မုန်းမာန်ဖွဲ့ရန်ငြိုး
M Link မှ ဖတ်ရန်
အစမှအခန်း-၈
ပိုက်ဆံက စကားပြောမယ် ဟုတ်လား။ ပိုက်ဆံက ဘယ်လိုလုပ် စကားပြောတတ်မှာလဲ။ စကားတွေက စိတ်ဝင်စားစရာကောင်းလို့ လူအုပ်ထဲက တစ်ယောက်ပြီးတစ်ယောက် ကျန်းယွမ်ကို ငေးကြည့်နေကြတယ်။ စိတ်တိုတိုနဲ့ ခြေဆောင့်နေတဲ့ အဘိုးကြီးက သူမကို မယုံသင်္ကာနဲ့ ပြန်လှည့်ကြည့်လိုက်တယ်။ ပိုင်ကျီနဲ့ လန်ချောင်က ကျန်းယွမ် ဘာကြံထားလဲ မသိလို့ အကြည့်ချင်း ဖလှယ်နေကြတယ်။
အိမ်ရှင်မက ရယ်မောလုနီးပါး လှောင်ပြီး ပြောလိုက်တယ်။
“ကောင်မလေး မင်း မဖြစ်နိုင်တာတွေ ပြောနေတာ မဟုတ်ဘူးလား။ မင်း ပိုက်ဆံကို စကားပြောနိုင်အောင် တကယ်လုပ်နိုင်တယ်လို့တော့ မပြောပါနဲ့။ တကယ်လို့ မင်းမှာ အဲ့အရည်အချင်း ရှိတယ်ဆိုရင် အဲဒါက လူတိုင်းကို အလင်းပြပေးနိုင်တဲ့အရာ ဖြစ်အောင် မြန်မြန်လုပ်လိုက်။ တကယ်လို့ မင်းက မင်းဦးထုပ်ကို စကားပြောနေတာဆိုရင် မင်းကိုယ်မင်း အရူးလုပ်တာကို သူများတွေကို မကြည့်ခိုင်းပါနဲ့”
“ဒါပေါ့ ပိုက်ဆံက စကားပြောနိုင်တယ်”
ကျန်းယွမ်က ခြောက်ကပ်ကပ် ပြောလိုက်တယ်။
“ကျွန်မ တစ်ခုလောက် ထပ်မေးပါရစေ။ အဒေါ် ဒီပိုက်ဆံက တကယ်ပဲ အဒေါ်ရဲ့ပိုက်ဆံလား”
“ငါ သေချာပေါက် လက်နဲ့ ငါ့သမီးကို ပေးလိုက်တာ”
အိမ်ရှင်မက သူ့လက်ကို မြှောက်လိုက်ပြီး ယုံကြည်ချက်ရှိရှိ သဘာဝကျကျ ပြောလိုက်တယ်။
“ကောင်းပြီလေ”
ကျန်းယွမ်က ပြောလိုက်တယ်။
“ပိုင်ကျီ ငါ့ကို ရေသန့် ထည့်ထားတဲ့ ဇလုံတစ်ခု ရှာပေး..”
ကြည့်နေတဲ့သူထဲက တစ်ယောက်မှ ကျန်းယွမ်ကြံနေတာကို မသိဘူး။ ခေါင်းရွက်ဈေးသည် တစ်ယောက်က လှမ်းပြောလိုက်တယ်။
“ငါ့မှာ လိုရင်သုံးဖို့ ရေသန့်ရှိတယ်။ ငါ မင်းကို နည်းနည်းပေးနိုင်တယ်။”
ပိုင်ကျီ ရေသန့်ထည့်ထားတဲ့ ဇလုံကို ကျန်းယွမ်ဆီ သယ်သွားပြီး ခြေထောက်နားမှာ ချထားလိုက်တယ်။
“အဒေါ် ပိုက်ဆံကို ကျွန်မကို ပေးပါ”
အိမ်ရှင်မက ကျန်းယွမ်ကို သံသယအကြည့်နဲ့ ကြည့်လိုက်ချိန်မှာ ပိုက်ဆံအိတ်ကို ကိုင်ထားတဲ့ ကလေးရဲ့လက်က ပိုတောင့်တင်းသွားတယ်။
“တကယ်လို့ အဒေါ်က ကျွန်မကို ပိုက်ဆံမပေးရင် ကျွန်မက ဘယ်လိုစစ်ဆေး ရမှာလဲ”
ကျန်းယွမ်က မျက်နှာသေနဲ့ ပြောလိုက်တယ်။
