Part 6

4.9K 422 0
                                    

M Link မှ ဖတ်ရန်
Descriptionတွင်ကြည့်ပါ။

အခန်း-၆
အရာရာတိုင်းမှာ သူတို့ရဲ့ ဆန့်ကျင်ဘက်ရှိတယ်။ ယင်ရှိရင် ယန်ရှိတယ်။ ခါးသီးမှုရှိရင် ချိုမြိန်မှု ရှိတယ်။ ရွှေရောင်အိမ်တော်ရှိရင် တဲစုတ်လေးလည်းရှိတယ်။ ချမ်းသာတဲ့ အိမ်တွေရှိရင် ပင်းယန်လမ်းကြားမှာလို ဆင်းရဲတဲ့ အိမ်တွေလည်း ရှိတယ်။ အရှေ့ဘက်လမ်းက ဖွံ့ဖြိုးတိုးတက်နေချိန်မှာ အနောက်ဘက်လမ်းက ဆုတ်ယုတ်နေတယ်။
နှစ်သစ်ကူးရဲ့ အငွေ့အသက်သာ မရှိရင် အနောက်လမ်းက လူတွေက တစ်နေရာနဲ့ တစ်နေရာကို မြန်မြန်ဆန်ဆန် ပြေးသွားနေကြမှာ ဖြစ်တယ်။ သူတို့မှာ နှစ်သစ်ကူးအတွက် အနားယူတဲ့စိတ် မရှိဘူး။ သူတို့ရဲ့ မျက်နှာတွေက အေးစက်ပြီး စိတ်မပါကြဘူး။ အစားအသောက်တွေနဲ့ အဝတ်အစားတွေ ဈေးကြီးတာနဲ့ ယှဉ်လိုက်ရင် နှစ်သစ်ကူး ပွဲတော်က သူတို့အတွက် အရေးမပါကြဘူး။ လမ်းအလယ်လောက်က အိမ်အနည်းငယ်ကပဲ နှစ်သစ်ကူး စာရွက်နီတွေကို ကပ်ထားကြပြီး နှစ်သစ်ကူရဲ့ အငွေ့အသက်ကို ခံစားနိုင်တဲ့ ရှေးခေတ် မီးအိမ်တွေကို ချိတ်ဆွဲထားကြတယ်။
အလှပြင်ပစ္စည်း အရောင်းဆိုင် ရှေ့မှာ စောစောကမှ ကောက်ရထားတဲ့ ကြယ်သီးနဲ့ ကလေးတွေက ကစားနေကြတယ်။ တစ်ခါတလေ သူတို့က ကျန်းယွမ်တို့ သုံးယောက် လမ်းလျှောက်သွားတာကို ကြည့်ပြီးတော့ သူတို့ဘာသာ ပြန်ကစားနေကြတယ်။
လမ်းကို နည်းနည်းလောက် ဖြတ်သွားပြီးတဲ့နောက်မှာ ဇီးပန်းပွင့်တွေ ရောင်းနေတဲ့ ပန်းသည်တစ်ယောက် အဲမှာ ရှိနေတယ်။ သူ့ရဲ့ဆိုင်ခန်း သေးသေးလေးမှာ သူက ကြွေထည်ပန်းအိုးလေးနဲ့ ဇီးပွင့်တွေကို ခင်းကျင်းထားတယ်။ သူ့မျက်လုံးတွေက ကျန်းယွမ်နဲ့ သူ့အစေခံတွေကို မြင်တာနဲ့ လင်းလက်သွားတယ်။ သူက ခပ်မြန်မြန်ပဲ မေးလိုက်တယ်။
“အရမ်းလှတဲ့ ဇီးပန်းတွေပါ၊ သခင်မလေး တစ်ပွင့် လိုချင်လား။ အဲဒါတွေကို အိမ်ထဲမှာ ထားထားရင် အဲဒါက အရမ်းကြည့်လို့ လှတယ်။ အဲဒါ ရနံ့လည်း မွှေးတယ်”
“ဒီဇီးပန်းတွေက ဘယ်လောက်လဲ”
လန်ချောင်က မေးလိုက်တယ်။
ပန်းသည်က သူ့လက်တွေကို ဖြန့်ပြီး ပြောလိုက်တယ်။
“အဲဒါတွေက ဈေးမကြီးပါဘူး။ ကြေးပြား ငါးပြားပါပဲ”
“ဈေးအရမ်း ကြီးတာပဲ”
လန်ချောင်က အံ့အားသင့်စွာ ပြောလိုက်တယ်။
“ကျွန်မတို့ မယူတော့ဘူး”
“အာရာ အာရား”
ဒါကို ကြည့်ပြီးတော့ ပန်းသည်က ခပ်မြန်မြန် ပြောလိုက်တယ်။
“အဲဒါကို မေ့လိုက်တော့ ကြေးပြား သုံးပြားနဲ့ရောင်းမယ်။ ဈေးက ထပ်လျှော့လို့ မရတော့ဘူး။ ငါ့မိသားစုထဲက ကလေးတွေက ထမင်းနွေးနွေးလေး တစ်ပန်းကန်ကို စောင့်နေကြတယ်။
လန်ချောင် က ဈေးထပ်ဆစ်ချင်သေးပေမဲ့ ကျန်းယွမ်က ပြောလိုက်တယ်။
“ကျွန်မ ရှင့်ဆီက ပန်းတွေ အကုန်ယူမယ်”
ပိုင်ကျီ အံ့အားသင့်စွာ ကြည့်လိုက်ပြီး သဘောမတူသလို ပြောလိုက်တယ်။
“သခင်မလေး အခု ပိုက်ဆံက ကြပ်တည်းနေတာ..”
