အခန်း-၃၇ ထိပ်တိုက်တွေ့ခြင်း။
အိမ်က လုံးဝ တိတ်ဆိတ်သွားတယ်။ ကျန်းယွမ်က အေးအေးဆေးဆေးရပ်နေပြီး
သူမရဲ့ မျက်နှာပေါ်မှာ အပြုံးယဲ့ယဲ့လေး ရှိနေတယ်။ ဒါပေမဲ့ သူမရဲ့အကြည့်က
ပူဆွေးဝမ်းနည်းပုံ ပေါ်တယ်။ အခြားသူတွေကို ကျန်းစုစုက သနားတဲ့စိတ်နဲ့ယှဉ်ရင်
သူမရဲ့ငြိမ်သက်မှုက အခြားသူတွေကို ထပ်ပြီး စုံစမ်းဖို့ တိုက်တွန်းသလို
ခံစားရစေတယ်။
ရှယန်ရဲ့မျက်နှာပေါ်က အပြုံးက သူမအင်္ကျီလက်ထဲမှာ ဆုပ်ထားတဲ့ လက်သီးလို
မာတောင့်နေတယ်။ တစ်ချက်ကြည့်လိုက်တာနဲ့ ကျန်းယွမ်ဆီက ဒီမှတ်ချက်က
နူးညံ့ပုံပေါက်နေပေမဲ့ ကျန်းစုစုက လောကဝတ် မရှိတာကြောင့်
တိတ်ဆိတ်ပြီး ပြောစရာစကားမရှိတာကို အပြစ်ရှာနေပုံပေါ်နေတယ်။ ဘယ်သူက
အိမ်ကို အခုမှ ပြန်ရောက်လာပြီး မိသားစုအချစ်ကို တောင့်တနေတဲ့
မိန်းကလေးအတွက် ကိစ္စတွေကို ခက်ခဲအောင် လုပ်မှာလဲ။
မျှော်လင့်ထားတဲ့အတိုင်း ကျန်းသခင်မကြီး အကြည့်က ကျန်းယွမ်အပေါ်
ကျရောက်တာနဲ့ ညင်သာသွားတယ်။ ရှယန်က ကျန်းစုစုကို ကျန်းသခင်မကြီး မဆူခင်
မပြောနိုင်ခဲ့ဘူး။
“စုနင် သမီးရဲ့မမက အခုမှ အိမ်ပြန်ရောက်တာ။ ဒီအဘွားကို လာတွေ့တာက
လုပ်သင့်လုပ်ထိုက်တာပဲ။ သမီး ပြဿနာမရှာနဲ့”
အချိန်ခဏလောက် ကျန်းစုစုက ကြက်သေသေသွားတယ်။ ဘာကြောင့်လဲဆိုတော့
သူမက စောစောက ကျန်းယွမ်ကို တမင်ရည်ရွယ်ပြီး
ပစ်မှတ်ထားပြောတာ ဖြစ်တယ်။ ဒါပေမဲ့ သူမက ကျန်းသခင်မကြီးက သူမကို
မဆူဘူးလို့ ယုံကြည်နေတာ ဖြစ်တယ်။ ဒီနှစ်တွေမှာ သူမက လိမ္မာစွာနဲ့
ချစ်စရာကောင်းပြီး အမျှော်အမြင် ရှိခဲ့တယ်။ ပြီးတော့ ကျန်းသခင်မကြီးကလည်း သူမအပေါ်ကို ကောင်းခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ သူမကို
ကျန်းသခင်မကြီးက ပထမဆုံး စိတ်ဆိုးတာ ဖြစ်တယ်။ ပြောပြီးတာတွေက
ပြီးသွားပေမဲ့ သူမက ငယ်သေးတော့ ကျန်းစုစုက သူမရဲ့ခံစားချက်တွေကို
ခက်ခက်ခဲခဲ မျိုသိပ်လိုက်ပြီးသူမက အတင်းပြုံးလိုက်တယ်။
“ညီမလေး တောင်းပန်ပါတယ် မမ။ စုစုက တမင်ပြောတာ မဟုတ်ပါဘူး။ မမ
စိတ်မကောင်း မဖြစ်ပါနဲ့နော်”
“ညီမလေးနဲ့မမက ညီအစ်မတွေလေ မမက ဘယ်လိုလုပ် စိတ်ဆိုးရက်မှာလဲ”