ဒီစကား ပြောပြီးတာနဲ့ တင်းမာနေတဲ့ အခြေအနေက ချက်ချင်း ရယ်မောခြင်းအဖြစ် ပြောင်းသွားတယ်။ ဒီအချိန်မှာ ပွဲကြည့်သူတွေက ပိုများလာတယ်။ သူတို့က ဒီမိန်းကလေးကို စောင့်ကြည့်နေကြပြီး ဒီလိုသမာရိုးကျ စရိုက်နဲ့ ရုတ်တရက် ထုတ်ဖော်ပြောတဲ့ မိန်းကလေးကို သူတို့ နှလုံးသားထဲမှာ သနားရုံကလွဲပြီး မကူညီနိုင်ဘူး။ သူမက ထက်မြတ်တဲ့မိန်းကလေးနဲ့တူပေမဲ့ သူမရဲ့ ဦးဏှောက်က တစ်ခန်းလွှတ်နေတာ မယုံနိုင်စရာပဲ။
လန်ချောင် သူမဘေးမှာရှိတဲ့ လူအုပ်ကြီးကို ကြည့်လိုက်တယ်။ လူအုပ်ရဲ့ ဟားတိုက်ရယ်သံတွေက အိမ်ရှင်မကို ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးစေတာကြောင့် သူမက ကလေးလက်ထဲက ပိုက်ဆံကို ယူပြီးတော့ ကျန်းယွမ်ကို ပေးလိုက်တယ်။
“ဒီမှာ.. လူတိုင်းက ကြည့်နေလို့ မင်းသေချာ မေးသင့်တယ်”
ကျန်းယွမ် ကလွဲပြီး ဒီအဖြစ်အပျက်ကို ကြည့်နေတဲ့ လူတွေထဲကမှ မရယ်တဲ့သူ သုံးယောက်ပဲ ရှိတယ်။ ပိုင်ကျီနဲ့ လန်ချောင်တို့ မပြုံးကြဘူးဆိုတာတော့ ပြောစရာ မလိုလောက်ပါဘူး။ အဘိုးကြီးက သူ့မျက်ခုံးကို တွန့်လိုက်ပြီးတော့ ကျန်းယွမ် လုပ်နေတာကို သေချာအကဲခတ်နေတယ်။
ကျန်းယွမ်က ပိုက်ဆံကို လက်ဖဝါးထဲမှာ ကိုင်ထားတယ်။ သူမရဲ့ မျက်နှာက အသက်မပါဘူး။ ဒါပေမဲ့ သူမရဲ့ အသံက ထူးထူးခြားခြား နူးညံ့နေတယ်။
“ပိုက်ဆံ အို ပိုက်ဆံ။ ဘယ်သူက လိမ်နေတယ်ဆိုတာ မင်း ငါ့ကို အစအဆုံး ပြောပြနိုင်မလား”
အိမ်ရှင်မက လှောင်ရယ်လိုက်ပြီး၊
“မိန်းကလေး ပိုက်ဆံက မင်းကို ဒီလို ပြန်ပြောမယ်လို့တော့ မပြောပါနဲ့။ မင်းက လူတိုင်းကို လိမ်ဖို့ ကြိုးစားနေတာပဲ။ ငါတို့ကို ငအတွေလိုမျိုး မင်း မလှည့်စားသင့်ဘူး”
ကျန်းယွမ် သူမကို ကြည့်လိုက်တယ်။ သူမ လက်ကို ဖြည်လျှော့လိုက်ပြီး ပိုက်ဆံကို ဇလုံထဲ ချလိုက်တယ်။ အလွှာတစ်လွှာက ရေပေါ်မှာ ထင်ကျန်လာတယ်။ သူမက ပြောလိုက်တယ်။
“ပိုက်ဆံက ပြောပြီးပြီလေ”
“ဘာပြောတာလဲ”
အိမ်ရှင်မက တဖြည်းဖြည်း စိတ်မရှည်ဖြစ်လာတယ်။
“ဒီမှာ နားတွေ အများကြီး ရှိတယ်။ မင်းတစ်ယောက်တည်း ပြောတာကို ကြားရတယ်လို့တော့ ငါ့ကို မပြောနဲ့နော်”
“အဲဒါ မကြားရဘူး ဒါပေမဲ့ မြင်ရတယ်”
ကျန်းယွမ်က ရေထဲကို စိုက်ကြည့်လိုက်တယ်။ လူအုပ်ထဲမှာ စပ်စုချင်တဲ့ လူငယ်တစ်ယောက်က လည်ဆန့်ပြီး မေးလိုက်တယ်။
“အဲဒါက ပြောပြီးသွားပြီလား”
“မပြောသေးဘူးလား”
