အခန်း-၃၈ အဝတ်အစားချုပ်ပေးခြင်း
ကျန်းသခင်မကြီးက ဘုရားတရား အမြဲတမ်း လိုက်စားခဲ့တယ်။
ကျန်းယွမ်ပြောတာကို ကြားပြီးတော့ သူမက ပြောတယ်။
“အကြီးမလေးပြောတာ မှန်တယ်။ ကျန်းအိမ်တော်က အကြင်နာတရား
ကင်းမဲ့တဲ့နေရာ မဟုတ်ဘူး။ တစ်ယောက်ယောက်က မင်းရဲ့လက်အောက်ကနေ
သူမရဲ့မျက်လုံးတွေကို ဖောက်ထုတ်လိုက်တာက မင်း အိမ်ကိစ္စတွေ
ကြီးကြပ်တာ ကောင်းတယ်လို့ မပြောဘူး။ သူက အရေးမပါတဲ့
အစေခံတစ်ယောက်ဖြစ်လို့ သူ့ကို အကြီးမလေးရဲ့ခြံထဲမှာ
အလုပ်အကျွေးပြုခိုင်းတာ နစ်နာစရာမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီအစေခံက သူမရဲ့
အစေခံတွေထဲက တစ်ယောက်ပဲ ဒါ့ကြောင့် သူမကို ဒီကိစ္စဖြေရှင်းခိုင်းတာ မှန်ပါတယ်”
ကျန်းယွမ်က ပြုံးပြီး ပြောလိုက်တယ်။
“ကျေးဇူးပါ အဘွား”
ရှယန်က အံ့အားသင့်သွားပေမဲ့ အလျင်အမြန် စိတ်ကို ပြန်ချုပ်တည်းလိုက်ပြီးတော့
ရယ်ရင်း ပြောလိုက်တယ်။
“အမေလည်း သဘောတူတယ်ဆိုတော့ ကျွန်မ ဒီကိစ္စကို ဆက်ပြီး မငြင်းတော့ပါဘူး။
ဒါပေမဲ့ ကျန်းယွမ်က ဒီအစေခံကို သူ့ခြံထဲကို ခေါ်သွားရင်ရော သူက ဘာလုပ်စရာ
လိုတာလဲ။ အရင်အတိုင်း အဲ့အစေခံက အညစ်အကြေးကို သွန်မှာလား”
ကျန်းယွမ် မရယ်ဘဲ မနေနိုင်ခဲ့ဘူး။
“အမေက အရမ်း စိတ်ပူနေတာပါ။ ကျိုးမော့မော့က အခု သမီးအိမ်က
လူတစ်ယောက် ဖြစ်သွားပြီဆိုတော့ သူ့ကို အရင်လိုပဲ အိမ်အလုပ် ပြန်ခိုင်းတော့မယ်”
ရှယန်ရဲ့မျက်လုံးတွေက အရောင်လက်သွားတယ်။
“ယွမ်နင် သမီးက လက်မထပ်ရသေးတဲ့ မိန်းကလေး။ သမီးဘေးမှာ မျက်စိမမြင်တဲ့
အစေခံရှိတာ သူများတွေ သိသွားရင် မကောင်းဘူး”
“အဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ဘာမှားနေလို့လဲ”
ကျန်းယွမ်က ဆက်ပြောလိုက်တယ်။
“ဒီကမ္ဘာထဲက အရာအားလုံးကို အပြင်ပန်းသဏ္ဍာန်နဲ့ ခွဲခြားလို့မရပါဘူး”
“တော်လောက်ပြီ”
ကျန်းသခင်မကြီးက စိတ်မရှည်စွာ ပြောလိုက်တယ်။
“အကြီးမလေးက ငယ်သေးတယ်။ သူမက အပြင်ကို သူမရဲ့နာမည်ကောင်းကို
ကာကွယ်ဖို့ ထွက်စရာ မလိုသေးဘူး။ သူ အစေခံနဲ့ သက်တောင့်သက်သာ