ကျန်းယွမ်က ညင်သာစွာ ပြောလိုက်တယ်။
ကျန်းသခင်မကြီးက သူမ ပြောလိုက်တာနဲ့ ပိုပြီး ကျေနပ်နေတယ်။
“မြေးလေးတို့ ညီအစ်မနှစ်ယောက်က အချင်းချင်း ကူညီပေးဖို့လိုတယ်။
အကြီးမလေး ဒီနေ့ လုပ်သွားတာ ကောင်းတယ်”
ရှယန်က ပြုံးပြီး ရှေ့ကိုလာခဲ့တယ်။
“ယွမ်နင်က ပုံမှန်ဆိုရင် လိမ်မာတဲ့ကလေးပါ။ ဒါပေမဲ့ ယွမ်နင် အမေကြားတာတော့
လင်းလန်က သမီးကို ဒီနေ့ စိတ်တိုအောင် လုပ်လိုက်တယ်ဆို။
အစေခံတစ်ယောက်အတွက်နဲ့ စိတ်တိုရသလား။ ဒါက ကျန်းသခင်မကြီး ဖြေရှင်းဖို့
လိုသေးတဲ့ကိစ္စ။ ဒီကိစ္စက ဘယ်လိုလုပ် ဖြစ်တာလဲ”
ကျန်းစုစုက ကျန်းသခင်မကြီးဘေးမှာ တွယ်ကပ်နေတယ်။ အဲ့အချိန်မှာ
သူမရဲ့အနေအထားက သူမ အခန်းထဲကို လာခဲ့တဲ့ ပုံမှန်အနေအထားနဲ့ မတူဘူး။
ကျန်းသခင်မကြီးက ကျန်းယွမ်ကို ကြည့်ပြီး
သူမရဲ့ရှင်းပြမှုကို မျှော်လင့်နေတယ်။
ကျန်းယွမ်က ရန်ဟွားယွမ်အပြင်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုလုံးကို
အသေးစိတ်ပြန်ပြီး ပြောပြခဲ့တယ်။ သူမရဲ့အသံက တည်ငြိမ်ပြီး သူမက လင်းလန်နဲ့
သူမ ပြောခဲ့တဲ့စကားတွေကို တစ်လုံးမကျန် ပြန်ပြောခဲ့တယ်။
အမှန်အတိုင်းပြောရရင် သူမက ပြင်ဆင်ပြီး မပြောဘူး။ ဒါပေမဲ့
အဖြစ်မှန်ကို ပြောပြခဲ့တဲ့အတွက် သူမရဲ့စကားတွေက သူများကို သူမရဲ့စကားတွေကို
ပိုတောင်ယုံစေခဲ့တယ်။ သူမ ပြောပြီးတော့ ကျန်းသခင်မကြီးကို ကြည့်လိုက်တယ်။
“အဘွား သမီးရဲ့အမေအရင်းဆုံးသွားတော့ သမီးက အိမ်ရာထဲမှာ
အပြင်းဖျားနေပြီး ကျိုးမော့မော့ အိမ်တော်ကနေ ထွက်သွားတယ်ဆိုတာကိုပဲ
ကြားခဲ့ရတယ်။ ဒါပေမဲ့ မမျှော်လင့်စွာနဲ့ သမီး သူ့ကို ဒီနေ့ ပြန်တွေခဲ့ရတယ်။
အဲ့အချိန်မှာ မလေးစားတဲ့ အစေခံတွေက တစ်ခုခုကို
နားလည်မှုလွဲနေတာကို ပြောခဲ့တယ်လို့ သမီးယုံတယ်။ ဒါပေမဲ့ သမီးရဲ့ နို့ထိန်းသည်ဖြစ်တဲ့ ကျိုးမော့မော့က ဘယ်လိုလုပ်ပြီး ဒီလို
အခြေအနေကို ရောက်သွားတာလဲဆိုတာ သမီး မသိခဲ့ဘူး”
ရှယန်က သက်ပြင်းချလိုက်တယ်။
“ယွမ်နင် အဲ့အချိန်တုန်းက သမီးက ငယ်သေးပြီး အခြားကိစ္စတွေရှိခဲ့လို့ အမေ
မပြောခဲ့ရတဲ့အကြောင်း ရှိတယ်။ တကယ်က မမ ဆုံးသွားတော့ ကျိုးမော့မော့က
