Unicode
မုန်းမာန်ဖွဲ့ရန်ငြှိုး
Part 114
အခန်း - ၉၅ အပိုင်း(၂)
ကျီလင်းလမ်းက မြို့တော်ရဲ့ ဆင်းရဲတဲ့လူတွေ မကြာခဏလာတတ်တယ်။
အဲ့လမ်းနဲ့ ကပ်ရပ်နေရာက အလုပ်သမားတွေ နေတဲ့နေရာ၊ လူ့အသိုင်းအဝိုင်းရဲ့ အနိမ့်ဆုံးအဆင့်ရဲ့ လက်အောက်ငယ်သားတွေ သွားလိုက်လာလိုက် လုပ်တာ အများဆုံးနေရာဖြစ်တယ်။ ဒီလူတွေက အဆင့်နိမ့်တယ်၊၊ ဆင်းရဲနွမ်းပါးစွာ မွေးဖွားလာကြပြီး သူတို့က အလုပ်ကြမ်းပေါ်ကို မှီခိုနေရတယ်။ သူတို့ရဲ့ အသက်တွေက အရမ်း ခက်ခဲတယ်။
ဒါ့ကြောင့် ဒီလူတွေထဲမှာ မိန်းမရှာဖို့ဆိုတာ အရမ်းခက်ခဲတယ်။
ဒါ့ကြောင့် အဆင့်နိမ့် ဆောင်ကြမြိုင်တွေနဲ့ ယောက်ျားဆောင်ကြာမြိုင်တွေက ကျီလင်းလမ်းတစ်လျှောက်မှာ စီးပွားရေး ကောင်းမွန်နေကြတယ်။
ကျီလင်းလမ်းပေါ်က အဆင့်နိမ့်ဆောင်ကြာမြိုင်က မိန်းမတွေက မြို့တော်ထဲက ချမ်းသာတဲ့ အိမ်တွေကို ဝန်ဆောင်မှုပေးရတဲ့ မိန်းမတွေနဲ့ အရမ်းကွာခြားတာတော့ ပြောစရာ မလိုလောက်ပါဘူး။ သူတို့က နေ့ရောညပါ ဖောက်သည်လက်ခံနေရပြီးတော့ ဒီဆောင်ကြာမြိုင်က သခင်မတွေက မိန်းမတွေ အပေါ်ကို အရမ်းရက်စက်ရာကျလွန်းတယ်။ ပုံမှန်နေ့တွေမှာဆိုရင် သူတို့ကို တစ်နပ်ပဲ ကျွေးပြီးတော့ သူတို့ ဖျားနေရင်တောင် သူတို့က ဖောက်သည်တွေ ဆက်ပြီး လက်ခံနေရသေးတယ်။ ဒါပေမဲ့ တကယ်လို့ အဖျားက အရမ်းပြင်းရင် သူတို့က သစ်သားဖျာထဲမှာ အထုပ်ခံရပြီးတော့ ဝံပုလွေတွေ ကျက်စားတဲ့ အုတ်ဂူတွေကြားထဲမှာ အပစ်ချခံရမှာဖြစ်တယ်။
ဒါပေမဲ့ ကျီလင်းလမ်းပေါ်က ယောကျာ်းဆောင်ကြာမြိုင်တွေက အဆင့်နိမ့်ဆောင်ကြာမြိုင်တွေနဲ့ ကွာခြားတယ်။
တစ်ခါတစ်ရံမှာ ဒီအဆင့်နိမ့်လူတန်းစားထဲက တစ်ချို့ လက်အောက်ခံလူတွေထဲက တစ်ယောက်နှစ်ယောက်က မတူညီတဲ့ ခံစားချက်ကို ကြိုက်နှစ်သက်ကြတယ်။ မိန်းမခန္ဓာကိုယ်တွေက အကြမ်းဖက်တာကို သိပ်မခံနိုင်ကြဘူး။ ဒါ့အပြင် ယောကျာ်းဆောင်ကြာမြိုင်က လူငယ်တွေက မြို့တော်ထဲက လူငယ်တွေနဲ့ အရမ်းကွဲပြားတယ်။ သူတို့က ကြော့ရှင်းပြီး အသားမဖြူကြဘူး။ သူတို့ထဲက အများစုက ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေဆီကဖြစ်ပြီးတော့ သူတို့ရဲ့ အလုပ်ကြမ်းတွေက သူတို့ကို မဖြစ်စလောက်ပဲ ပေးလို့ သူတို့က သူတို့ရဲ့ ခန္ဓာကိုယ်တွေကို