ကျန်းယွမ်က သူ့ကို မေးခွန်းနဲ့ ပြန်ပြောလိုက်တယ်။ ပြေလျော့နေတဲ့ ဝတ်ရုံနဲ့ သူမရဲ့ သေးသွယ်တဲ့ ခန္ဓာကိုယ်လေးကို သူမကို အားနည်းတဲ့ပုံ ပေါ်စေတယ်။ ဒါပေမဲ့ သူမက ထူးခြားတဲ့ ဆုံးဖြတ်ချက်ကို ပြုလုပ်လိုက်တယ်။ (သူမရဲ့ အေးဆေးတည်ငြိမ်မှုကို ယိုင်နဲ့စေနိုင်တဲ့ အရေးကိစ္စတွေ ဒီကမ္ဘာပေါ်မှာ မရှိတဲ့အတိုင်းပဲ။)
ကြည့်နေတဲ့ သူတွေက ဒီလျှို့ဝှက်မှုကို နားမလည်နိုင်ကြဘူး။ တစ်ယောက်ပြီးတစ်ယောက် ဇလုံထဲကို ကြည့်နေကြပေမဲ့ အဲဒါကို လျှို့ဝှက်ချက်ကို သူတို့ မတွေ့ကြဘူး။ ခဏအကြာမှာ တစ်ယောက်ယောက်က အံ့အားသင့်စွာ ပြောလိုက်တယ်။
“ကြည့်စမ်း။ ရေမျက်နှာပြင်မှာ တစ်ခုခုပေါ်နေတယ်”
သန့်စင်တဲ့ ရေမျက်နှာပြင်ပေါ်မှာ ဆီအလွှာပါးလေးက ရှိနေပြီး ရွှေအိုရောင်က သိသိသာသာ ဖြစ်နေတယ်။
ကျန်းယွမ်က ပြောလိုက်တယ်။
“လူကြီးမင်းက သူ့ရဲ့မုန့်ဝိုင်းကြော်ကို ယူပြီးတော့ သူ့ရဲ့ ကြေးပြားလေးတွေကို ယူခဲ့တယ်။ ဒီတော့ သူ့လက်မှာ ပေနေတဲ့ဆီတွေက ပိုက်ဆံပေါ်မှာ ပေသွားမှာပဲလေ။ အဲဒီလိုဆိုတော့ ရှင်ပိုက်ဆံတွေကို ဘယ်လို ဆီပေအောင် လုပ်လဲဆိုတာ ကျွန်မ မသိဘူး။ ရှင် ကလေးမလေးချောင်ကို မုန့်ဝိုင်းကြော်ဝယ်ခိုင်းလိုက်တာ သတိရပြီလို့တော့ ကျွန်မကို မပြောနဲ့နော်”
ထူးထူးခြားခြား သူမရဲ့ တည်ငြိမ်နေတဲ့ အသံနေအသံထားကို လူတိုင်းက ကြားလိုက်ရတယ်။ သူမက အဖြစ်အပျက် တစ်ခုလုံးကို စကားနည်းနည်းနဲ့ ပြန်ရှင်းပြနိုင်တာပဲ။ ခဲတစ်လုံးထဲနဲ့ ငှက်နှစ်ကောင်ပစ်လိုက်သလို သူမက အိမ်ရှင်မရဲ့ ဖြစ်နိုင်တဲ့ ငြင်းခုံမှုကို သေချာ ချုပ်လိုက်တယ်။ တကယ်လို့ အိမ်ရှင်မက ဆက်ပြီး ရန်ဖြစ်ရင် သူတို့အမှားကို ဖုံးကွယ်ထားတာက ပိုသိသာသွားမယ်လို့ တခြားသူတွေက ခံစားရလိမ့်မယ်။
“ဒါက ဒီလိုကိုး”
တစ်ယောက်ယောက်က အံ့အားသင့်စွာ ပြောလိုက်တယ်။
“ပိုက်ဆံက အဘိုးကြီး ပိုင်တာပဲ။ ဘာလို့လဲဆိုတော့ သူက မုန့်ဝိုင်းကြော်တွေ ဝယ်ပြီးတော့ အဲဒါကို ဆီပေသွားစေတယ်။ ပိုက်ဆံက ရေနဲ့ထိပြီးမှပဲ အမှန်တရားက ပေါ်လာတာ။ ဒါ ပိုက်ဆံက ပြောတာ မဟုတ်ဘူးလား”