ကျန်းယွမ် ခေါင်းယမ်းလိုက်တယ်။
“ငါ ပြောသလိုပဲ လုပ်လိုက်ပါ။ သူတို့ကို နောက်ကျရင် လိုလာမှာ”
ပိုင်ကျီက ထပ်မပြောတော့ဘူး။ သူမက အဝတ်ပိုက်ဆံအိတ်ထဲက ကြေးပြားအချို့ကို ပန်းသည်ကို ပေးလိုက်တယ်။ ပန်းသည်က ဒီလို လွယ်လွယ်နဲ့ ရောင်းနိုင်လိမ့်မယ်လို့ မထင်ထားဘူး။ ပုံမှန်ဆိုရင် အနောက်လမ်းက လူတွေက ကပ်စီးနည်းကြတယ်။ သူတို့က ပိုက်ဆံတွေကို ပန်းဝယ်တဲ့ နေရာမှာ မသုံးကြဘူး။ ဒါပေမဲ့ ဒီနေ့ သူ တော်တော်ရလိုက်တာပဲ။ သူက ပန်းတွေကို ပန်းအိုးထဲထည့်ပြီး လန်ချောင်ရဲ့ လက်ထဲကို ထည့်ပေးလိုက်တယ်။
“အခုက နှစ်သစ်ကူးနော် သခင်မလေး။ သခင်မလေး.. ကောင်းတဲ့ နိမိတ်တွေကိုလည်း ဖိတ်ခေါ်သင့်တယ်။ ကျွန်တော် ဒီကြွေပန်းအိုးလေးကို လက်ဆောင်အနေနဲ့ သခင်မလေးကို ထည့်ပေးလိုက်မယ်”
သူက စကားပြောပြီးတာနဲ့ သူ့ပစ္စည်းတွေကို သိမ်းပြီး ထွက်သွားတယ်။
သူမလက်ထဲမှာ ပန်းအိုးထဲထည့်ထားတဲ့ ဇီးပန်းတွေကို ကိုင်ရင်း လန်ချောင်က မမေးဘဲ မနေနိုင်ဘူး။
“သခင်မလေး ဒီဇီးပန်းတွေကို ဘာလုပ်မလို့လဲ။ သူတို့က လှပေမဲ့ ကျွန်မတို့က ဝယ်ခဲ့တဲ့ ပန်းတွေ အကုန်လုံးကို သုံးနိုင်မှာ မဟုတ်ဘူးလေ။ ပြီးတော့ ပန်းတွေက နောက်ထပ်ရက်အနည်းငယ်အတွင်း ညိုးသွားတော့မှာ။ နွေဦးကိတ်မုန့် စားတာက ပိုပြီး မကောင်းဘူးလား”
“ဒီပန်းတွေက ကြည့်ဖို့ မဟုတ်ဘူး”
ကျန်းယွမ်က ရှေ့ကို လျှောက်ရင်း ပြောလိုက်တယ်။
“သူတို့က လက်ဆောင်ပေးဖို့”
“လက်ဆောင်ဟုတ်လား”
လန်ချောင်က သူမကို သိချင်စိတ်နဲ့ ကြည့်လိုက်တယ်။
“ဘယ်သူ့ကို လက်ဆောင်ပေးမှာလဲ”
ဒါပေမဲ့ ကျန်းယွမ် စကားပြောတာကို ရပ်လိုက်တယ်။ သူတို့ လမ်းလျှောက်လာရင်း အနောက်လမ်းရဲ့ ဈေးကို ရောက်လာတယ်။ အနောက်လမ်းဈေးက လူအစည်ကားဆုံးနေရာ ဖြစ်တယ်။ အရှေ့လမ်းနဲ့ ယှဉ်ရင် ဒီနေရာက လူလိမ်တွေနဲ့ ရိုးသားတဲ့သူတွေ ရောထွေးနေတဲ့ နေရာပဲ။ အဲဒီကလူတွေက အဆင့်အတန်းအမျိုးမျိုး ရှိကြတယ်။ ဒါကြောင့် ဒီမှာ ဘာကိစ္စပဲဖြစ်ဖြစ် အံ့ဩစရာမရှိဘူး။ ဒါပေမဲ့ ခါးပိုက်နှိုက်တွေ သူများ ပိုက်ဆံအိတ်ကိုခိုးတာလောက် ရိုးရှင်းတဲ့ အမှုမရှိဘူး။