မတတ်သာသည့်အဆုံး ရောင်းခဲ့ရတာဖြစ်တယ်။ ဒီလူငယ်တွေက သန်မာတဲ့ အရိုးအဆစ်တွေနဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်တွေ ရှိကြပြီး သူတို့ရဲ့ မျက်နှာတွေက အရေးကြီးဆုံး မဟုတ်ဘူး။ ဒါပေမဲ့ သူတို့က သန်သန်မာမာ ရှိကြပေမဲ့ သူတို့က တစ်ခါတစ်ရံမှာ သေတဲ့အထိ မတရား အကျင့်ခံရတယ်။
ဒီနေ့မှာ ကျီလင်းလမ်းပေါ်က ယောကျာ်းဆောင်ကြာမြိုင်က လုပ်ငန်း လက်ခံနေတယ်။ ဆောင်ကြာမြိုင် သခင်မက လူသုံးယောက်ကို တွေ့လိုက်တဲ့အချိန်မှာ ပထမနှစ်ယောက်ကို မြင်တော့ သူမ မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာပေမဲ့ နောက်ဆုံးတစ်ယောက်မှာတော့ သူမ မျက်မှောင်ကြုတ်လိုက်တယ်။ သူမက သူမရဲ့ လက်သည်းနီဆိုးထားတဲ့ တိုတိုတုတ်တုတ် လက်ချောင်းတွေနဲ့ လက်ဖျောက်တစ်ချက်တီးလိုက်ပြီးတေ့ သူမနဲ့ ဆန့်ကျင်ဘက်က လူကို မြှူဆွယ်တဲ့ပုံနဲ့ ကြည့်ပြီး ပြောလိုက်တယ်။
“လူကြီးမင်း ဒါဘာကို ဆိုလိုတာလဲ။ ပထမနှစ်ယောက်က အရည်အသွေးကောင်းပေမဲ့ ဒီတစ်ယောက်က… ဒီကျွန်နဲ့ ရှင် လာပြီး နောက်နေတာတော့ မဟုတ်ပါဘူးနော်။”
မြေပြင်ပေါ်က လူတွေက ညစ်ပတ်နေတဲ့ အဝတ်တွေဝတ်ထားတာ ဖြစ်တယ်။ ပထမနှစ်ယောက်က ခရီးသွားလူငယ် နှစ်ယောက်ဖြစ်ပုံပေါ်တယ်။ သူတို့ရဲ့ ဆံပင်တွေက ရှုပ်ပွနေပေမဲ့ သူတို့က သူတို့ရဲ့ ချောမွေ့ပြေပြစ်ပြီး ဖြူဖွေးတဲ့ အသားအရေကြောင့် သူတို့က အကောင်းဆုံးအရည်အသွေးဖြစ်တယ်။ ဒီယောကျာ်းဆောင်ကြာမြိုင်မှာ သူတို့ကို အဓိကကဏ္ဍမှာ တွန်းတင်ပေးဖို့ လုံလောက်တယ်။ ဒါပေမဲ့ သူတို့နောက်က အသက်လေးဆယ်နဲ့ ငါးဆယ်ကြားက အဘိုးအိုက ဗိုက်ပူပူနဲ့ ဖြစ်နေတယ်။ သူက တကယ်ပဲ… သူက လူတွေရဲ့ ဆန္ဒကို လုံးဝ ပျောက်သွားစေမှာ အမှန်ပဲ။
ကျင်းရီက ယောကျာ်းဆောင်ကြာမြိုင်ရဲ့ သခင်မရဲ့ မြှူဆွယ်တာကို လျစ်လျူရှိလိုက်ပြီးတော့ သူ့ရဲ့ လက်ထဲက ငွေလက်မှတ်တွေကို ထုတ်လိုက်ပြီး ပြောလိုက်တယ်။
“ဒီမှာ ဒါက ပေးငွေ။”
သူမက ငွေလက်မှတ်တွေကို မြင်တော့ အရမ်းပျော်သွားပြီးတော့ သူမ ပါးစပ်တွေ ပြုတ်ထွက်မတက် ပြုံးလိုက်တယ်။ ရယ်မောစွာနဲ့ သူမက ပြောလိုက်တယ်။
