အခန်း-၁၄
ဆောင်းတွင်းက ငြိမ်သက်စွာ ကုန်ဆုံးသွားတယ်။ တချို့နေရာတွေက အသက်ဝင်နေပြီး တိတ်ဆိတ်တဲ့နေရာတွေကတော့ ပိုပြီး တိတ်ဆိတ်နေလေရဲ့။ ကျန်းယွမ်ရဲ့အိမ်ကို ဘယ်သူမှ အချိန်ကြာအောင် မလာလို့ သူတို့ သုံးယောက်က ပျင်းရိပြီး အထီးကျန်နေတာပေါ့။
မနက်ခင်းစောစောမှာ ပိုင်ကျီနဲ့လန်ချောင်တို့က အိမ်အဝနားမှာ အဝတ်ဖာနေကြတယ်။ သူတို့ရဲကအဝတ်အစားတွေက ဟောင်းနွမ်းနေပြီမို့ အမြဲတမ်း ဖာနေရတယ်။ သူတို့ နှစ်ယောက်လုံးက ချည်ထိုးတဲ့နေရာမှာ ကျွမ်းကျင်ပြီးတော့ ပန်းပွင့်ပုံစံ ထိုးပြီးသွားတာနဲ့ ပြန်ဝတ်လို့ ရနိုင်ပေမဲ့ တောက်ပတဲ့ ချည်အရောင်က သူတို့အတွက် တန်ကြေးကြီးမားတယ်။ ပုံမှန်ရက်တွေမှာ သူတို့က ဒီလို လက်ရာမြောက်တဲ့ ဖာထေးမှုမျိုး လုပ်ဖို့ မလိုဘူး။
မိန်းမငယ်လေးက ပြတင်းပေါက်နားမှာ တိတ်ဆိတ်စွာ ထိုင်နေပြီး သူမရှေ့မှာ ဖတ်လက်စ စာမျက်နှာ ရှိနေတယ်။ နေရောင်က သူမရဲ့ လှပတဲ့ မျက်နှာတစ်ခြမ်းပေါ် ကျနေတယ်။ အတောင်ပံလိုမျိုး ရှည်လျားတဲ့ သူမရဲ့မျက်ခုံးမွေးက ကြည်လင်လှပတဲ့ အကြည့်အထက်မှာ ရွေ့လျားသွားတယ်။ သူမက လူတွေရဲ့နှလုံးသားကို လှုပ်ရှားစေတဲ့ နူးညံ့သိမ့်မွေ့မှုမျိုးကို ပိုင်ဆိုင်ထားတယ်။
လန်ချောင်က ခေါင်းလှည့်လိုက်တော့ သူမရဲ့သခင်မလေးကို တွေ့သွားတယ်။ သူမရဲ့သခင်မလေးက လောကမှာ ရှားပါးလှတဲ့ အလှတရားကို ပိုင်ဆိုင်ထားတယ်လို့ သူမခံစားရတယ်။ သူမက တိတ်ဆိတ်နေတဲ့အခါ ငြိမ်းချမ်းလှတဲ့ ရှုခင်းလိုမျိုး အလွန်သန့်စင်နေတယ်။ ဒါပေမဲ့ သူမက ရက်စက်လာတဲ့အခါ သူမရဲ့ကြမ်းတမ်းအေးစက်တဲ့ အမူအရာကနေ ဆွဲဆောင်မှုတစ်မျိုး ထွက်ပေါ်လာတယ်။ “အိမ်ထောင်ရှင်မတွေက အေးအေးဆေးဆေး နေတတ်ကြတယ်။ ဒါပေမဲ့ သူတို့ စပြီး လှုပ်ရှားလိုက်တာနဲ့ ပါးနပ်တဲ့ ယုန်လိုမျိုးပဲ” ဆိုတဲ့ ဆိုရိုးစကားက ကျန်းယွမ်လို အမျိုးသမီးကို ရည်ညွှန်းတာပဲ။
ပိုင်ကျီက လန်ချောင် အတွေးထဲ နစ်နေတာကို တွေ့လိုက်တော့ သူမမျက်လုံးများအတိုင်း လိုက်ကြည့်လိုက်တယ်။ သူမက တွေးပြီးနောက် ပြောလိုက်တယ်။ “ငါတို့ သခင်မလေးက ဒီနှစ်အတွင်း ထွားလာတယ်။ အရပ်လည်း ရှည်လာတယ်။ နောက်ကျရင် အဝတ်တွေက တော်တော့မှာ မဟုတ်ဘူး။ နွေဦးက မကြာခင် ရောက်လာတော့မှာ။ ငါတို့ သခင်မလေးအတွက် အဝတ်အစားအသစ်တွေ ချုပ်ဖို့ အချိန်ယူသင့်တယ်”