အိမ်တော်ကနေ တကယ် ထွက်မသွားခဲ့ဘူး။ သူက မမရဲ့လက်ဝတ်တန်ဆာတွေကို
ခိုးပြီးမှ ထွက်သွားဖို့ ပြင်နေတာ။ အမေတို့ ကျန်းအိမ်တော်က ခိုးတတ်တဲ့
အစေခံတွေကိုသိပ်ပြီး သည်းမခံတတ်ကြဘူး။ ဒါပေမဲ့ ကျိုးမော့မော့က
သမီးရဲ့နို့ထိန်းသည် ဖြစ်ခဲ့တယ်။ သမီး အသည်းကွဲပြီး စိတ်ပျက်နေတဲ့ အချိန်မှာ
သမီးရဲ့ဖျားတာက ပိုဆိုးရွားသွားမှာ စိုးလို့ အမေက ဒီကိစ္စကို သခင်ကြီးနဲ့
စီစဉ်ပြီး ကျိုးမော့မော့ကို အပြစ်ပေးခဲ့တယ်။ ဒါတွေအကုန်လုံးကို အမေ သမီးကို
မပြောပြနိုင်ခဲ့ဘူး”
ရှယန်က သူမကို ရိုးသားတဲ့ အမူအရာနဲ့ စိုက်ကြည့်ပြီး
“အခု အမေ သမီးကို ပြောရပြီ။ သမီးနားလည်မယ်လို့ အမေမျှော်လင့်တယ်။ အမေ
အပြစ်အပြောခံပါ့မယ်။ ပြီးတော့ သမီးရဲ့အစေခံ
ဆုံးရှုံးသွားတဲ့အတွက် ပြန်ပြီး အလျော်ပေးပါ့မယ်။ ဒါပေမဲ့ ဒီအစေခံက တကယ်
အပြစ်ပေးသင့်တယ်။ သမီးအမေ့ကို နားလည်မှု လွဲမယ်ဆိုရင်တောင် အမေ အဲ့အချိန်မှာ
ချခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် နောင်တရမှာ မဟုတ်ဘူး”
ခေါင်းတွေ ငိုက်စိုက်ကျပြီး ချိုက်ချွဲနဲ့တုကျွမ်းတို့က ဘာမှမပြော
ဘာမှမလှုပ်ဘဲနဲ့ နားထောင်နေကြတယ်။ ဒီနေရာမှာ သူတို့က ပြောနိုင်တဲ့
အခွင့်အရေးမရှိဘူး။ ဒါပေမဲ့ သူတို့ရဲ့စိတ်ထဲမှာတော့
သူတို့ ပြောကြတယ်။ မျှော်လင့်ထားတဲ့
အတိုင်းပဲ ရှယန်ရဲ့စကားတွေက ခိုင်လုံတယ်။ တစ်ချက်တည်းနဲ့
အကြီးဆုံးသခင်မလေး ပြန်ချေပလို့ မရနိုင်ခဲ့ဘူး။
ကျန်းယွမ်က ခေါင်းခါလိုက်တယ်။
“အမေက မိန်ကျင်းယွမ်မှာ အစေခံတွေနဲ့ ငါးနှစ်တောင် ဖြေရှင်းခဲ့ရပေမဲ့ သမီးကို
အဲ့ကိစ္စကို ပြောပြသေးတယ်။ ဒါက သမီးအတွက်ပဲကို သမီးက အမေ့ကို ဘယ်လိုလုပ်
အပြစ်တင်ရက်မှာလဲ”
ရှယန်ရဲ့ပုံစံက မသက်မသာဖြစ်နေပေမဲ့ ကျန်းယွမ်ရဲ့ပုံစံက သူမထက်ပိုပြီး
ရိုးသားနေတာကို မြင်လိုက်တဲ့အခါမှာ သူမက သူမရဲ့စကားတွေထဲက
ဖုံးကွယ်ထားတဲ့ လှောင်ပြောင်မှုကို သူမသဘောပေါက်သွားပုံရတယ်။
သူမစိတ်ထဲမှာ ရှယန် သက်ပြင်းချလိုက်တယ်။ ကျန်းယွမ်က ဆက်ပြောလိုက်တယ်။“ပြီးတော့ သမီး နားမလည်သေးတဲ့ ကိစ္စတစ်ခု ရှိသေးတယ်။ ပြီးတော့