“တကယ်လို့ လူကြီးမင်းက ဒီအစေခံကို ယုံကြည်မှတော့ ဒီလူကို ဒီအစေခံဆီ လွှဲခဲ့ပါ။ သူက အသက်အကြီးဆုံး ဆိုပေမဲ့ သူ့ခန္ဓာကိုယ်က ချောမွေ့သေးတာ တော်သေးတယ်။ တချို့လူတွေက ဒီကို စိတ်လှုပ်ရှား ပျော်ရွှင်ချင်လို့ လာကြတာဆိုတော့ မီးအိမ်တွေကို ပိတ်ပြီးတော့ ပျော်ရွှင်ကြတယ်။ တကယ်လို့ ဒီလူတွေက ဒီလူ့ရဲ့ မျက်နှာကို မမြင်ရင် သူ့ခန္ဓာကိုယ်ကို ကောင်းကောင်း အသုံးချလို့ရမှာပါ။”
သူမက ကျယ်လောင်စွာ ပြောလိုက်ပြီးတော့ ဒီယင်နဲ့ ယန် လှန်လှောထားတဲ့ ကိစ္စတွေကို ကြားတော့ ကျင်းရီ နည်းနည်း အနေရခက်သွားတယ်။ သူက ပြောလိုက်တယ်။
“ဒီသုံးယောက်ကို ကောင်းကောင်း လေ့ကျင့်ပေးမှရမှာ။ မင်း ပိုပြီးတော့ ကြိုးစားရလိမ့်မယ်။”
ဒီဆောင်ကြာမြိုင်ရဲ့ သခင်မက ဒီလုပ်ငန်းကို နှစ်ပေါင်းများစွာ လည်ပတ်ခဲ့ပြီးပြီဖြစ်လို့ သူမက ကြင်နာမှု မရှိဘူး။ သူမက ကျင်းရီရဲ့ စကားတွေကို ကြားတေ့ သူမ အတိုင်းအတာ တစ်ခုအထိ နားလည်သွားခဲ့တယ်။ ဘယ်မြင့်မြတ်ပြီး ချမ်းသာတဲ့ မိသားစုက ဘယ်ရန်သူကို စုဆောင်းလည်းဆိုတာ ဘယ်သူသိမှာလဲ။ သူမရဲ့ တစ်ခုတည်းသော တာဝန်ရှိမှုက ပိုက်ဆံတွေ လက်ခံပြီးတော့ ကိစ္စတွေကို ဖြေရှင်းဖို့ပဲ။ သူမရှေ့က လူကို အကဲခတ်ပြီးတော့ သူက သာမာန်လူတစ်ယောက်တော့ မဟုတ်ဘူးဆိုတာကို သိသွားပြီးတော့ သူမ ရယ်ပြီး ပြောလိုက်တယ်။
“လူကြီးမင်းက ဒီအစေခံရဲ့ စေတနာကို မယုံဘူးလား။ ဒီလိုဆိုမှတော့ စိတ်မပူပါနဲ့ ကျွန်မ ဒီနေ့ပဲ သူတို့အတွက် ဖောက်သည်တေွ စပြီး စီစဉ်ပေးပါ့မယ်။”
သူမက ကျင်းရီကို သူမလက်ထဲက လက်ကိုင်ပုဝါကို တဖျပ်ဖျပ် လှုပ်ရင်း ကြည့်ပြီး တိုးတိုးလေး မေးလိုက်တယ်။
“လူကြီးမင်းက ဒါကို လူကြီးမင်းရဲ့ မျက်လုံးတွေနဲ့ ကိုယ်တိုင် ကြည့်ချင်သလား။”
ကျင်းရီ ကြက်သီးထသွားပြီးတော့ ပြောလိုက်တယ်။
“မလိုပါဘူး။ ကျေးဇူးအများကြီးတင်ပါတယ်။”
* * *
လီအန်း သတိပြန်ရလာတော့ လီတုန်နဲ့ လီရန်တို့က သတိမေ့နေတုန်းပဲ။ လီအန်းက ကိုယ်ခံပညာကို ပုံမှန်လေ့ကျင့်ပြီးတော့ အခြေခံတချို့ ရှိတယ်။ သူက သူ့ရဲ့ အတွင်းအားကို အသုံးချချင်ပေမဲ့ သူ ရွှေ့လိုက်တဲ့ အချိန်မှာ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ပျော့ဖတ်နေပြီးတော့ ခွန်အား မရှိတာကို သူတွေ့သွားတယ်။
