Part 50

3.6K 319 2
                                    

အခန်း  - ၅၀
နှစ်သစ်ကူးက အခုမှ စတာဖြစ်ပြီး နေ့ရက်တိုင်းက နွေဦးရဲ့
အငွေ့အသက်တွေကို သယ်ဆောင်လာတယ်။ ရက်နည်းနည်းလောက် နေရောင်က
တောက်ပနေ ပြီးတော့ မြို့တော်က စိတ်လှုပ်ရှားမှုနဲ့ ဆူညံသံတွေ
ပြည့်နှက်နေတယ်။ နေရာတိုင်းမှာ ပျော်ရွှင်တဲ့ အငွေ့အသက်တွေ ပြည့်နှက်နေတယ်။
ဒါပေမဲ့ အင်ပါယာကျောင်းတော်က ကျောင်းသားတွေကတော့
နောက်နှစ်ပတ်အတွင်း ဖြေဆိုရမယ့် ပထမအကြိမ်အင်ပါယာ စာမေးပွဲအတွက်
ပြင်ဆင်နေရလို့ နှစ်သစ်ကူးရဲ့ ပျော်ရွှင်တဲ့ အငွေ့အသက်ကို ခံစားဖို့
အချိန်မရှိကြဘူး။ ကျောင်းတော်ထဲမှာ ကျောင်းသားတွေက ဗျူဟာတွေကို
ဆွေးနွေးရင်း အလုပ်ရှုပ်နေကြတုန်း ခြံအပြင်မှာ မှတ်တမ်းဆရာက
ကျောင်းတော်ရဲ့ တရားရေးဝန်ကြီးနဲ့ စကားပြောနေတယ်။
“ဒီအဆင့်နိမ့်တဲ့ အရာရှိတွေက ဒီစာမေးပွဲမှာ
အလားအလာကောင်းတဲ့ကျောင်းသားတော်တော်များများ ရှိမယ်လို့
ထင်နေကြတယ်”
မှတ်တမ်းဆရာစုန့်က ကျောင်းထဲကို လှမ်းကြည့်ရင်း ပြောလိုက်တယ်။
တရားရေးဝန်ကြီးချန်ရဲ့ အသက်က လေးဆယ်ပဲရှိသေးပေမဲ့ သူ့ရဲ့ ဆံပင်က
မီးခိုးရောင်သမ်းနေပြီး သူ့ကို ဣန္ဒြေရှိတဲ့ ပုံပေါ်စေတယ်။ သူက သူ့
မုတ်ဆိတ်မွှေးကို သပ်ရင်းပြောလိုက်တယ်။
“လာပါဦး။ မင်းက ဘယ်လို ထင်လို့လဲ”
“မော့ချောင်၊ ဝမ်ကျိလင်း၊ လျိုမင်”
မှတ်တမ်းဆရာစုန့်က ပြောလိုက်တယ်။ သူက သူ့ဘာသာ
ရေရွတ်လိုက်တယ်။
“ဒီသုံးယောက်က စာအုပ်လေးအုပ်၊ စာပေငါးမျိုး၊ ဉပဒေ ဒါမှမဟုတ်
သင်္ချာဘာသာရပ် တွေနဲ့ စပ်ဆပ်တဲ့ စာမေးပွဲတွေမှာ စံနမူနာထားထိုက်တဲ့
ရလာဒ်တွေ ရခဲ့တယ်”
ဒါကို ကြားလိုက်ရတော့ တရားရေးဝန်ကြီးချန်က ချက်ချင်း
ပြန်မေပြာသေးဘူး။ ခဏလောက် တိတ်ဆိတ်သွားပြီး မှတ်တမ်းဆရာစုန့်က
သူ့ကို သေသေချာချာ ကြည့်လိုက်ပြီး မေးလိုက်တယ်။