သူ့သခင်ရဲ့ပစ္စည်းကို ခိုးတဲ့ အစေခံကို သမီး နားမလည်ဘူး။ အဲ့အပြစ်အတွက်
အပြစ်ဒဏ်က မျက်လုံးကို ဖောက်ထုတ်တာနဲ့ အညစ်အကြေးစားခိုင်းတာလို့
သမီးတော့ မထင်ဘူး။ ပြီးတော့ ကျန်းမိသားစုက စာပေပိုင်းမှာ
ဂုဏ်သတင်းရှိတယ်လို့ ယူဆရတယ်။ ဘယ်လိုလုပ်ပြီး ဒီလို ရက်စက်တဲ့ ပြစ်ဒဏ်မျိုးကို
သမီးတို့ သုံးကြတာလဲ”
“မျက်လုံးကို ဖောက်ထုတ်ခံရတယ်။ အညစ်အကြေးတွေ စားရတယ်”
ကျန်းသခင်မကြီးက အံ့အားသင့်သွားတယ်။
“ဒါ ဘာအဓိပ်ပာယျလဲ”
သူမက ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တာကြောင့် အချို့ကိစ္စတွေမှာ
သူမရဲ့ကိုယ်ပိုင်အတွေးတွေ ရှိတယ်။ အရင်က သူမက ရှယန်ကို အေးအေးဆေးဆေး
ကိုင်တွယ်လို့ မရတာ သိလို့ ရှယန်ရဲ့နည်းလမ်းတွေကို သူမက
လျစ်လျူရှူထားတာဖြစ်တယ်။ ဒါပေမဲ့ ဒီအိမ်ထောင်ရှင်မက သူမရဲ့
ပုံမှန်ပျော့ပျောင်းတဲ့ ပြောဆိုပုံနဲ့ မတူတာ ထင်ရှားတယ်။ သူမက ဒီလောက်
ခိုကိုးရာမဲ့တဲ့ နို့ထိန်းသည်အပေါ် ဒီလောက်တောင် ရက်စက်တာပဲ။ ပြီးတော့
ဒီအိမ်ထောင်ရှင်မ လုပ်တာကက သူမရဲ့စိတ်ရှည်မှု နောက်ဆုံးကို ရောက်နေပြီ။
ရှယန်ရဲ့အသံက ညင်သာနေတယ်။
“အဲဒါ အဲ့လိုမဟုတ်ဘူး။ အဲဒါကို တိတိကျကျ လုပ်ခဲ့တာ ဘာလို့လဲဆိုတော့
ကျိုးမော့မော့က ယွမ်နင်ရဲ့ နို့ထိန်းသည်ဆိုတာ အမေ သိလို့ အမေ သူ့ကို ကြီးမားတဲ့
အပြစ်ဒဏ်မပေးခဲ့ဘူး။ ဒါ့ကြောင့် အမေ သူ့ကို အဝတ်လျှော်ခန်းထဲ ပို့လိုက်တယ်။
ကျိုးမော့မော့က သူ့ရဲ့ ခိုးတတ်တဲ့အကျင့် ရှိနေသေးပြီး
အခြားအစေခံတွေနဲ့ ပြဿနာဖြစ်မယ်လို့ ဘယ်သူက သိမှာလဲ။ သူမရဲ့မျက်လုံးတွေက
အဝတ်လျှော်ခန်းထဲမှာ ထိုးဖောက်ခံလိုက်ရပြီး သူ့ကို အဝတ်လျှော်ခန်းထဲမှာ
ဆက်ထားလို့ မဖြစ်တော့ဘူး။ အဲဒါကြောင့် သူ့က အညစ်အကြေး
လိုက်ထုတ်တဲ့သူအဖြစ် လုပ်နိုင်တော့တာ”
“ဒါဆို အဲ့လို ဖြစ်ခဲ့တာပေါ့”
ကျန်းယွမ်က လေးလေးနက်နက် ပြောလိုက်တယ်။
“ဒါဆို ကျိုးမော့မော့ရဲ့မျက်လုံးတွေကို ဖောက်ထုတ်တဲ့လူကရော အခု
ဘယ်ရောက်နေတာလဲ”
“သူတို့ကို ပျဉ်ပြားနဲ့ ရိုက်ပြီး အိမ်တော်ကနေ နှင်ထုတ်လိုက်ပြီ”
ရှယန်က ပြောလိုက်တယ်။