အံ့အားသင့်စွာနဲ့ သူ တစ်ချက်ဝေ့ကြည့်လိုက်ပြီး သူက သူ့ဘေးက အရာတွေကို ထင်ထင်ရှားရှား မြင်လာတယ်။ သူ့ရဲ့ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်တော့ သူက ထူးဆန်းတဲ့ အနံ့ရတဲ့ အခန်းငယ်ထဲမှာ ရောက်နေပြီးတော့ မိန်းမတွေ သုံးတဲ့ ရေမွှေးနံကို ရတယ်။ ဒါပေမဲ့ အဲဒါက တစ်ခုခုနဲ့ ရောထားလို့ သူ ဝေခွဲလို့မရဘူးဖြစ်နေတယ်။
အခန်းထဲက အပြင်အဆင်တွေက ဈေးပေါပြီးတော့ နည်းနည်း တောက်ပြောင်တယ်။ လက်ရှိမှာ သူက မက်မွန်သီးရောင်နဲ့ အကာအရံတွေ ချိတ်ဆွဲထားတဲ့ အိပ်ရာပေါ်မှာ ထိုင်နေတယ်။ ကြည့်ရတာ မိန်းမအိပ်ခန်းလိုဆိုပေမဲ့ တစ်ချိန်တည်းမှာပဲ အဲ့လိုလည်း မဟုတ်ပြန်ဘူး။
လီအန်းက သာမာန်နေ့တွေကလို ထက်မြက်ရင်တောင် သူက သူ ဘယ်မှာလဲဆိုတာကို မသိသေးဘူး။ သူက အိပ်ရာပေါ်မှာ သတိမေ့နေတဲ့ လီရန်နဲ့ လီတုန်တို့ကို ထပ်ကြည့်လိုက်ပြီးတော့ သူ့ရင်ထဲမှာ ဆို့နင့်သွားတယ်။ သူတို့ ထောင်ချောက်တစ်ခုထဲ ရောက်နေပြီဆိုတာ သေချာတယ်။
သူတို့ရဲ့ ရန်သူက သူတို့ကို မိုးကောင်းကင် အကျဉ်းထောင်ထဲကနေတောင် ခေါ်လာရဲတယ်။ ဒီမကြောက်ရွံ့မှုက အင်အားရှိတဲ့ ကျောထောက်နောက်ခံ ရှိလို့ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ဒီလို အပြုအမူမျိုးနဲ့ အမည်မသိနေရာတစ်ခုမှာ ရောက်လာတယ်။ ဒါရဲ့ နောက်ကွယ်က ရည်ရွယ်ချက်က ဘာများဖြစ်နိုင်မလဲ။
သူက ဒါကို လေးလေးနက်နက် စဉ်းစားနေတုန်းမှာပဲ ‘ကျလွီ’ ဆိုတဲ့အသံနဲ့ တံခါးကို တွန်းဖွင့်လာပြီး တစ်ယောက်ယောက်က အေးအေးဆေးဆေး ဝင်လာတယ်။
ခြေလှမ်းတွေက အေးအေးဆေးဆေးနဲ့ ချဉ်းကပ်လာပြီးတော့ အပန်းရောင်ဂါဝန် ထောင့်က ထွက်ပေါ်လာတယ်။ အဲ့ လှပတဲ့ ဂါဝန် အပေါ်ကို ဆက်ကြည့်လိုက်တော့ ကျက်သရေရှိတဲ့ ပုံစံနဲ့ ချိုမြိန်တဲ့ အပြုံးလေးရှိတဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ သူမရဲ့ မျက်ဝန်းတွေကတော့ အေးစက်နေပြီး ဓားတစ်ချောင်းလို ချွန်ထက်နေတယ်။
“အကြီးဆုံး ကျန်းသခင်မလေး။ ထင်ထားတဲ့အတိုင်းပဲ။ မင်းဖြစ်နေတာကိုး။”
လီအန်းက ခက်ထန်စွာ ရယ်လိုက်တယ်။