“ဒီအဖြေက မသင့်လျော်ဘူးလို့ လူကြီးမင်းက ထင်တာလား။
လူကြီးမင်းရဲ့ အမြင်ကိုလည်း ပြောပြလို့ ရမလား”
တရားရေးဝန်ကြီးချန်က ခေါင်းခါလိုက်တယ်။
“လျိုမင်က မဆိုးပေမဲ့ သူဧကရာဇ်ကို တင်ပြထားတဲ့ ဧကရာဇ်ရဲ့
လက်ရှိအုပ်ချုပ်ပုံကို ရေးထားတဲ့ စာစီစာကုံးက ဘက်လိုက်တဲ့ မူဝါဒ အပေါ်ကို အကြံဉာဏ်ပေးထားတယ်။ မင်းဆက်ရဲ့ လက်ရှိနိုင်ငံရေး အခြေအနေတွေကို
သူစီမံထားတဲ့ပုံက နည်းနည်းလိုအပ်ချက်ရှိနေတယ် ။ ဒါ့ကြောင့်
အရမ်းလာဘ်စားတာကို သူ မကူညီနိုင်ဘူး”
“ဒါက…”
မှတ်တမ်းဆရာစုန့်ကလည်း မျက်မှာင်ကြုတ်လိုက်တယ်။
“လျိုမင်က ဆင်းရဲတဲ့ မိသားစုကဆိုတော့ သူလက်ရှိမူဝါဒ
အခြေအနေအပေါ်ကို နားမလည်တာ မဆန်းပါဘူး”
တရားရေးဝန်ကြီးချန်က သူ့ကို ကြားဖြတ်ပြောလိုက်တယ်။
“ကျန်းချောင်က မဆိုးဘူးလို့ ကျုပ်ထင်တယ်။ သူ့ရဲ့စာစီစာကုံးကို
ကျုပ်ဖတ်ပြီးပြီ။ ပြီးတော့ သူက အတန်းတွေ အကုန်လုံးလည်း တက်တယ်။ သူက
အရည်အချင်းရှိတယ်”
မှတ်တမ်းဆရာစုန့်က ခေါင်းခါလိုက်တယ်။
“သူက အရမ်း ပြောင်မြောက်တယ်။ အပြောကောင်းပေမဲ့
အပြောတွေပဲဆိုရင် အလုပ်မဖြစ်ဘူး”
တရားရေးဝန်ကြီးချန်က စိုက်ကြည့်လိုက်ပြီး ဖြည်းဖြည်းလေး
ပြုံးလိုက်တယ်။
“မင်းနဲ့ ငါပြောတာတွေက အရေးမကြီးဘူး။ အဆုံးကျရင် ဧကရာဇ်ရဲ့
ဆုံးဖြတ်ချက်ကပဲ အရေးပါတာ”
မှတ်တမ်းဆရာစုန့်ကလည်း သဘောတူတဲ့ အနေနဲ့ ပြုံးလိုက်တယ်။
မနက်ခင်းအတန်းပြီးတော့ ကျောင်းသားတွေက
အင်ပါယာကျောင်းတော်ထဲကနေ နှစ်ယောက်တွဲ၊ သုံးယောက်တွဲ
ထွက်လာတယ်။ ကျန်းချောင်က အရှေ့မှာ လမ်းလျှောက်နေတယ်။ သူက
အခုအချိန်မှာ ပြုံးနေပြီး ဘေးက သူ့ရဲ့ သူငယ်ချင်းကောင်းနှစ်ယောက်နဲ့
စကားပြောရင်း လမ်းလျှောက်နေတယ်။
“ဝမ်ရှို က သူ့ရဲ့ ဗျူဟာနဲ့ ထိန်းချုပ်မှုပိုင်းမှာ
တော်တော်တိုးတက်လာတယ်။ သူ့ရဲ့ ညီလေးတွေကို သင်ပေးရတာ သိမ်ငယ်သလိုတောင် ခံစားရတယ်”
