုယ်လုပ်တော်တွေနဲ့ ယှဉ်ကြည့်ရင် သူမက သေးသွယ်ပြီး သိမ်မွေ့ဖြူစင်တဲ့
အဖြူရောင်ကြာပန်းနဲ့ တောင်တူတယ်။ ဒါ့အပြင် သူမမှာ ပညာတတ်
အမျိုးသမီး စာပေပညာရှင် တစ်ယောက်ရဲ့ အသွင်အပြင်မျိုးရှိပြီး
ရှားပါးလှပတဲ့ အမျိုးသမီးနဲ့ တူတယ်။
ကျန်းချွမ်ရဲ့ အကြည့်က သူမအပေါ် ကျလာတာနဲ့ အဲဒါက ပိုပြီး
ညင်သာလာသလိုပဲ။ သူက သူမကို ပြောလိုက်တယ်။
“မင်းအတွက် ခက်ခဲခဲ့မှာပဲ”
သူ့ရဲ့ အကြည့်က ကြင်နာခြင်းနဲ့ ပြည့်နှက်နေခဲ့တယ်။ ဒါကို မြင်တော့ သူမ
အော့နှလုံးနာသွားတယ်။ ဒုတိယကိုယ်လုပ်တော်က အဲ့မြင်ကွင်းကို
ဆက်မကြည့်နိုင်ခဲ့ဘူး။ သူမရဲ့ အချိုးကျတဲ့ မျက်တောင်တွေက မည်းမှောင်ပြီး
ကော့နေတယ်။ သူမက လည်ချောင်းရှင်းပြီး ပြောလိုက်တယ်။
“သခင်ကြီး ကျွန်မတို့ နောက်ဆုံးတော့ သခင်ကြီးကို အိမ်ကနေ
ကြိုဆိုနိုင်တယ်”
တကယ်တော့ ဒုတိယကိုယ်လုပ်တော်ကလည်း မိန်းမလှလေးဖြစ်တယ်။
ဒါပေမဲ့ သူမရဲ့ လှပတဲ့ အသွင်အပြင်က ပုံမှန်ထက် မျက်နှာပိုသွယ်တယ်။ အဲဒါက
သူမကို လိမ္မာပါးနပ်တဲ့ ပုံပေါ်စေပြီး စိတ်နုပြီး ကြင်နာတတ်တဲ့ ရှယန်နဲ့
မတူဘူး။ ဒါအပြင် သူမက မျက်နှာချိုသွေးတဲ့ နေရာမှာတော်ပြီး ကိုယ့်ကိုကိုယ်
နှိမ့်ချသလို ဟန်ဆောင်ဖို့ ကြိုးစားတတ်တယ်။ ဒါပေမဲ့ ဒုတိယကိုယ်လုပ်တော်ရဲ့အပြုအမူတွေက ကြမ်းတမ်းနေသလိုပဲ။ ဒါ့ကြောင့် ကျန်းချွမ်က စိတ်မရှည်တဲ့ပုံ
ပေါ်နေပြီး စိတ်ရှုပ်ထွေးစွာ ပြန်ဖြေလိုက်ခြင်းဖြစ်တယ်။ ဒါကို မြင်ရတော့
ဒုတိယကိုယ်လုပ်တော်က သူ့ရဲ့ လက်တွေကို သူ့ရဲ့ အင်္ကျီလက်ထဲကို ထည့်လိုက်တယ်။
အပြာရောင် ဂါဝန်ဝတ်ထားတဲ့ ပထမ ကိုယ်လုပ်တော်က ထောင့်နားကို
တိတ်ဆိတ်စွာ ပြန်မသွားခင် ထောင်လွှားမှု မရှိဘဲ ပြုံးလိုက်တယ်။ ပန်းတွေလို
သိမ်မွေ့ပြီး အဖိုးတန်တဲ့ ကျောက်စိမ်းလို သန့်စင်တဲ့ ရှယန်ဘေးက
အစေခံမလေးနှစ်ယောက်နဲ့ ဒုတိယကိုယ်လုပ်တော်နဲ့ ယှဉ်ရင် သူရဲ့ အသွင်အပြင်က
ဒုတိယတန်းစား အစေခံ တစ်ယောက်လိုပဲ။ ကျန်းချွမ်က သူမကို
ကြည့်တောင်မကြည့်ဘူး။ ကျန်းစုစုက ရှေ့ကိုတိုးလာပြီး ပြုံးလိုက်တယ်။
“ဖေဖေပြန်လာပြီပဲ”
ပုံမှန်နေ့တွေမှာ သူက သူ့ရုံးကိစ္စတွေနဲ့ ထွက်သွားလို့ ကျန်းချွမ်က
မကြာခဏ မျက်နှာထားတင်းပေမဲ့ ကျန်းစုစုရှေ့မှာတော့ သူက အဲ့လို
မျက်ခွက်မျိုး တစ်ခါမှ မပြဖူးပါဘူး။ သူ့ရဲ့ မျက်နှာပေါ်မှာ ကြင်နာတဲ့
အပြုံးနဲ့ သူက သူမရဲ့ ခေါင်းကို ဖွဖွလေးပုတ်လိုက်ပြီး ပြောလိုက်တယ်။
“အဖေ သမီးအတွက် ကစားစရာ တချို့ ယူလာတယ်။ နောက်ပြီးကျရင်
သမီးခြံထဲကို သယ်ပို့ပေးဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်မယ်”
ဘေးမှာ ရပ်နေတဲ့ ဒုတိယကိုယ်လုပ်တော်ရဲ့ မျက်ဝန်းထဲမှာ မကျေမချမ်းမှု