ရှိနေသေးသရွေ့ အဲဒါ အဆင်ပြေတယ်။ အဲ့အကြောင်းကို စိတ်ပူနေရမဲ့အချိန်
မဟုတ်သေးဘူး”
သူမက ကျန်းယွမ်ကို အပေါ်အောက် ကြည့်လိုက်ပြီး အံ့အားသင့်သွားတယ်။
“နောက်ရက်နည်းနည်းကြာရင် လက်ထောက်ဝန်ကြီးရှန်ရဲ့မိန်းမက မွေးနေ့ပွဲ
ကျင်းပလိမ့်မယ်။ ပြီးတော့ ကျန်းအိမ်တော်က အမျိုးသမီးငယ်လေးတွေကို
ဖိတ်လိမ့်မယ်။ မင်းက အမေအနေနဲ့ ကျန်းအိမ်တော်ထဲမှာ
တစ်နေကုန် ပြေးလွှားနေရတဲ့ ကိုယ့်ကိုယ်ကိုပဲ စိတ်ပူမနေနဲ့ဦး။ မင်း
ဒီအကြီးမလေးကို အဝတ်သစ်တွေ စီစဉ်ပြီးနေရမှာ။ ကြည့်ပါဦး သူ ဒီနေ့ ဘယ်လို အဝတ်တွေ ဝတ်လာတာလဲ။ သူများတွေ သူမကို အခုတွေ့ရင် ငါတို့
ကျန်းအိမ်တော်က တရားဝင်သမီးကြီးကို
ဘယ်လိုဆက်ဆံနေလဲဆိုပြီး ပြောကြမှာ”
သူမ ကျန်းအိမ်တော်ကို ပြန်ရောက်တာတောင် ကျန်းယွမ်က အရင်က
အဝတ်ဟောင်းတွေ ဝတ်နေတုန်းပဲဖြစ်ပြီး အစိမ်းရင့်ရောင်အင်္ကျီကို
ဝတ်နေတုန်းဖြစ်တယ်။ သူမရဲ့အသွင်အပြင်က တောက်ပပေမဲ့ အဝတ်ဟောင်းတွေက
အရောင်တွေ ဆွေးနေပြီး သူမနဲ့ကျန်းစုစုကြားမှာ
သိသိသာသာ ခြားနားနေတာကို ချက်ချင်း သတိထားမိစေတယ်။ ကျန်းစုစုက
အဖြူရောင်အဝတ်တွေနဲ့ ရိုးရှင်းတဲ့ လက်ဝတ်တန်ဆာတွေကို အကြိုက်ဆုံးဖြစ်တယ်။
တစ်ချက် ကြည့်လိုက်ရုံနဲ့ သူမက ရိုးရိုးနဲ့ ကြော့ရှင်းနေတယ်။
ဒါပေမဲ့ သေချာစစ်ကြည့်လိုက်ရင် သူမရဲ့အဝတ်တွေက ဈေးကြီးတဲ့ ပိတ်စတွေနဲ့
လုပ်ထားတာဖြစ်ပြီး သူတို့အပေါ်မှာ ပန်းထိုးထားတာကလည်း
အရည်အသွေးအမြင့်ဆုံး ဖြစ်တယ်။ သူမဝတ်တဲ့ လက်ဝတ်တန်ဆာ အနည်းငယ်ကလည်း
ရိုးရှင်းပေမဲ့ အဲဒါတွေ အကုန်လုံးက အရမ်းဈေးကြီးတယ်။ သူမကို
ကြည့်လိုက်ရင်း သူမက မျိုးကောင်းမျိုးသန့်နဲ့ စိတ်နေစိတ်ထား
သိမ်မွေ့စွာ သေချာ ဂရုစိုက်ခံရပြီး စေ့စေ့စပ်စပ် ပျိုးထောင်ထားတဲ့
ချမ်းသာတဲ့မိသားစုက အမျိူးသမီးငယ်လေးဆိုတာ ထင်ထင်ရှားရှား သိနိုင်တယ်။
“ယွမ်အာက စုအာနဲ့ ယှဉ်လို့တော့ မရပါဘူး။ မိထွေးအနေနဲ့ သူမကို
စိတ်ပူသင့်သေးတယ်”
ကျန်းသခင်မကြီးက ရှယန်ကို ဆုံးမလိုက်တယ်။