ပြီးတော့ အချိန်တိုလေးအတွင်းမှာ တစ်ခုခုတော့ ဖြစ်နေတယ်။
သူတို့သုံးယောက် ဈေးအဝင်ဝကို ရောက်လာခဲ့ပြီးတော့ ထူထပ်နေတဲ့ လူအုပ်ကြီးကို တွေ့လိုက်ရတယ်။ လန်ချောင်က ကျန်းယွမ် ခြေလှမ်းတွေ ရပ်လိုက်ပြီး ပိုင်ကျီကို စကားပြောလိုက်တာကို ကြည့်လိုက်တယ်။ သူတို့နှစ်ယောက် ကျန်းယွမ်အတွက် လူအုပ်ကြီးထဲကို တွန်းပြီး လမ်းဖွင့် ပေးလိုက်ကြတယ်။
သူတို့သုံးယောက် လူအုပ်ကြီးရဲ့အလယ်ကို ရောက်သွားတာနဲ့ အခြေအနေကို သေသေချာချာ မြင်လိုက်ရတယ်။ အလယ်မှာ လူနှစ်ယောက် စကားများနေတာကို တွေ့လိုက်တယ်။ သူတို့ထဲက တစ်ယောက်က မုတ်ဆိတ်ဖြူနဲ့ ဆံပင်ဖြူရှိတဲ့ အဘိုးကြီးတစ်ယောက် ဖြစ်တယ်။ နောက်တစ်ယောက်က မျက်လုံးမှာ မျက်ရည်တွေနဲ့ ပြည့်နေတဲ့ အသက် ခုနစ်နှစ် ရှစ်နှစ်ပဲ ရှိသေးတဲ့ ကလေးမလေးတစ်ယောက်ပဲ။
လန်ချောင် သူမဘေးကလူရဲ့ ပခုံးကို ပုတ်လိုက်ပြီး စကားနည်းနည်း ပြောလိုက်တယ်။ ပြီးတော့ သူမက ကျန်းယွမ်ဘက်ကို ပြန်လှည့်လာတယ်။
“ဒီအဘိုးကြီးက ကလေးမလေးကို သူ့ပိုက်ဆံခိုးတယ်ဆိုပြီး ပြောနေတာ။ သူမက မခိုးဘူးလို့ ပြောပြီး စငိုတော့တာပဲ”
လူအုပ်ကြီး ဝိုင်းလာတော့ ကလေးမလေးရဲ့ မျက်နှာက ပိုပြီး ဖြူဖျော့လာတယ်။ သူမက ပိုက်ဆံကို သေချာဆုပ်ကိုင်ထားပြီး သူမရဲ့ မျက်လုံးပြူးကြီးတွေနဲ့ အကူအညီမဲ့တဲ့ ပုံစံနဲ့ ကြည့်နေတယ်။၊ သူမက ဒေါသကို မထိန်းနိုင်တဲ့ အဘိုးကြီးကို ကြည့်နေတယ်။ သူက ရှည်လျားတဲ့ အညိုရောင်ဝတ်စုံကို ဝတ်ထားပြီး နှုတ်ခမ်းမွှေးတွေ တုန်ယင်လာတဲ့အထိ ဒေါသထွက်နေတယ်။ သူ့ရဲ့ ကျယ်လောင်တဲ့ အသံက နီးလာတယ်။
“ကလေးမလေး တစ်ယောက်အနေနဲ့ မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ခိုးတတ်နေပြီ။ မင်းက တော်တော် မလိမ္မာတာပဲ”