“အဲဒါက နင်ပြောတာ လွယ်လိုက်တာ” လန်ချောင်က သူမဖာသာ အသိဝင်သွားပြီး ကြယ်သီးကို ဆက်တပ်ကာ ပြောလိုက်တယ်။ “ဒီနှစ်မှာ အဲဒီလူတွေ ပေးတဲ့ ထောက်ပံ့ကြေးက တစ်ဝက်လောက် လျော့သွားတယ်။ အဝတ်သစ်နှစ်စုံက ပစ္စည်းတွေ အများကြီးလိုတာ။ ငါတို့ ဘယ်မှာ သွားရှာရလဲ။ ငါ တွေးမိတာကတော့ ငါတို့ တောင်ပေါ်က ဆေးပင်တွေကို ရောင်းချပြီးတော့ ငါတို့ သခင်မလေးအတွက် အဝတ်အစားချုပ်ပေးဖို့ လိုတာတွေ ဝယ်နိုင်မယ်”
သူမက ခဏရပ်လိုက်တယ်။
“ငါတို့ သခင်မလေးက သိပ်လှပေမဲ့ သူဝတ်ထားတာတွေက ဟောင်းနေတယ်။ ဒီအရွယ်မိန်းကလေးတွေက ပန်းလေးတွေလို လှပတဲ့အဝတ်တွေကို ဝတ်ကြပေမဲ့ ငါတို့ သခင်မလေးကတော့ ကံဆိုးရှာတယ်။ သူမမှာ တောက်ပတဲ့ အဝတ်အစားတောင် မရှိဘူး။ အဲဒါက သူမရဲ့ အချောအလှကို ထိခိုက်စေတယ်။ ငါတို့ သခင်မလေးသာ အဲလို လှပတဲ့အဝတ်တွေကို ဝတ်နိုင်ခဲ့ရင် မြို့တော်က မိန်းကလေးတွေ အားလုံး အရှုံးပေးရလိမ့်မယ်”
လန်ချောင်ရဲ့စကားတွေကို ပိုင်ကျီက မရယ်ဘဲ မနေနိုင်တော့ပေ။ “မဟုတ်တာတွေ ပြောနေတယ်။ နင်က အခု မြို့တော်အကြောင်း ပြောနေပေမဲ့ ငါတို့ ဘယ်နေ့ အိမ်တော် ပြန်ရမလဲတောင် မသိဘူး”
အိမ်တော်အကြောင်း ပြောလိုက်မိပြီး သူတို့ နည်းနည်း စိတ်ဓာတ်ကျသွားကြတယ်။ ခဏကြာတော့ လျန်ချောင်က ခေါင်းယမ်းလိုက်ပြီး၊ “ဒီအကြောင်းကို သိပ်မတွေးတော့နဲ့၊ သခင်မလေးက ငါတို့ မကြာခင် ပြန်ရမယ်လို့ မပြောထားဘူးလား။ ငါတို့ သခင်မလေးမှာ အစီအစဉ် ရှိလိမ့်မယ်။ ငါတို့ စိတ်ညစ်နေဖို့ မလိုဘူး”
ပိုင်ကျီက ခေါင်းညိတ်လိုက်တယ်။ “ငါတို့ သခင်မလေးက ထက်မြက်တယ်။ အမှားတစ်ခုခု ရှိမနေဖို့ဘဲ ငါ မျှော်လင့်မိတယ်”
သူတို့ စကားပြောနေတုန်း အပြင်ဘက်ကနေ တစ်ယောက်ယောက်က တံခါးခေါက်လာတယ်။ အဲဒါက ထင်းလာပို့တဲ့ ရှောင်ယွမ်ပဲ။ အိမ်တော်က သူတို့ကို ကျောက်မီးသွေး မပေးပေမဲ့ ထင်းတော့ ပေးသေးတယ်။ ပြီးတော့ အဲဒါက ကျန်းလန်က ညွှန်ကြားထားမှန်း သိသာတယ်။ သူတို့ သုံးယောက်အတွက် ဆောင်းတွင်းတိုင်းက တစ်နှစ်တာအတွင်း အခက်ခဲဆုံးအချိန်ဖြစ်ပြီး အထူးသဖြင့် ထင်းခွဲတမ်းနဲ့ ပတ်သတ်လို့ပေါ့။ အပိုပေးဖို့ဆိုတာ မေးဖို့တောင်မှ မလိုဘူး။ သူတို့သုံးယောက် အအေးလွန်ပြီး သေသွားမှာကို ကျန်းလန်က စိတ်ပူနေမှာမှ မဟုတ်တာ။