ရှယန်က ရှက်ရွံ့စွာ ပြောလိုက်တယ်။
“ဒါက ချွေးမရဲ့အပြစ်တွေပါ။ ဒီရက်ပိုင်းမှာ
ယွမ်နင် ပြန်ရောက်လာပြီးတော့ ချွေးမက
ကျန်းအိမ်တော်ရဲ့ကိစ္စတွေကို အာရုံစိုက်နေလို့
ယွမ်နင်အကြောင်းကို မေ့သွားပါတယ်။ နောက်ကျရင် ချွေးမက
ရုယိလိုက အပ်ချုပ်သည်ကို ခေါ်ပြီး ယွမ်နင်အတွက် အင်္ကျီအချို့ ချုပ်ဖို့
တိုင်းခိုင်းလိုက်ပါ့မယ်။ သမီးတို့ရဲ့ တရားဝင်သမီးကြီးက ကြည့်လို့
မခံ့ညားဘဲနေလို့ ဘယ်ရမလဲ”
စကားနည်းနည်း ထပ်ပြောပြီးတာနဲ့ ရှယန်က နောက်ပိုင်းမှာ ကျန်းအိမ်တော်က
ကိစ္စတွေနဲ့ အလုပ်ရှုပ်နေပြီး သူမက အပ်ချုပ်သည်ကို
ချက်ချင်းခေါ်ပေးမယ်လို့ ပြောနေတယ်။ ဒီနည်းလမ်းနဲ့ သူမက
သူမရဲ့အမှားတွေကို ပြန်မှတ်မိနိုင်ပြီး ပိုကောင်းအောင် ပြုမူမှာဖြစ်တယ်။
ဒါ့ကြောင့် ကျန်းသခင်မကြီးက စိတ်မပူတော့ပဲ နေခဲ့တယ်။ နောက်ထပ် ဆုံးမပြီး ကိုယ့်ကိုယ်ကို ရှုံ့ချတဲ့ စကားအနည်းငယ်ပြောပြီး ကျန်းယွမ်နဲ့
သူမရဲ့အစေခံက အိမ်တော်ကနေ ထွက်လာခဲ့တယ်။
ကျန်းစုစုက တံခါးနားမှာ ရပ်နေပြီး ကျန်းယွမ်ကို ခေါ်လိုက်တယ်။
“မမ ဘာလို့ စုစုရဲ့အိမ်ကို ဘာလို့ လာလည်ပြီး ခဏလောက် မနေတာလဲ”
ကျန်းယွမ်က ပြန်ပြောလိုက်ယ်။
“နောက်နေ့ကျရင် မမ လုပ်စရာကိစ္စလေးတွေ ရှိသေးတယ်”
“မမက ညီမလေးကို သဘောမကျဘူးလား”
ကျန်းစုစုက ခိုကိုးရာမဲ့စွာ ပြောလိုက်တယ်။
“စုစုက ဘာ အမှားလုပ်မိလို့လဲ”
“အဲဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ကျန်းယွမ်က အံ့ဩစွာ ကြည့်လိုက်တယ်။ ညင်သာတဲ့အသံနဲ့ ဆက်ပြောလိုက်တယ်။
“မမက ညီမလေးရဲ့မမလေ ပြီးတော့ ညီမလေးက မမရဲ့ညီမလေးပဲ ဘယ်လိုလုပ်ပြီး မမက
ညီမလေးကို သဘောမကျတာ ဖြစ်နိုင်မှာလဲ။ သိပ်ပြီး အရမ်းကြီး မတွေးပါနဲ့”
ကျန်းစုစုရဲ့မျက်နှာထားက မပြောင်းလဲဘူး။
သူမက ခေါင်းမော့လိုက်ပြီး ပြောလိုက်တယ်။
“မမရဲ့စကားတွေကို ကြားရတော့ ညီမလေး
စိတ်ထဲမှာ ပေါ့သွားတယ်။ နောက်ရက်ကျရင်
ရှန်အမျိုးသမီးတွေရဲ့ အိမ်ကို ညီမလေးတို့ သွားတဲ့ အချိန်ကျရင် ညီမလေး
မမကို ကောင်းကောင်း ဂရုစိုက်ပါ့မယ်”