လူအုပ်က ဆွေးနွေးသံတွေနဲ့ ပြည့်သွားတယ်။ သူတို့ တစ်ယောက်ချင်းစီက ကျန်းယွမ်ကို အံ့သြနေကြတယ်။ ဒီလို ငယ်ငယ်လေးနဲ့ ထက်မြတ်တာက လေးစားခံရဖို့ ထိုက်တန်တယ်။ အဘိုးကြီးက ကျန်းယွမ် လုပ်သွားတာတွေ အားလုံးကို ဆက်ကြည့်နေတယ်။ သူမက သူ့ကို သူတို့ စွပ်စွဲတာတွေကနေ လွတ်အောင် လွယ်လွယ်ကူကူပဲ လုပ်ပေးလိုက်တယ်။ ပုံမှန်ဆိုရင် သူက အံ့အားသင့်တဲ့ ခံစားချက်တွေနဲ့ လွှမ်းမိုးခံနေရမှာ ဖြစ်တယ်။ စောစောက သူမကို ငြင်းဆန်ခဲ့တဲ့ လူတွေနဲ့ ကွာခြားစွာ လူအိုကြီးက ကျန်းယွမ်ကို မှတ်မှတ်ထင်ထင် တစ်ချက် စိုက်ကြည့်လိုက်တယ်။
ကလေးကို ဖက်ထားရင်း အိမ်ရှင်မက ဆက်ပြီးတော့ ငြင်းခုံချင်သေးတယ်။
“မင်းရဲ့ တစ်ဖက်သတ် ဖြေရှင်းချက်က”
“လူကြီးမင်း”
ကျန်းယွမ်က သူမရဲ့ စကားကို နားမထောင်ဘဲ အဘိုးကြီးဘက် လှည့်လိုက်တယ်။
“ဒီကိစ္စက အရမ်း ရိုးရှင်းပါတယ်။ ဒီကလူတွေက ရှင့်ရဲ့တရားမျှတမှုကို မဖြေရှင်းပေးနိုင်မှတော့ ရှင်ဒီမှာ အချိန်ဖြုန်းစရာ မလိုတော့ဘူး။ အရှေ့လမ်းက ခရိုင်တရားရုံးကို ဘာလို့ သွားမမေးတာလဲ။ အဲမှာ ရှင့်ကို တရားမျှတမှု ရှာပေးနိုင်မယ့်သူ ရှိနိုင်မှာ”
ပုံမှန်ဆိုရင် အရှေ့လမ်းရဲ့တရားရုံးက အနောက်လမ်းအပါအဝင် ခရိုင်တစ်ခုလုံးမှာ တရားမျှတမှုကို ထိန်းသိမ်းဖို့ အခွင့်အာဏာရှိတယ်။ ရှေးခေတ်ကတည်းက လူတွေက အရာရှိတွေကို စိန်မခေါ်လိုကြဘူး။ အနောက်လမ်းက လူတွေက အပြင်လူတွေကို မုန်းပေမဲ့ သူတို့အကျိုးကို အလေးထားတဲ့အတွက် ဘယ်သူကမှ ရွှံ့ရေတွေကို ဖြတ်လျှောက်ဖို့ ဆန္ဒမရှိကြဘူး။ အစက သူတို့ကို ဝိုင်းထားတဲ့ လူအုပ်ကြီးက ချက်ချင်း လူစုခွဲသွားတယ်။
အခြေအနေက အဆင်မပြေ ဖြစ်လာပြီး ကျန်းယွမ်က အရင်လို နူးညံ့သိမ်မွေ့တဲ့ သဘောထားကို ရက်စက်ကြမ်းကြုတ်ခြင်းအဖြစ် ပြောင်းလိုက်တော့ အိမ်ရှင်မက စကားများနေတာက အသုံးမဝင်မှန်း သိလိုက်တယ်။ သူမက ကလေးကို ချက်ချင်း ခေါ်ပြီးတော့၊
“ငါ နင့်လို လူတွေနဲ့ စကားမများချင်ဘူး။ ချောင် သွားရအောင်”
အိမ်ရှင်မ ထွက်သွားပြီးတော့ ကျန်းယွမ်က ဇလုံထဲက ပိုက်ဆံတွေကို ယူလိုက်ပြီး အဘိုးကြီးကို ပေးလိုက်တယ်။ သူက ယူလိုက်ပြီးတော့ သူမကို စိုက်ကြည့်လာတယ်။
“မိန်းကလေး မင်းက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ။ မင်းက ဘယ်အိမ်တော်ကလဲ”
“လူကြီးမင်းက အရမ်း ခေါင်းမာတာပဲ။ လူကြီးမင်းက ဘယ်ရုံးတော်က အရာရှိလဲဆိုတာ ကျွန်မ သိချင်မိတယ်”
ကျန်းယွမ်က အေးစက်စက် တုံ့ပြန်လိုက်တယ်။