ဒီစကားကို ပြောရင်း သူ့မျက်နှာမှာ ရှက်တဲ့ အရိပ်အယောင်
ပေါ်လာတယ်။
ဝမ်ကျိလင်းက အရိုအသေပေးသလို လက်အုပ်ချီပြီး ပြောလိုက်တယ်။
“ကျန်းရှို မင်း အဲ့လောက် နှိမ့်ချမှု ရှိစရာမလိုပါဘူး။ ငါက မင်းကို
သင်္ချာမှာ ယှဉ်လို့ မရပါဘူး”
ဘေးက ဝတ်ရုံစိမ်းလူငယ်က ပျော်ရွှင်စွာ ပြုံးလိုက်တယ်။
“ကျွန်တော့်ရဲ့ အစ်ကို နှစ်ယောက်က ဒီလိုတွေ ပြောနေတော့ ကျွန်တော်တို့က
မြောင်းထဲကို ခုန်ချရမှာလား”
ပျော်နေတဲ့ပုံပေါ်တဲ့ အဲ့လူက မော့ချောင်ပဲ။ သူက သူ့လက်ကို ဝှေ့ရင်း
ပြောလိုက်တယ်။
“ပြီးခဲ့တဲ့ ရက်တွေတုန်းက စာကြည့်ခဲ့ရတာ ကျွန်တော်
ခေါင်းခြောက်လာတယ်။ ကျွန်တော်တို့ ပျော်စရာလေး တစ်ခုခု
သွားလုပ်ရအောင်။ ဒီနေ့ ကျွန်တော် ဒကာခံပါ့မယ်။ တုံဖန်းလျိုမှာ
ကိုအတူတူသွားရအောင်။ ဘယ်လိုလဲ”
သူ့အနားက လူငယ်တွေက အဲဒါကို ကြားတော့ သူတို့က ပြုံးပြီး
သူ့နားကို စုဝေးလာတယ်။
“မော့ချောင် မင်းက ဒကာခံမှာ ဆိုတော့ ငါတို့ကို ရော ဖိတ်ပါ့လား။
မင်းကတော်တော် ကပ်စည်းနည်းတာပဲ”
မော့ချောင်က ရယ်လိုက်တယ်။
“ခင်ဗျားက ကျွန်တော့်ကို ကပ်စည်းနည်းတယ်လို့ ခေါ်တယ်။ ပြီးတာပဲ
ဒီတစ်ကြိမ်တော့ ကျွန်တော့်ရဲ့ ရက်ရောမှုနဲ့ လူကြီးလူကောင်းတွေကို ပိုပြီး
ဖိတ်ရမှာပေါ့။ ဒါဆို ကျွန်တော်လည်း ကျွန်တော့်ရဲ့ သူငယ်ချင်းတွေဆီက
မေတ္တာတွေကို ဆုံးရှုံးစရာ မလိုတော့ဘူးပေါ့”
တက်ကြွနေတဲ့ လူငယ်အုပ်စုက ရယ်မောရင်းနဲ့ စကားပြောရင်း
ထွက်သွားကြတယ်။ ဒါပေမဲ့ သူတို့နောက်က အင်ပါယာကျောင်းတော် တံခါးဝမှာ လူရိပ်တစ်ခု ကျန်ခဲ့တယ်။ သူက ပိန်ပြီး ကျစ်လျစ်တယ်။ ပြီးတော့
သူက တစ်ခါတစ်လေမှ လျှော်ပြီး အရောင်ဖျော့နေတဲ့ အင်္ကျီပြာ ကို
ဝတ်ထားတယ်။ သူက ကြည့်ကောင်းတဲ့ အသားအရေရှိပြီး သူ့ရဲ့ အသွင်အပြင်က
သိမ်မွေ့တယ်။ ဒါပေမဲ့ သူက နာကြည်းမှုနဲ့ အထီးကျန်မှု ကို ဖုံးကွယ်ထားတယ်။