သူ့ရဲ့ စိတ်က သူ့ကို စောစောကတည်းက သူမက ဒါတွေ အကုန်လုံးနောက်က သူမလို့ ပြောနေခဲ့ပေမဲ့ သူ ကျန်းယွမ်ကို မြင်လိုက်တာနဲ့ သူ့ရင်ထဲမှာ စကားတွေနဲ့ ပြောပြလို့မရအောင် တစ်ခုခုကို ခံစားလိုက်ရတယ်။ သူက ဒီအခြေအနေကို အတင်းရောက်စေခဲ့လို့ စိတ်တိုခဲ့တာလား။ ဒါမှမဟုတ် အံကြိတ်ရင်းနဲ့ သူ့ရဲ့ ဒေါသကို ဖြေဖျောက်နေတာလား။ ဒါမှမဟုတ် သူ့ရဲ့ ကျွမ်းကျင်တဲ့ အရည်အချင်းကို ကြိတ်မှိတ်သည်းခံနေပြီးတော့ ဂရုမစိုက်စွာနဲ့ အရှုံးကို ဝန်ခံနေတာလား။
ကျန်းယွမ် ပြုံးပြီး ပြောလိုက်တယ်။
“ဒုတိယသခင်လေးလီက တကယ်ပဲ သာမာန်လူ မဟုတ်ဘူးပဲ။ အကြီးဆုံးသခင်လေးလီနဲ့ မဟာကောင်စီဝင် လူကြီးမင်းတို့က သတိပြန်ရမလာကြသေးပေမဲ့ ဒုတိယသခင်လေးလီက နိုးလာပြီးတော့ စိတ်တောင် ကြည်ကြည်လင်လင်ဖြစ်နေပြီ။”
သူမက ခဏရပ်လိုက်ပြီးတော့မှ ဆက်ပြောတယ်။
“ဒါပေမဲ့ လက်ရှိမှာ နိုးနေတာက ကောင်းတဲ့ အရာတစ်ခုတော့ မဖြစ်နိုင်ဘူး။”
“မင်း ဘာလုပ်ချင်တာလဲ။”
လီအန်းက မေးလိုက်တယ်။
ကျန်းယွမ်က ပြောလိုက်တယ်။
“ဒုတိယသခင်လေးလီက သူ ဘယ်မှာလဲဆိုတာ မသိဘူးထင်တယ်။”
လီအန်းက ကျန်းယွမ်ကို ဂရုတစိုက် အကဲခတ်လိုက်ပြီးတော့ သူမ သိမ်မွေ့စွာနဲ့ ညင်သာစွာ ရှင်းပြတာကို ကြားလိုက်ရတယ်။
“ဒါက ယောကျာ်း ဆောင်ကြာမြိုင်ပဲ။ ဒါပေမဲ့ သာမာန် ယောကျာ်း ဆောင်ကြာမြိုင် မဟုတ်ဘူး။ ဒီနေရာက အဆင့်နိမ့်လူတန်းစားတွေ ပျော်ရွှင်တဲ့ နေရာပဲ။ အလုပ်ကြမ်းလုပ်ရတဲ့ အစေခံတွေအတွက် နေရာပဲ။”
အစက လီအန်းရဲ့ မျက်နှာပေါ်က အထင်သေးတဲ့ အကြည့်က ကျန်းယွမ်ရဲ့ စကားတွေကို ကြားပြီးတော့ ရုတ်တရက် ပြောင်းလဲသွားပြီးတော့ သူက တင်းမာလာတယ်။
အကြာကြီး ကြာပြီးတော့ သူက အံကြိတ်ပြီး ပြောလိုက်တယ်။
“ဒါက ဘာကိုဆိုလိုတာလဲ။”
“မဟာကောင်စီဝင်လူကြီးမင်းက အမြဲတမ်း သူ့အာဏာနဲ့ ပြဿနာတွေ ရှာပြီးတော့ လူ့အသက်ကို ပုရွက်ဆိတ်တစ်ကောင်ထက် ပိုပြီး တန်ဖိုး မထားခဲ့ဘူး။ မရေမတွက်နိုင်တဲ့ အဆင့်နိမ့်လူတန်းစားတွေက သူ့လက်ထဲမှာ သေဆုံးခဲ့ကြရတယ်။ အကြီးဆုံးသခင်လေးလီနဲ့ ဒုတိယသခင်လေးလီတို့ကလည်း အတူတူပဲ။ တကယ်လို့ တစ်နေ့မှာ ရှင် ရုန်းကန်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘဲနဲ့ ‘မထိနိုင်တဲ့’ အောက်ပိုင်း ကြောင့် အော်ဟစ်ခဲ့ရရင်။ ရှင့်ရဲ့ ဆေးကို ရှင် ပြန်ခံစားရရင် ဘယ်လောက်တောင် အံ့ဩစရာကောင်းမလဲ။”