ကျန်းစုစုက ထွက်သွားတော့ လုကျူးက သူမနောက်ကျောကို
ကြည့်ပြီး ပြောလိုက်တယ်။
“သခင်မလေး ဘာလို့ ဒုတိယသခင်မလေးက
ထူးဆန်းတဲ့ခံစားချက်တွေ ပေးနေတာလဲ”
“ဘာက အရမ်းထူးန်းတာလဲ”
ကျန်းယွမ်က မေးလိုက်တယ်။
လုကျူးက လေးလေးနက်နက်တွေးလိုက်တယ်။
“ကျွန်မ တကယ်မသိတော့ဘူး။ သူနဲ့ သခင်မက စိတ်ကောင်းရှိတယ်လို့ ကျွန်မ
ခံစားရတယ်။ အခုဖြစ်တဲ့ အခြေအနေနဲ့ဆိုရင် ဘယ်သူမဆို ဒေါသထွက်သွားမှာ ဖြစ်ပေမဲ့ ဒုတိယသခင်မလေးနဲ့ သခင်မက ပြုံးနြေ
ပီး အရမ်းယဉ်ကျေးတယ်။ ဒီကမ္ဘာမှာ ဒီလိုလူတွေ ဘယ်လိုလုပ် ရှိနေသေးတာလဲ။
ရွှံ့ရုပ်တောင် အခြေခံစိတ်ခံစားမှု အတိုင်းအတာတစ်ခုအထိ ရှိတယ်”
ကျန်းယွမ် ယဲ့ယဲ့ပြုံးလိုက်တယ်။ ရှယန်က ပညာကောင်းကောင်းတတ်ပြီး အသံနဲ့
ဆုံးဖြတ်ချက်ချနိုင်စွမ်း ရှိတယ်။ ကျန်းစုစုက ကြော့ရှင်းပြီး ခံ့ညားတယ်။
သူတို့နှစ်ယောက်လုံးအတွက် သူတို့ရဲ့ဂုဏ်သတင်းက သူတို့လည်ပင်းမှာ ပတ်နေတဲ့
ကြိတ်ဆုံကျောက်ပဲ။ သူတို့ရဲ့ မြင့်မြတ်တဲ့ အပေါ်ယံကို ထိန်းသိမ်းဖို့နဲ့ သူများတွေ
အနားမှာရှိရင် သူတို့က အမြဲ သင့်တော်ပြီး
စိတ်ထား မြင့်မြတ်နေမှာ ဖြစ်ပြီးတော့
သူတို့က သူတို့ရဲ့ဂုဏ်သိက္ခာကို ဆုံးရှုံးအောင် ပြုလုပ်တဲ့သူတွေကို သူတို့က
ဘာမဆိုလုပ်မှာ ဖြစ်တယ်။ အခုလေးတင် သူမက သူမရဲ့အထောက်အထားက
တရားဝင်သမီးကြီး ဖြစ်ကြောင်း အကြိမ်ကြိမ် ပြောခဲ့ပြီး ကျန်းစုစုက
သူမရဲ့ဒေါသကို ထိန်းထားဖို့ ခက်ခက်ခဲခဲ လုပ်နိုင်မှာလား။ ဘာပဲဖြစ်ဖြစ် ဒါက
အစပဲ ရှိသေးတယ်။
ရှယန် အမြန် စီစဉ်လိုက်တယ်။ နေ့လည်ကျတော့ ရူယိလိုက အပ်ချုပ်သမက
ယွမ်ကျူးကို ရောက်လာခဲ့တယ်။ သူမက လျိုရူရီလို့ခေါ်တဲ့ အမျိုးသမီးပဲ။ ရူယိလိုက
မြို့တော်ထဲမှာ အဝတ်ချုပ်ဖို့ မှာတာနဲ့ မြို့တော်က ချမ်းသာတဲ့ မိသားစုတွေက
အမျိုးသမီးငယ်လေးတွေအတွက် အဝတ်အထူးချုပ်ပေးတဲ့ အကောင်းဆုံး
ဆိုင်တစ်ဆိုင် ဖြစ်တယ်။ အခုအချိန်မှာ ကျန်းမိသားစုက သခင်မလေးအကြောင်း
မြို့တော်ထဲကလူတွေက ပြောနေကြလို့ လျိုရုရီကလည်း