တစ်ယောက်ယောက်က အခြေအနေကို ဆက်မကြည့်နိုင်တော့ဘဲ ရပ်ဖို့ ပြောလိုက်တယ်။
“အဘိုးကြီး ဘာလို့ မကောင်းတဲ့ စကားတွေ ပြောတာလဲ။ မင်းက ကလေးမလေးကို သိပ်ကို ရန်လိုလွန်းတယ်။ ခင်ဗျား နှစ်တွေ အကြာကြီးနေလာပြီးတော့ အသက်ကြီးနေတာနဲ့ပဲ အငယ်တွေကို အနိုင်ကျင့်ဖို့ လို့တော့ မပြောနဲ့နော်”
“မင်း”
အဘိုးကြီးက ဒေါသချောင်းချောင်း ထွက်လာပြီး သူက စကားတောင် ဆက်မပြောနိုင်တော့ဘူး။
“ပြီးတော့ သူက မင်းရဲ့ ပိုက်ဆံကို ခိုးတယ်လို့ ဘယ်လိုပြောနိုင်တာလဲ”
အဲဒီလူက ခေါင်းမာစွာ ဆက်ပြောလိုက်တယ်။
“ခင်ဗျားက ဒီ ခုနစ်နှစ် ရှစ်နှစ်ပဲရှိသေးတဲ့ သူကို ခင်ဗျားရဲ့ ပိုက်ဆံကို ခိုးတယ်လို့ ပြောနေနိုင်ရတာလဲ။ အဲဒါ ခင်ဗျားရဲ့ပေါ့လျော့မှုလား ဒါမှမဟုတ် ဒီကောင်မလေးမှာ မထင်မှတ်လောက်တဲ့ အရည်အချင်းရှိလို့လား။ ခင်ဗျားက ဒီကလေးမက ခင်ဗျားဆီက ယူသွားတယ်လို့ ဟန်ဆောင်ပြီး သူမဆီကနေ ပိုက်ဆံတောင်း နေသလိုပဲ”
အဲဒီစကားတွေ ပြောပြီးတာနဲ့ ကြည့်နေတဲ့သူတွေက ချက်ချင်း ထောက်ခံကြတော့တယ်။
“ဟုတ်တယ် ဟုတ်တယ်။ ဘယ်လိုလုပ်ပြီး ကလေးမလေးတစ်ယောက်က ပစ္စည်းတွေကို ခိုးနိုင်ရမှာလဲ”
“သူက မလိမ်ခင် ကြိုပြီးတော့ မစဉ်းစားဘူး”
“သူက ဒီကလေးမလေး ဆီကနေ ညာပြီး ယူချင်နေတာ သိသာတယ်”
တစ်ယောက်ပြီး တစ်ယောက် ရန်ပွဲကို စတင် ဆွေးနွေးနေကြတယ်။ သူတို့ အဘိုးကြီးကို ပြဿနာကောင်အဖြစ် အပြစ်ဝိုင်းပြောကြတယ်။ အဘိုးကြီး၏မုတ်ဆိတ်က တုန်ယင်နေပြီးတော့ သူ့မျက်နှာက သွေးကဲ့သို့ ရဲရဲနီလာတယ်။ ဒါပေမဲ့ သူတစ်ခွန်းမှ မပြောနိုင်ဘူး။ သူ့နှုတ်ခမ်းက တုန်နေပြီးတော့ အသက်ရှုသံပြင်းထန်နေတယ်။
“သနားစရာ ကောင်းလိုက်တာ”
လန်ချောင်က ညည်းညူလိုက်တယ်။
ကျန်းယွမ် သူမကို ကြည့်လိုက်တယ်။
“နင်ရော သူက သူများပိုက်ဆံ ခိုးတယ်ဆိုတာ ယုံလား”
“မဟုတ်ရင်ကော..”