လီအန်း သူမကို မျက်တောင်မခတ်ဘဲ ကြည့်နေပေမဲ့ သူ့ရဲ့ မျက်လုံးတွေက ခုနက တုန်းကလို အေးစက်စွာနဲ့ တည်ငြိမ်မနေတော့ဘူး။ သူက သူမကို အော်ချင်ပေမဲ့ ဆေးက သူ့ခန္ဓာကိုယ်ကို ပျော့ခွေပြီးတော့ အားမရှိအောင် လုပ်ထားလို့ သူ့မှာ အော်ဖို့ ခွန်အားမရှိဘူး။ အဲ့အစား သူက ပြောလိုက်တယ်။
“ခွေးမ”
ဒီလိုနည်းလမ်းမျိုးကို ဒီလိုအတွေ့အကြုံရှိတဲ့ အမျိုးသမီးကပဲ တွေးနိုင်မှာ။ သူက သေရမှာကို မကြောက်ဘူး။ ဘယ်လိုနှိပ်စက်မှုကိုမှလည်း မကြောက်ဘူး။ ဒါပေမဲ့ သူ့ကို ဒီလို ‘မထိတွေ့နိုင်တဲ့’ ခန္ဓာကိုယ် အောက်ပိုင်းကို သတီစရာ အပြုအမူတွေ လုပ်တာကိုတော့…. သူ ဒီအကြောင်းကို ပိုတွေးလေလေ သူပိုပြီး ကြက်သီးထလာလေလေပဲ။ ပြီးတော့ ပစ်ပစ်ခါခါ ငြင်းနေတယ်။
ကျန်းယွမ်က သူ့ကို စိတ်ဝင်စားစွာနဲ့ ကြည့်နေတယ်။ သူမရဲ့ မျက်နှာပေါ်မှာ အပြုံးလေးနဲ့ သူမက ပြောလိုက်တယ်။
“ဒီတော့ ဒုတိယသခင်လေးလီကလည်း ကြောက်တတ်သားပဲ။ အစက ကျွန်မက ဒုတိယသခင်လေးလီကို ဒီကမ္ဘာက ဘယ်အရာမှ မရှုံးစေနိုင်ဘူးလို့ ထင်ခဲ့တာ။ ဘယ်လိုလုပ်ပြီးတော့ ရှင်က ကျွန်မကို ဆက်တိုက် ရှုံးရတာလဲ။”
သူမ သူ့ကို ပြောပြတာက ဒီလောက်နဲ့ ရပ်မသွားဘူး။ အပြုံးလေးနဲ့ သူမက ဆက်ပြောတယ်။
“ဒုတိယသခင်လေးလီက နယ်ပယ်တိုင်းမှာ ကျွမ်းကျင်ချင်တဲ့ ဆန္ဒရှိတယ်ဆိုတာကို ကျွန်မ ယုံကြည်တယ်။ ဒါပေမဲ့ အခု မဟာကောင်စီဝင်အိမ်တော်က ပြိုသွားခဲ့ပြီး ဒုတိယသခင်လေးလီက ဘဝမှာ ပထမဆုံးအကြိမ်ကို ခံစားနိုင်မယ့် အခွင့်အရေးမရှိတော့ဘူး။ ဒီတော့ ယွမ်နိုင်က ဒုတိယသခင်လေးလီကို ကူညီပေးပါ့မယ်။”
သူမက ပျော်ရွှင်စွာ ရယ်မောလိုက်ပြီးတော့ ပြောလိုက်တယ်။
“ရှင်တို့ သားအဖ သုံးယောက်က နည်းနည်း ကြည့်ကောင်းပါတယ်။ ဒီနေ့ကစပြီးတော့ ရှင်တို့ သုံးယောက်က ဖောက်သည်တွေ အတူတူ လက်ခံရတော့မယ်။ ဒုတိယသခင်လေးလီက ဒီကိစ္စမှာ ပထမဆုံးဖြစ်မယ်လို့ ကျွန်မထင်တယ်။”
လီအန်းရဲ့ သွေးကြောထဲက သွေးတွေက တစ်ဟုန်ထိုး စီးဆင်းနေပြီးတော့ သူ့ မျက်လုံးတွေက နီလာတယ်။ သူက သူ့ဘဝမှာ မရေမတွက်နိုင်တဲ့ ရန်သူတွေကို ကြုံတွေ့ခဲ့ပြီးတော့ သူတို့ အကုန်လုံးကို ခက်ခက်ခဲခဲနဲ့ မကြိုးစားခဲ့ရဘဲ အမှောက်သိပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူက ကျန်းယွမ်လိုလူမျိုးနဲ့ မတွေ့ဖူးခဲ့ဘူး။ ကြောက်စရာကောင်းစွာနဲ့ သူမရဲ့ လှုပ်ရှားမှုတိုင်းက