သူက သူ့ရှေ့က လူငယ်တွေရဲ့ နောက်ကျောကို ကြည့်လိုက်ပြီး အထင်သေးမှု က
သူ့မျက်နှာပေါ်မှာ ဖြတ်သန်းသွားတယ်။
စောစောက မှတ်တမ်းဆရာစုန့်နဲ့ တရားရေးဝန်ကြီးချန်တို့
ပြောနေကြတာ ဒီလူ လျိုမင်ပဲ။ သူက အခြားသူတွေနဲ့ မတူပဲ ဆင်းရဲတဲ့ မိသားစုနဲ့
သူ့ရဲ့ မိသားစုဝင်ကလည်း မုဆိုးမအမေ တစ်ယောက်ပဲ ရှိတော့တယ်။ လျိုမင်ရဲ့
အမေက မြို့တော်က အထက်တန်း သူငယ်ချင်းတစ်ယောက် ရှိပြီးတော့ လျိုမင်ကို
အင်ပါယာကျောင်းတော်မှာ အပ်ဖို့ နည်းလမ်းတစ်ခု ရသွားတယ်။ လျိုမင်ရဲ့
အမေက အမြဲတမ်း ကိုယ့်ကိုယ်ကို လေးစားမှု လွန်ကဲတဲ့ စိတ်ဓာတ်ရှိပေမဲ့ လျိုမင်ရဲ့
အင်ပါယာ ကျောင်းတော်ဝင်ခွင့်အတွက် သူမက သူမရဲ့ ဘဝမှာ
ပထမဆုံးအကြိမ် သူမရဲ့ သူငယ်ချင်းဟောင်းကို အကူအညီ တောင်းခဲ့တာ
ဖြစ်တယ်။ လျိုမင် ကျောင်းတော်ကို ဝင်ခွင့်ရတဲ့ အချိန်မှာ သူက သူ့အမေရဲ့
စွန့်လွှတ်အနစ်နာခံမှုကို ပြန်ပေးဆပ်ဖို့ ထူးထူးချွန်ချွန် ဖြစ်ရမယ်လို့ ကတိပြုခဲ့တယ်။
ကျောင်းတော်ထဲက မြင့်မြတ်တဲ့ မိသားစုက လူငယ်အများစုက
ပျင်းကြတယ်။ သူတို့ နာမည်နဲ့ ဂုဏ်သိက္ခာ‌တွေနဲ့ လိုက်လျောညီထွေအောင်
မနေနိုင်ကြဘူး။ လျိုမင်က သူတို့ကို လုံးဝ မထီမဲ့မြင်ပြုထားတယ်။
အရမ်းမဆိုးဘူးလို့ သူထင်တာက မော့ချောင်တစ်ယောက်တည်းပဲ။ ဒါပေမဲ့
သူက ချန်းသာတဲ့ မိသားစုကဖြစ်ပြီးတော့ လျိုမင်လို ဆင်းရဲသားနဲ့
မပေါင်းဘူး။ ဒါ့ကြောင့် လျိုမင်က ကျောင်းတော်ကလူတွေနဲ့ ဝေးကွာပြီး
သူ့ကိုယ်သူ ထိန်းခဲ့တယ်။
လျိုမင် ကျောင်းတော်ရဲ့ စာကြည့်ဆောင်ကို ပြန်လာခဲ့ပြီး အဲ့မှာ
ရှိတဲ့သူက သူတစ်ယောက်တည်းပဲ။ အခြားကျောင်းသားတွေက အဲ့မှာ
မနေချင်ကြဘူး ဘာလို့လဲဆိုတော့ အဲ့ကျောင်းဆောင်တွေက သူတို့အိမ်တော်တွေလို မကျယ်ဘဲ မိုးနဲ့ မြေလို ကွာခြားနေလို့ ဖြစ်တယ်။
ဒါ့ကြောင့် လျိုမင်က အကုန်အကျစရိတ် သက်သက်သာသာနဲ့ အဲ့မှာ
တစ်ယောက်တည်းနေရတယ်။