ကျန်းသခင်မလေးအကြောင်း အရမ်းစိတ်ဝင်စားနေတယ်။
သူမ ယွမ်ကျူးကို ရောက်တဲ့ အချိန်မှာ အိမ်တော် အဝင်ဝကျောက်ပြားမှာ
ဝင့်ဝင့်ဝါဝါနဲ့ ရေးထားတဲ့ “ယွမ်ကျူး”ဆိုတဲ့
စာလုံးကြီးနှစ်လုံးကို တွေ့လိုက်တယ်။ စာလုံးတွေက ထူးထူးခြားခြား
ခံ့ညားထည်ဝါနေပြီး စုတ်ချက်တွေက ခံ့ညားပြီး လွတ်လပ်စွာ စီးဆင်းနေတယ်။
သူတို့က ချွန်ထက်တဲ့ အစွန်းရဲ့ အရိပ်အမြွတ်ကို ထိန်းသိမ်းထားပြီး မပူပန်တဲ့ ဓားနဲ့
တူတယ်။ လျိုရုရီက နေ့တိုင်း လူချမ်းသာတွေနဲ့ ဩဇာရှိတဲ့ မိသားစုတွေနဲ့
အလုပ်လုပ်ရတာ ဆိုတော့ သူမက လက်ရေးလှနဲ့ ပညာသင်ဆုတွေနဲ့ ပတ်သက်တဲ့
ဗဟုသုတတွေ ရှိခဲ့တယ်။ ဒီစာလုံးတွေကို မြင်လိုက်ရတော့ သူမ လေးစားတဲ့အနေနဲ့
သက်ပြင်းမချဘဲ မနေနိုင်ခဲ့ဘူး။ မြို့တော်မှာ မင်းသားရှစ်ရဲ့လှပတဲ့လက်ရေးက
အမြဲတမ်း ခံ့ညားပြီး ကြော့ရှင်းတယ်ဆိုပြီး အမြဲချီးကျူးခံရတယ်။ ဒါပေမဲ့
ဒီကျောက်ပြားပေါ်က စာလုံးတွေကလည်း အဲ့လိုထူးခြားတယ်လို့ သူမ
ခံစားလိုက်ရတယ်။လန်ချောင်က သူမကို အိမ်ထဲကို ဧည့်ကြိုနေချိန်မှာ လျိုရုရီက အဝင်ဝက ကျောက်ပြားကို
စိုက်ကြည့်နေတာကို ရုတ်တရက် သတိပြုမိသွားတော့
သူမ ပြုံးပြီးပြောလိုက်တယ်။
“ဒီစာလုံးတွေက ကျွန်မတို့အိမ်က သခင်မလေး ရေးထားတာပါ”
လျိုရုရီက ပြုံးပြီး ပြောလိုက်တယ်။
“လက်ရေး တော်တော်လှတာပဲ”
လူတစ်ယောက်ရဲ့အကျင့်ကို သူတို့ရဲ့ စုတ်ချက်တွေကနေ ပြောနိုင်တယ်လို့
ဆိုထားတဲ့အတိုင်း လျိုရုရီက သူမ တွေ့ရမယ့် ကျန်းမိသားစုက သခင်မလေးကို
စိတ်ဝင်စားသွားတယ်။
အိမ်ထဲကို ဝင်လိုက်တော့ လန်ချောင်က လှမ်းပြောလိုက်တယ်။
“သခင်မလေး ရူယိလိုက လျိုကူးကူး(ကူးကူး-အဒေါ်) ရောက်လာပါပြီ”
ကျန်းယွမ်က သူမ ကိုင်ပြီး ဖတ်နေတဲ့ စာအုပ်ကို ချလိုက်တယ်။ လျိုရုရီက
အံ့အားသင့်သွားတယ်။ သူမက မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အိမ်တွေကို
သွားရောက်ခဲ့ပြီး ဩဇာရှိတဲ့ လူတွေအတွက် အဝတ်တွေ ချုပ်ပေးခဲ့ရပြီး လှပတဲ့
အမျိုးသမီးတွေ အများကြီးကို တွေ့ခဲ့ဖူးတယ်။ ဒါပေမဲ့ သူမက