နဲ့ မုန်းတီးမှု အရိပ်အရောင်တွေ ဖြတ်သန်းသွားတယ်။ ကျန်းအိမ်တော်က
သမီးလေးယောက်ထဲမှာ အထူးဂရုစိုက်ခံရတာက ကျန်းစုစု
တစ်ယောက်တည်းပဲ။
ကျန်းသခင်မကြီးနဲ့ စကားပြောနေတဲ့ ကျန်းချောင်က ရုတ်တရက်
တစ်ခုခုကို တွေးမိသလိုနဲ့ ပြောလိုက်တယ်။
“ညီမလေးယွမ်က အိမ်ရောက်နေပြီ မဟုတ်ဘူးလား သူ့ကို ဘာလို့
မတွေ့ရသေးတာပါလိမ့်”
ဒါကို သတိရတော့ ကျန်းစုစုရဲ့ အပြုံးက ကျန်းချွမ်လိုပဲ ရုပ်တည်ကြီး
ဖြစ်သွားခဲ့တယ်။ သူ့ရဲ့ အပြုံးက စောက်ခွက်ပေါ်ကနေ ရုတ်တရက် ပျောက်သွားပြီး ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိတယ်။ ဒါကို
တွေ့လိုက်ရတော့ ရှယန်က တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်ချိန်မှာ
ခန်းမထဲကထွက်လာတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရတယ်။
“ကျန်းယွမ် အဖေ့ကို နှုတ်ဆက်ပါတယ်”
ကျန်းချွမ်နဲ့ ကျန်းချောင်တို့ရဲ့ အကြည့်က တစ်ပြိုင်နက်တည်း
အသံလာရာဘက်ကို ရောက်သွားတယ်။ ပြီးတော့ သူတို့က လှပတဲ့
ကိုယ်နှုတ်အမူအရာနဲ့ ကြက်သွေးရောင် အင်္ကျီကို ဝတ်ထားပြီး
ရှေ့ကိုလျှောက်လာတဲ့ မိန်းမလှလေး တစ်ယောက်ကို တွေ့လိုက်ရတယ်။
ရင်ဘတ်နားမှာ ပန်းရှစ်မျိုးနဲ့ အပင်တွေကို လှလှပပ ပန်းထိုးထားပြီးတော့
သူမရဲ့ နက်မှောင်တဲ့ ဆံပင်ရှည်ကို ရောင်စုံအစက်အပေါက် ဆံညှပ်နဲ့
ရစ်ပတ်ထားတယ်။ သူမရဲ့ အဝတ်တွေက ရိုးရှင်းတယ်ထင်ရပေမဲ့ အရမ်း
တောက်ပတယ်။ ပြောင်းပြန်အနေနဲ့ အဲ့အဝတ်တွေက သူမရဲ့ အသွင်အပြင်ကို
ပိုပြီးတော့တောင် တောက်ပစေတယ်။ နှင်းလိုဖြူဖွေးတဲ့ အသားအရည်နဲ့
ချယ်ရီရောင်နှုတ်ခမ်းလေးတွေ၊ သူမရဲ့ ကြည်လင်ပြီး လှပတဲ့ မျက်လုံးတစ်စုံက
မရေတွက်နိုင်တဲ့ စိတ်အားထက်သန်မှုတွေ ပါဝင်နေသလိုပဲ။ မျော်လင့်ထားတာနဲ့
ဆန့်ကျင်ဘက်ပဲ သူမရဲ့ အင်္ကျီကနေ သိသာထင်ရှားတဲ့ အေးစက်မှုတွေ
ထွက်ပေါ်လာတယ်။ ဒါ့ကြောင့် သူမရဲ့ လှပပြီး တည်ငြိမ်တဲ့ ပုံစံက
တောက်လောင်နေတဲ့ မီးတောက် အပြင် အေးခဲနေတဲ့ ရေခဲတို့နဲ့ တူတယ်။
ကျန်းစုစုက လူ့လောကမှာ တွေ့နိုင်တဲ့ ထူးခြားတဲ့အလှကို ပိုင်ဆိုင်ထားတဲ့သူလို့
ပြောရမယ်ဆိုရင် သူတို့ရှေ့မှာ ရပ်နေတဲ့ တက်ကြွပြီး ဆွဲဆောင်မှုရှိတဲ့
ကောင်မလေးက ကျောချမ်းလောက်အောင် လှပပြီး လူ့လောကမှာတောင်
ရှာလို့ မတွေ့နိုင်ဘူး။ သူမရဲ့ လှုပ်ရှားမှုတိုင်းက လူတိုင်းကို သူမဆီကနေ
အကြည့်မခွာနိုင်လောက်အောင် ဖြစ်စေခဲ့တယ်။
တစ်လှမ်းပြီးတစ်လှမ်း သူမ တည်ငြိမ်စွာနဲ့ ရှေ့ကို လျှောက်လာခဲ့တယ်။
သူမရဲ့ အပြူအမူတွေက ကျက်သရေရှိပြီး နူးညံ့သိမ်မွေ့တယ်။ သူမ ကျန်းချွမ်ရှေ့မှာ
ရပ်လိုက်ပြီး ညင်သာစွာ ပြောလိုက်တယ်။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...