တွက်ချက်ထားပြီးတော့ ကြိုတင် ပြင်ဆင်ထားသလိုပဲ။ နောက်ဆုံးမှပဲ သူက သူ့ရဲ့ အားနည်းချက်ကို ထင်ထင်ရှားရှား မြင်နိုင်ခဲ့တယ်။ သေခြင်းတရားက ကြောက်စရာမလိုဘူး။ ကြောက်စရာ လိုတာက သေတာထက်ပိုဆိုးတဲ့ ဘဝမှာ နေထိုင်ရခြင်းဖြစ်ပြီးတော့ ဒီလိုဘဝမျိုးကို အဆုံးမရှိဘဲ နေထိုင်ရတာဖြစ်တယ်။
သူ့ရဲ့ တစ်ကိုယ်လုံးကို ကြောက်လန့်မှုက လွှမ်းမိုးသွားတယ်။ သူက လွတ်မြောက်ဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မိန်းမျိုလေးရဲ့ လှောင်ပြောင်တဲ့ မျက်နှာကို သူမြင်တော့ သူ့ရင်ထဲမှာ ကြံရာမရ ဆုပ်ကိုင်မိသလိုမျိုး သူခံစားလိုက်ရတယ်။
လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး။ သူ့ရှေ့က မိန်းမပျိုက လူသားမဟုတ်ဘူး။ သူမက မကောင်းဆိုးဝါးပဲ။ ငရဲရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ပေါက်ဖွားလာတဲ့ ဘိန်းပင်တစ်ပင်ပဲ။ သူမရဲ့ အလှက လူတွေကို ရင်ခုန်စေပေမဲ့ သူမ နီးကပ်လာတာနဲ့ သူမရဲ့ ရက်စက်တဲ့ နွယ်တွေက မင်းကို ခုံးဝ ရစ်ပတ်ပြီးတော့ ငရဲကို တောက်လျှောက်ဆွဲခေါ်သွားမှာ ဖြစ်တယ်။
သူမက ဘာမှမလုပ်ခဲ့တာ မဟုတ်ပေမဲ့ တစ်ခုတည်းသော လှုပ်ရှားမှုက တခြားသူတွေ အတွက် ကျယ်ကျယ်ပြန့်ပြန့် ဆုံးရှုံးမှုကို ပြတ်ပြတ်သားသားဖြစ်စေခဲ့တယ်။
လီအန်း ခေါင်းမော့လိုက်ပြီး သူမရဲ့ မျက်ဝန်းထဲကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။
‘မင်းဘာလို့ မဟာကောင်စီဝင်အိမ်တော်နဲ့ ရင်ဆိုင်ချင်ရတာလဲ။”
ကျန်းယွမ် သူ့ကို တိတ်ဆိတ်စွာနဲ့ ဘာမှမပြောပဲ ကြည့်နေတယ်။ ရုတ်တရက် ချိုမြိန်ပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးက သူမရဲ့ မျက်နှာပေါ်ကနေ လုံးဝ ပျောက်ကွယ်သွားပြီးတော့ ပထမဆုံးအကြိမ် သူမ သူ့အပေါ်ထားတဲ့ အမုန်းတရားက ပေါ်ထွက်လာတယ်။ လှိုင်းထန်နေတဲ့ သမုဒ္ဒရာလိုပဲ ရုတ်တရက် လေထန်နေပြီး အရာရာတိုင်းက လှိုင်းလုံးကြီး တစ်ခုလိုပဲဖြစ်နေပြီး အဲ့လှိုင်းလုံးကြီးက သွေးတွေနဲ့ ရန်လိုစိတ်တွေ ပါနေပြီးတော့ နက်နဲတဲ့ မုန်းတီးမှုက ပါဝင်နေပြီးတော့ လုံးဝလိုက်လျော ညီထွေမဖြစ်နိုင်တဲ့ ရန်သူတွေပဲ။