သူ ကျောင်းစာအုပ်တွေကို စားပွဲပေါ် တင်ပြီးတာနဲ့
သူလျှောက်ပတ်ကြည့်လိုက်တဲ့ အခါမှာ စားပွဲပေါ်မှာ ဘယ်အချိန်ကတည်းက
တင်ထားမှန်း မသိတဲ့ စာတစ်စောင်ကို သူတွေ့လိုက်တယ်။ ဒီကျောင်းတော်ရဲ့
အစေခံတွေက စာကြည့်ဆောင်ကို သန့်ရှင်းရေးလုပ်ချိန်ပဲ ဝင်ကြတာဆိုတော့
ဒီစာကို ဘယ်သူထားခဲ့လဲဆိုတာ သူစဉ်းစားလို့ မရဘူး။
ခဏစဉ်းစားပြီးတော့ သူ စာကို ကောက်ပြီး ဖွင့်လိုက်တယ်။ သူဖွင့်လိုက်တာနဲ့
အထဲကနေ နှင်းလိုဖြူတဲ့ စာရွက်တစ်ရွက် ထွက်လာတယ်။
အဲဒါက သုံးနေကျ ရွှယ်စာရွက်ပဲ။ အဲဒါက ကျောင်းတော်မှာ
တွေ့ရခဲတယ်။ ဘာလို့လဲဆိုတော့ အခြား မြင့်မြတ်တဲ့ အိမ်တော်က
အထူးရွေးချယ်ထားတဲ့ ကျောင်းသားတွေက သစ်တော်ပွင့်စက္ကူ ကိုပဲ
ပိုကြိုက်ကြလို့ပဲ။ လျိုမင်က စာရွက်ကို ကုန်းပြီး ကောက်လိုက်တယ်။
သူခေါက်ထားတာကို ပြန်ဖြည်လိုက်တော့ သူ့ကို သေသေသပ်သပ် ရေးထားတဲ့
စကားလုံးတွေနဲ့ နှုတ်ဆက်ထားတဲ့ စာကြောင်းတစ်ကြောင်းကို တွေ့လိုက်တယ်။ သူ့ရဲ့ အကြံကို သိချင်တယ်ဆိုတာ ထင်ရှားတယ်။ ဒါက
ကျောင်းတော်မှာ ပုံမှန်စစ်ဆေးမှုတွေလိုပဲ။ တကယ်လို့ တစ်ယောက်ယောက်က
မေးခွန်းဒါမှမဟုတ် ခေါင်းစဉ်တစ်ခုကို နားမလည်ရင် အခြားတစ်ယောက်ကို
စာနဲ့ မေးတယ်။ ဒါက တစ်ခုခုကို နားမလည်တဲ့ ကိစ္စတွေကို မေးတဲ့အခါမှာ
ကျောင်းသားတွေသုံးတဲ့ စိတ်ဝင်စားစရာကောင်းတဲ့နည်းပဲ။ ဒါပေမဲ့
လျိုမင်ရဲ့ အဆင့်အတန်းက နိမ့်ကျလို့ ဘယ်သူကမှ သူ့ရဲ့ အကြံဉာဏ်အတွက်
မမေးဖူးဘူး။ စာက လက်မှတ်ထိုးမထားလို့ ဘယ်သူ ရေးထားမှန်း
သူမသိဘူး။ သူက အဲဒါကို ခဏစဉ်းစားနေပေမဲ့ သဲလွန်စ
သေးသေးလေးတောင် မရခဲ့ဘူး။ လူတစ်ယောက်ရဲ့ အကျင့်ကို သူ့ရဲ့
စုတ်ချက်တွေကနေ သိနိုင်တယ်တဲ့။ သူ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစွာ ရေးထားတဲ့ စုတ်ချက်တွေကို ထပ်ကြည့်လိုက်တယ်။ တစ်ချက်ကြည့်လိုက်တာနဲ့ အဲဒါက ချွန်ထက်တဲ့