လန်ချောင်က ပြောလိုက်တယ်။
“သူမက အခြားသူတွေကို လှည့်စားနိုင်ပေမဲ့ ကျွန်မတို့ကို မလှည့်စားနိုင်ဘူး။ အတိတ်မှာ ကျွန်မ ဒီလိုမျိုး မိန်းကလေးတွေကို ရွာမှာ တွေ့ခဲ့ဖူးပြီးပြီ။ သူ လိမ်နေတာ အသိသာကြီး။ ဟုတ်တယ်မလား ပိုင်ကျီ”
ပိုင်ကျီ အသာလေး ခေါင်းညိတ်လိုက်တယ်။
လန်ချောင်က ပြောလိုက်တယ်။
“ဒီနေ့ ဒီအဘိုးကြီးက ကံဆိုးနေတာပဲ။ သနားစရာကောင်းလိုက်တာ”
ကျန်းယွမ်ရဲ့ မျက်လုံးထဲမှာ ထူးခြားတဲ့ အလင်းတစ်ခု ဖြတ်သွားတယ်။
တကယ်တော့ လန်ချောင် ပြောသလိုပဲ မိန်းကလေးရဲ့ လိမ်ညာတဲ့ အတတ်ပညာက မကျွမ်းကျင်ဘူး။ လူအုပ်ထဲမှာ သူမရဲ့ ပရိယာယ်ကို သတိထားမိတဲ့သူ မရှိတာ မဟုတ်ဘူး။ အဲဒါက အနောက်လမ်း ဖြစ်နေပြီး ဆင်းရဲသား လူစုလူဝေး စုဝေးတဲ့နေရာ ဖြစ်လို့ အပြင်လူတွေနဲ့ တိုင်းတစ်ပါးက လာတဲ့ လူတွေအပေါ်မှာ တော်တော်လေး မုန်းတီးကြတယ်။ ဒီမှာရှိတဲ့လူတွေအတွက် အဘိုးကြီးက သူစိမ်းတစ်ယောက်ထက် မပိုဘူး။ သူစိမ်းတွေကို စစ်ဆေးသင့်တယ်။ ဒါကြောင့် ဒီနေ့ ဒီကလေးမလေးက သေချာပေါက် နိုင်ပြီးတော့ ဒီအဘိုးကြီးက လူလိမ်လူညာရဲ့ ရာဇဝတ်မှုကို ခံရနိုင်တယ်။
အဲတော့ သူမ ဘာလုပ်နိုင်မှာလဲ။
ကျန်းယွမ် ခဏ ရပ်လိုက်ပြီး သူမကို ခန္ဓာကိုယ်နဲ့ ကာထားပေးတဲ့ ပိုင်ကျီကို တွန်းဖယ်လိုက်တယ်။ ပိုင်ကျီက အံ့အားသင့်သွားတယ်။ ကျန်းယွမ်ရဲ့ လှုပ်ရှားမှုကို ကြည့်လိုက်ရင်း သူမကို မြန်မြန် ပြောလိုက်တယ်။
“သခင်မလေး သခင်မလေး မလုပ်နဲ့ ကျွန်မတို့ ဝင်မပါတာ အကောင်းဆုံးပဲ”
အမှန်တရားက ပွဲကြည့်နေတဲ့ သူတွေရဲ့ စိတ်နေသဘောထားလောက် အရေးမကြီးဘူး။ သူမက ဖြန်ဖြေပေးဖို့ ခြေလှမ်းစခဲ့ရင်တောင် သူမကို အပြင်လူတစ်ယောက်အဖြစ်ပဲ မှတ်ယူမှာဖြစ်လို့ သူမက အဘိုးကြီးနဲ့အတူ တိုက်ခိုက်တာကို ခံရနိုင်တယ်။ အဘိုးကြီးအတွက်ကတော့ တိုက်ခိုက်ခံရင်တောင် သူက သိက္ခာ နည်းနည်းကျရုံပဲ။ ဒါပေမဲ့ သူမရဲ့ သခင်မလေးက ဂုဏ်သရေရှိ မိသားစုကသမီး ဖြစ်တယ်။ သူမက ဒီအိမ်မှာ ခြေချုပ်ကျထားပေမဲ့ သူမရဲ့နောက်ခံအဆင့်အတန်းက ပြောင်းလဲလို့ရတဲ့ အရာမဟုတ်ဘူး။
ကျန်းယွမ် ခေါင်းကို ညင်သာစွာ ယမ်းလိုက်တယ်။
“ပိုင်ကျီ ဘေးဖယ်”
ပိုင်ကျီက လန့်သွားပေမဲ့ ကျန်းယွမ်ကတော့ ရှေ့ကို နည်းနည်း တိုးသွားပြီး လူအုပ်ကြီးကို ကြည့်လိုက်တယ်။
သူမ တည်ငြိမ်စွာ ပြောလိုက်တယ်။
“အဘိုး ရှင် စိုးရိမ်စရာ မလိုပါဘူး။ ဒီကမ္ဘာကြီးက အဖြူနဲ့ အမည်း ပေါင်းစပ်ထားတာ မဟုတ်ပါဘူး။ ဒီအခြေအနေမှာ သေချာ မရှင်းပြနိုင်ပေမဲ့ နောက်ဆုံးမှာ အမှန်တရားက ထွက်ပေါ်လာမှာပါ။ ရှင်ဘာလို့ ရှင့်ခန္ဓာကိုယ်ကို ဒီလို ဆိုးရွားတဲ့ စကားလုံးတွေနဲ့ ထိခိုက်အောင် လုပ်နေတာလဲ။ အရှုံးက အမြတ်ထက် အလေးသာ မနေဘူးလား”

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now