ဒီလိုမျက်ဝန်းတစ်စုံ စိုက်ကြည့်တာ ခံရတော့ လီအန်းရဲ့ နောက်ကျောက အေးစက်သွားတယ်။ သူ သူ့ရှေ့က မိန်းကလေးကို ဆန့်ကျင်တာက သူ့ဘဝမှာ ချခဲ့ဖူးသမျှ ဆုံးဖြတ်ထဲမှာ ဦးနှောက်မရှိဆုံး ဆုံးဖြတ်ချက်လို့ သူခံစားလိုက်ရတယ်။
ကျန်းယွမ် အခန်းအလယ်မှာ မတ်မတ်တောင့်တောင့်ကြီး မတ်တပ်ရပ်နေတယ်။ သူမရဲ့ အေးစက်စွာနဲ့ လှပတဲ့ မျက်နှာလေးက သူ့ရဲ့ ရင်ထဲမှာ ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေတယ်။ သူမက သူမရဲ့ လက်တွေကို သူမရဲ့ အင်္ကျီလက်ပေါ်တင်ထားပြီးတော့ လက်ပိုက်ထားတာက သူမကို ကြော့ရှင်းတဲ့ ပုံစံ ပေါ်စေပေမဲ့ အန္တရာယ်ပေးမယ့် ရောင်ဝါကတော့ ရှိနေသေးတုန်းပဲ။
သူမက သိမ်မွေ့စွာ သက်ပြင်းချလိုက်ပြီးတော့ ပြောတယ်။
“အဲဒါ အရင်ဘဝတုန်းက ရှင်က မဟာကောင်စီဝင်အိမ်တော်က ကျွန်မကို အသက်ကြွေးတွေ အများကြီးတင်နေလို့ နေမှာ။”
လီအန်း ကြောင်သွားတယ်။ ကျန်းယွမ်ရဲ့ စကားတွေက ဦးနှောက်ခြောက်စရာတွေဆိုပေမဲ့ သူမပြောတာတွေက မှန်တယ်ဆိုတဲ့ နောက်ထပ်ခံစားချက် တစ်ခု သူရနေတယ်။ သူ ကျန်းယွမ်ကို တစ်စက်ကလေးမှ မလှုပ်ပဲ အကဲခတ်နေတယ်။ သတိပေးခြင်း မရှိဘဲ သူက စိတ်ပျက်တဲ့ အပြုံး ပြုံးပြီး ပြောလိုက်တယ်။
“လောင်းကစားလုပ်ဖို့ သဘောတူထားရင် အရှုံးကို လက်ခံရမယ်။ ငါ ရှုံးသွားပြီ။”
“မှားတယ်။”
ကျန်းယွမ်က သူ့ကို ပြောလိုက်တယ်။ သူမရဲ့ အပြုံးက အရင်ကလို သိမ်မွေ့ပြီး ချိုမြိန်တယ်။ သူမက ပြောလိုက်တယ်။
“ကျွန်မ ကျွန်မကိုယ်ကျွန်မ ဒုတိယသခင်လေးလီကို ဆန့်ကျင်ဖို့ ဘယ်တုန်းကမှ မပြင်ဆင်ခဲ့ဘူး။ ကျွန်မက မဟာကောင်စီဝင် အိမ်တော်ကို ပြိုလဲစေချင်ခဲ့တာ ဖြစ်ပြီးတော့ ရှင်၊ ဒုတိယသခင်လေးလီက မကာကွယ်နိုင်ခဲ့ဘူး။”
သူမက ခြောက်သွေ့စွာ ပြောလိုက်တယ်။
“မဟာကောင်စီဝင်အိမ်တော်က လူတစ်ရာနဲ့ သုံးယောက်နီးပါး ရှိတယ်။ မနေ့က သူတို့ အကုန်လုံးကို မရီဒီးရန်းဂိတ်မှာ ခေါင်းဖြတ်သတ်ခဲ့တယ်။ ဧကရာဇ်က အရမ်း ဒေါသထွက်ခဲ့ပြီးတော့ မိသားစု တစ်ခုလုံးကို အပြစ်ရှိတယ်ဆိုပြီး အမိန့်ချလိုက်ပြီးတော့ အမိန့်အတိုင်း ပြစ်ဒဏ်ပေးခဲ့တယ်။”
“အသက်ပေါင်း တစ်ရာ့သုံးသက်နဲ့ အသက်ပေါင်းတစ်ရာ့သုံးသက်ကို ချေလိုက်ပြီ။ ဟုတ်တယ်။ အရင်ဘဝက အကြွေးက ကျေသွားပြီ။”
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...