အမှတ်တွေနဲ့ အစွန်းတွေ ပေါင်းပြီး ဖွဲ့စည်းထားပုံရတယ်။ ဒါပေမဲ့
အနီးကပ်ကြည့်ရင် စုတ်ချက်တွေက ချောချောမွေ့မွေ့ ဆွဲထားတာကိုတွေ့ရတယ်။
အကုန်လုံး ပေါင်းလိုက်ရင် သူမတွေ့နိုင်ဘဲ ဖုံးကွယ်ထားတဲ့ ခံစားချက်ကို
အရိပ်အယောင် ပါရှိတယ်။ အဲ့အချိန်မှာ သူ့ရဲ့ ပြိုင်ဆိုင်ချင်တဲ့ စိတ်ဓာတ်က
နိုးထလာတယ်။ သူ စာရေးစားပွဲက ရွှယ်စာရွက်တစ်ရွက် ယူလိုက်ပြီး
မှင်တုံးကို ဘေးချပြီး စာရွက်ပေါ်မှာ စရေးတော့တယ်။
သူရေးလို့ပြီးတော့ ရွှယ်စာရွက်ကို ယူပြီး မှင်ခြောက်အောင်
မှုတ်လိုက်တယ်။ သူက ရုတ်တရက် အခက်အခဲတစ်ခုနဲ့ ကြုံခဲ့ရပြီးတော့ ဘယ်သူက
သူ့ကို ဒီစာပို့ခဲမှန်းလဲ သူမသိဘူး။ ဒါ့ကြောင့် သူဒီစာကို ဘယ်သူ့ကို
ပေးရမှန်းမသိဘူး။ ခဏလောက် ကြာတော့ လျိုမင်ခေါင်းခါလိုက်ပြီး
သူဘယ်လောက်တောင် စွဲလမ်းသလဲဆိုပြီး ရယ်လိုက်တယ်။ သူ စာကို
စာအိတ်တစ်ခုထဲ ထည့်ပြီး ခဏလောက် တွေးလိုက်တယ်။ ပြီးတော့
ဒီကိစ္စတစ်ခုလုံးက သူ့ကို ဟာသလုပ်တာပဲ ဆိုပြီး စာအိတ်ကို
စာရေးစားပွဲပေါ် တင်ထားခဲ့တယ်။
သူတစ်ယောက်တည်း စာရေးနေတာ မဟုတ်ဘူး။ ကျန်းအိမ်တော်က
ကျန်းယွမ်ကလည်း သူမရဲ့ စုတ်တံကို ချလိုက်တယ်။ ပိုင်ကျီက ရွှယ်စာရွက်ကို
စားပွဲပေါ်ကနေ မလိုက်ပြီး မှုတ်နေတုန်း လမ်ချောင်က မေးလိုက်တယ်။
“ကျွန်မတို့ အရင်ကောင်လေးကိုပဲ ပို့ရမှာလား”
ကျန်းယွမ်က ခေါင်းညိတ်လိုက်တယ်။
“အဲဒါကို နည်းနည်းကြာမှပို့ ဒီနေ့ ညနေစောင်းလောက် ရောက်မှပို့”
“သခင်မလေး ဒါက မသင့်တော်ဘူးထင်တယ်”
လုကျူးက အတွေးတချို့နဲ့ မေးလိုက်တယ်။
“အခြားသူတွေ ဒီကိစ္စကို သိသွားရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့
ဒီကောင်လေးက သူစိမ်းလေ။ ပြီးတော့ ဒီစာကလည်း
သီးသန့်ရေးထားတာ…”

မုန်းမာန်ဖွဲ့ ရန်ငြိုးOù les histoires vivent. Découvrez maintenant