“အညစ်အကြေးတွေ စားခိုင်းတာနဲ့ ပတ်သက်ပြီး အဲဒါ အဲ့ဒီအစေခံကောင်မလေး
လင်းလန်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်။ အမေ သူ့ကိုလည်း အပြစ်ပေးပြီးပြီ”
ဒီလို ပြောလိုက်တော့ ဆန့်ကျင်ဘက်အနေနဲ့ အခြေအနေက
ဘယ်လိုဖြစ်သွားလဲဆိုတော့ သူမက ကောင်းမွန်တဲ့ အကျင့်စာရိတ္တနဲ့ အကုန်လုံးရဲ့
အကျိုးအတွက်လုပ်ပေးတဲ့ ကျွမ်းကျင်ပြီး မွန်မြတ်တဲ့ အိမ်ထောင်ရှင်မ
တစ်ယောက်ပုံ ပေါ်စေတယ်။ တကယ်တော့ သူမက သူမကိုယ်သူမ
အမှားကင်းတဲ့သူအဖြစ် ဖော်ပြပြီး တကယ်က
ကျန်းယွမ်ပဲ ပွေးတွင်းကို ဖြေရှင်းရတာ ဖြစ်တယ်။
ကျန်းယွမ် ပေါ့ပါးစွာ ပြုံးလိုက်ပြီး။
“အမေက တကယ် အံ့ဩစရာကောင်းတာပဲ။ တကယ်လို့ သမီးသာဆိုရင်
ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်နေမှာ။ သမီး ပြန်ရောက်လာပြီဆိုတော့
ကျိုးမော့မော့ရဲ့အပြစ်က ကြီးမားတဲ့အပြစ် မဟုတ်ရင် သမီးရဲ့မိန်ကျင်းယွမ်မှာ..
မဟုတ်သေးဘူး သမီးရဲ့ယွမ်ကျူးမှာ ဆက်ပြီး အလုပ်အကျွေးပြုခိုင်းလို့
ရတယ်မလား။ သမီးတောင်းဆိုချက်ကို အမေခွင့်ပြုပေးနိုင်မလား”
ရှယန်ပြောမှာကို မစောင့်ဘဲ ကျန်းစုစုက ချက်ချင်းပြောလိုက်တယ်။
“မမ ကျိုးမော့မော့ကို မမခြံထဲ ထပ်ထားထားရင် သူ ပစ္စည်းတွေ အလစ်သုတ်မှာ
မကြောက်ဘူးလား”
“ယွမ်နင် သမီးက စိတ်ရင်းစေတနာကောင်းတဲ့ ကလေးဆိုတာ အမေသိပါတယ်။
ဒါပေမဲ့ ကျိုးမော့မော့ရဲ့အကျင့်က သမီးနဲ့ မကိုက်ဘူး။ ပြီးတော့ သူက အမြင်အာရုံ
ဆုံးရှုံးထားတယ်။ ဒါ့ကြောင့် သူ့ကို ယွမ်ကျူးမှာ
အလုပ်အကျွေး ပြုခိုင်းတာက သူမကို ကပ်ပါးကောင်လို
အသက်ရှင်ခိုင်းသလို ဖြစ်နေမှာ။ အခြားနည်းနဲ့ လုပ်မယ့်အစား သမီး ဒီအစေခံကို
တကယ်ပဲ သမီးဘေးမှာ ထားချင်တာလား။ ဒါဆို ကျန်းအိမ်တော်က
လူရယ်စရာ ဖြစ်နေမှာပေါ့။ ကျန်းသခင်မကြီးရော အဲ့လို မထင်ဘူးလား”
“အဲဒါ အမှန်ပဲ” ကျန်းသခင်မကြီးက ခေါင်းညိတ်လိုက်တယ်။
ကျန်းယွမ်က ထပ်ပြောလိုက်တယ်။
“အဲဒါ ဘာလို့လဲဆိုတော့ သမီး ကျန်းအိမ်တော်အတွက် ဒါကိုလုပ်တာမို့လို့ပဲ။
ဒါ့ကြောင့် သမီး ဒီကိစ္စကို လိုက်စုံစမ်းနေတာ။ ကျန်းအိမ်တော်က