အဘိုးကြီးက ထိတ်လန့်သွားတယ်။ သူ့ကို ကူညီခဲ့တဲ့ ဒီမိန်းကလေးက ရုတ်တရက် သူ့ကို အေးစက်စွာ ဆက်ဆံလိမ့်မယ်လို့ သူ ထင်မထားဘူး။ သူ စိတ်ရှုပ်ထွေးစွာ ပြောလိုက်တယ်။
“မင်း ငါနဲ့ ရှင်းစရာကိစ္စများ ရှိနေလား”
“ရှိတယ်”
ကျန်းယွမ်က ပြောလိုက်တယ်။ အဘိုးကြီးရဲ့ နားလည်ပုံမပေါ်တဲ့ အကြည့်က သူမနဲ့ ဆုံသွားတယ်။ သူမ အမှုမထားသလို ဆက်ပြောလိုက်တယ်။
“အငြင်းပွားမှုကို ပြတ်ပြတ်သားသား ဖြေရှင်းလို့ မရနိုင်တဲ့ အခြေအနေနဲ့ ကြုံလာတဲ့အခါ အာဏာပိုင်တွေကို ချက်ချင်း သတင်းပို့သင့်တယ်။ လူကြီးမင်း ရှင်က အသက်ကြီးနေပါပြီ။ အရာရာတိုင်းက သူ့ကန့်သတ်ချက်နဲ့ သူရှိတဲ့ သဘောကို ရှင် သိမှာပါ။ ဒီနေ့ ကျွန်မသာ ဒီမှာမရှိရင် ရှင် တစ်နေကုန် ငြင်းခုံရင်တောင် ဒီကိစ္စကို ဖြေရှင်းဖို့ မဖြစ်နိုင်ဘူး။ အဲဒါက ရှင့်ကို စွပ်စွဲချက်တွေ ပိုပြီးတော့တောင် များသွားနိုင်တယ်”
“မိန်းကလေး”
အဘိုးကြီး၏ လည်ပင်းက တောင့်သွားကာ၊
“မင်း ငါ့ကို ကူညီပေးတုန်းက မင်းက ရဲရင့်တယ်လို့ ငါ ထင်ခဲ့တယ်။ ဒါပေမဲ့ မင်းက သူများတွေနဲ့ တူတယ်လို့ ငါ့စိတ်ထဲမှာ မထင်ခဲ့ဘူး။ ဟုတ်တာပေါ့ ဘယ်သူကမှန်လဲ ဘယ်သူကမှားလဲဆိုတာ ငါ သေချာအောင် လုပ်ဖို့ လိုတာပေါ့။ ငါက မှန်တဲ့အတွက် သူတို့ကို ကြောက်ဖို့ မလိုဘူး”
ကျန်းယွမ် ခဏလောက် တွေးလိုက်တယ်။
“ရှင် မှန်တယ်။ ရှင့်ရဲ့ အတိတ်က အရွယ်ကောင်းမှာလည်း ရှင် လမ်းပေါ်မှာ စကားများခဲ့တယ်။ ရှင့်ရဲ့ အကျင့်စရိုက်က ချီးကျူးထိုက်ပါတယ်။ ရှင် ငယ်ငယ်တုန်းကလည်း ဒီလိုပုံစံပဲလို့ ကျွန်မထင်တယ်။ စကားများကြတဲ့အခါ နောက်ဆုံးစကားရှိဖို့ လိုပေမဲ့ ရှင့်ကို ဘယ်သူကမှ အတင်းအကျပ် ဝန်ခံစေလို့တော့ မရဘူး”
သူမရဲ့ မပြောင်းလဲတဲ့ မျက်နှာထားနဲ့ နူးညံ့တဲ့ အသံက အဘိုးကြီးကို ချီးမွှမ်းတာလား နှိမ့်ချတာလားဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး။
“ဓါးရဲ့ ထက်မြက်မှုက ဓားသွေးကျောက်ပေါ်မှာ၊ ဇီးပန်းလေးတွေရဲ့ ရနံ့က ဆောင်းရာသီကနေ ဆင်းသက်လာတာ။ ရှင့်ရဲ့ စရိုက်က ဒီဇီးပန်းလေးတွေနဲ့ တော်တော်တူတယ်။ ပိုင်ကျီ ငါတို့ကို တွေ့ဆုံစေတဲ့ ကံတရားအတွက် အဲဒါတွေကို သူ့ကို လက်ဆောင်ပေးလိုက်”
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...