ကျန်းယွမ်ကို တွေ့တဲ့ အချိန်မှာ မအံ့ဩပဲ မနေနိုင်ခဲ့ဘူး။
ကျန်းယွမ်က စာဖတ်ရင်း ပင်ပန်းလာလို့ နူးညံ့တဲ့ အိပ်ရာပေါ်မှာ လှဲနေတယ်။
သူမရဲ့တစ်ကိုယ်လုံးက သက်တောင့်သက်သာ ရှိနေတဲ့ပုံပဲ။ ပြီးတော့ သူမ မျက်စိကို
ဖွင့်လိုက်ပြီး မသိဘာသာဘဲ ပျင်းရိတဲ့ရောင်ဝါကို ဖယ်ထုတ်လိုက်တယ်။ ဒါပေမဲ့ သူမရဲ့
ဆွဲဆောင်မှုရှိတဲ့ မျက်စိဖွင့်လိုက်တော့
မဖုံးကွယ်ရသေးတဲ့ ပြင်းထန်တဲ့အအေးဓာတ်ကို တွေ့ရတယ်။
သူမရဲ့အကြည့်က တည်ငြိမ်ကြော့ရှင်းတဲ့ တရုတ်နှင်းဆီပန်းလိုပဲ၊
သူရဲ့သဘာဝအတိုင်း အေးစက်ပြီး ဆွဲဆောင်မှုရှိတယ်။
သူမက လျိုရုရီကို ပြုံးပြလိုက်တာ အေးစက်တဲ့ အငွေ့အသက်က ချက်ချင်း ပျောက်ကွယ်
သွားပြီး သိမ်မွေ့တဲ့ စိမ့်စမ်းရေနဲ့ အစားထိုးလိုက်တယ်။
“လျိုကူးကူး”
လျိုရုရီက သူမရဲ့အံ့အားသင့်မှုကို ဖုံးကွယ်လိုက်ပြီး ပြုံးလိုက်တယ်။
“ကျွန်မက ဒီကို သခင်မလေးကျန်းအတွက် အဝတ်ချုပ်ပေးဖို့ လာတာပါ။ ဒီမှာ
ပိတ်စတွေပါ။ သခင်မလေး ကြိုက်တဲ့ ပိတ်စတစ်စကို ရွေးလိုက်ပါ”
စားပွဲပေါ်မှာ ပြထားတဲ့ ပိတ်စတွေက ပထမတန်းစား ပိုးမျှင်တွေနဲ့ ရက်လုပ်ထားတာဖြစ်ပြီး အရောင်မျိုးစုံ ဖြစ်တယ်။
မိုးရွာပြီးဖြစ်ပေါ်တဲ့တိမ်ရောင်၊ နွေဦးရဲ့အရောင်၊ ပျားမက်မွန်ရောင်၊
အပန်းရင့်၊ အဝါနုရောင် တို့ဖြစ်တယ်။ အရောင်တွေ အကုန်လုံးက
အမျိုးသမီးငယ်တွေကို ဝတ်လိုက်ရင် ဝမ်းသာမှုကို ခံစားရစေတယ်။ ရှယန်
သူမအတွက် ရွေးထားတဲ့ ဒီအရောင်တွေက စိုစိုလွင်လွင် တောက်ပတဲ့
အရောင်တွေပဲ ဖြစ်တယ်။ ပြီးတော့ သူမရွေးထားတာ ပြစ်ချက်မရှိဘူး။
ဒီလိုအရောင်တွေ ဝတ်တဲ့သူက ကျန်းစုစုအတွက်
ချက်ချင်း မြေဩဇာ(အသုံးချခံ) ဖြစ်သွားမှာပဲ။
ပိုပြီး တောက်ပလေ ကျန်းစုစုနဲ့ သူမရဲ့အဖြူရောင် အသွင်အပြင်က နတ်သမီးလေးနဲ့
ပိုပြီးတူလေလေပဲ။ ဒီလို နှိုင်းယှဉ်တာက ကျန်းယွမ်အတွက် အဆင်မပြေဘူး။
ကျန်းယွမ် အလယ်ခေါင်က အနီရဲရဲပိတ်စကို ညွှန်ပြလိုက်တယ်။
“ဒီတစ္ခု”
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...