အမြဲအကျင့်စာရိတ္တမှာ မှန်ကန်ပြီး စည်းကမ်းစည်းမျဉ်းတွေနဲ့
အပြစ်ပေးတဲ့ နေရာမှာ အထူးကြပ်မတ်တယ်။ အခုအကုန်လုံးရဲ့ နှာခေါင်းဖျားမှာ
ကျန်းမာရေးကောင်းတဲ့ ကျိုးမော့မော့က သူ့မျက်စိနှစ်လုံးကို
ဆုံးရှုံးခဲ့တယ်လို့ ပြောနေကြတယ်။ နောက်တစ်ခါကျရင် နောက်တစ်ယောက် ရှိလာနိုင်ပြီး သူတို့မျက်စိတင် မဟုတ်ဘဲ အခြားအရာတွေပါ ဆုံးရှုံးမှာစိုးတယ်။
ဒီသတင်းသာ ပြန့်သွားခဲ့ရင် သူများတွေက ကျန်းအိမ်တော်ကို
ဘယ်လိုပြောကြမလဲ။ သူတို့က ကျန်းအိမ်တော်က ပရမ်းပတာ ဖြစ်နေပြီး အမေက
အိမ်တွင်းရေးကိစ္စတွေကို ကိုင်တွယ်တာ ညံ့ဖျင်းတယ်လို့ ပြောကြမှာ။ တကယ်လို့
ကျိုးမော့မော့က ယွမ်ကျူးထဲမှာ တစ်ခုခုခိုးမယ်ဆိုရင် သမီးကိုယ်တိုင် သူ့ကို
အာဏာပိုင်တွေ လက်ထဲအပ်မယ်။ ဒါပေမဲ့ သူက ဘဝအသစ် ပြန်စမယ်ဆိုရင် သူနဲ့သမီးက
အစေခံနဲ့သခင် ဆက်ဆံရေးနဲ့ ရှိနေဖို့ ကံကြမ္မာက ကြိုတင်စီစဉ်တယ်လို့ သမီး
ယူဆလိုက်မယ်။ ဒါ့အပြင် အမြင်အာရုံ ဆုံးရှုံးထားတဲ့ သူက ဘာမှမလုပ်နိုင်ဘူးလို့
ဆိုလိုတာမှမဟုတ်တာ။ ဒီကမ္ဘာကြီးမှာ သမီးတို့ မွေးလာကတည်းက
မမြင်ခဲ့ရတဲ့အရာတွေ အများကြီးရှိပေမဲ့
သမီးတို့ ကောင်းကောင်းနေနိုင်နေတာပဲ မဟုတ်ဘူးလား”
သူမ ပြောနေတုန်းမှာ ကျန်းသခင်မကြီးရဲ့မျက်နှာထားက
စိတ်ချသွားတဲ့ပုံ ပေါ်သွားတာကို သတိထား မိသွားတယ်။ ရှယန်က
သူမအိမ်ကိစ္စတွေကို ကောင်းကောင်း မထိန်းသိမ်းနိုင်တဲ့ အကြောင်း
လက်သီးပုန်းထိုးပြီး ဝေဖန်တာနဲ့ သွယ်ဝိုက်ပြီး ပေါ်ပေါ်ထင်ထင်ပြောတာကို
ထပ်ပြီး ကြားခဲ့ရတယ်။ ရှယန် မျက်မှောင်ကြုတ်လိုက်ပြီး
“ဒါက လက်ခံနိုင်တာ မဟုတ်လောက်ဘူးဆိုတာ သေချာသလောက်ပဲလေ”
“အမေ” ကျန်းယွမ်က သူမကို ကြားဖြတ်ပြီး တည်ငြိမ်စွာ ပြောလိုက်တယ်။
“အရာရာတိုင်းမှာ အကျိုးနဲ့အကြောင်းရှိတယ်။ ဒါ့ကြောင့် အဲဒါက
ပိုကောင်းတဲ့ မျိုးဆက်အတွက် ပျိုးစေ့ကောင်းလို့ ယူဆလို့ရတယ်။
တစ်ယောက်ယောက်ရဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ မကောင်းတာတွေကို
ခဏခဏ မလုပ်တာ အကောင်းဆုံးပဲ”
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...