ရှောင်ယွမ်က ကျန်းယွမ်ကို နှုတ်ဆက်လိုက်ပြီး သူမခြင်းတောင်းထဲက ထင်းတွေကို ထုတ်လိုက်တယ်။ လန်ချောင်က ဘေးကနေ သူမကို ကူညီလိုက်တယ်။ သူတို့ ပြီးသွားတော့ ရှောင်ယွမ်က ပိုင်ကျီလက်ထဲက အင်္ကျီကို ကြည့်လိုက်ပြီး ပြုံးလိုက်တယ်။ “အစ်မပိုင်ကျီရဲ့လက်က ကျွမ်းကျင်လိုက်တာ။ အပ်ချုပ်တာ စေ့စပ်ပြီးတော့ ဘယ်သူမှ ဒါတွေက ဖာထားတာမှန်း ပြောနိုင်မှာ မဟုတ်ဘူး”
ပိုင်ကျီက တခစ်ခစ် ရယ်မောလိုက်တယ်။ “ဒါက ရိုးရိုး ချုပ်ရုံလေးပါ။ ဒါပြီးတော့ ပုံမှန်ဝတ်ဆင်နေတာကို ဘယ်သူက သတိထားမိမှာလဲ”
“အစ်မပိုင်ကျီ နင် မှားနေပြီ” ရှောင်ယွမ်က ခေါင်းယမ်းလိုက်တယ်။
“ဒီနှစ်မှာ အမေက ကျွန်မကို မက်မွန်သီးရောင် အင်္ကျီတစ်ထည် လုပ်ပေးခဲ့တာ။ မထင်မှတ်ထားဘဲ အလုပ်လုပ်ရင်းနဲ့ လက်မောင်းအောက်မှာ အပေါက်တစ်ခု ဖြစ်သွားတယ်။ ကောင်းကောင်း ပြင်ဖို့ တွေးထားပေမဲ့ အဲဒီနေရာကို ပြင်ဖို့က ထင်သလောက်မလွယ်ဘူး။ ဖုံးထားဖို့ မေ့သွားတာနဲ့ တခြားသူတွေက အပေါက်ကို တွေ့သွားနိုင်တယ်။ ဒါက စိတ်ရှုပ်စရာပဲ။ တကယ်လို့ ကျွန်မမှာသာ အစ်မလို့ အရည်အချင်း ရှိမယ် ဆိုရင် ငါက အဲဒါကို ထပ်ပြီးတော့ စိတ်ပူနေဖို့ မလိုတော့ဘူး”
“ဒါက ဘာခက်လို့လဲ” လန်ချောင်က ရှောင်ယွမ်ကို ခြင်းတောင်း ပြန်ပေးလိုက်တယ်။ “ကောင်းပြီ၊ အဲဒါကို ပိုင်ကျီက မင်းအတွက် ဖာပေးလိမ့်မယ်”
“တကယ်လား” ရှောင်ယွမ်က ပိုင်ကျီကို ပျော်ရွှင်အံ့သြစွာနဲ့ ကြည့်လိုက်တယ်။ သူမက မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေတဲ့ မျက်လုံးတွေကို မဖုံးကွယ်ထားနိုင်ဘူး။
ပိုင်ကျီက ခေါင်းညိတ်ထောက်ခံလိုက်တယ်။ “ဒါပေါ့ ငါလုပ်ပေးမှာပေါ့။ ငါ့မှာ မက်မွန်သီးရောင်အဝတ်စံ မရှိတာလေးတစ်ခုပါပဲ။ မင်း ငါ့ကို ပိတ်စတော့ ပေးဖို့ လိုလိမ့်မယ်”
ရှောင်ယွမ်က ပိုင်ကျီရဲ့စကားများကို ကြားပြီးနောက် ချက်ချင်းပင် ပြုံးသွားတယ်။ “ကိစ္စမရှိဘူး။ ကျေးဇူးပါပဲ အစ်မပိုင်ကျီ၊ နင်က သဘောကောင်းတာပဲ။ တကယ်လို့သာ အစ်မပိုင်ကျီကို သဘောကောင်းတာကို စောစော သိခဲ့ရင် ဒီကို ခဏခဏ လာမှာပဲ။ ကျွန်မမှာ ဖြစ်သလို ဖာထားတဲ့ အဝတ်တွေမှ အများကြီးပဲ”
“အရူးမလေး” လန်ချောင်က စိတ်ဆိုးဟန်ဆောင်လိုက်တယ်။ “နင်က ငါတို့အပေါ် အခွင့်ကောင်း ယူတာပဲ။ ဒီခြံဝန်းအပြင် ပင်မစံအိမ် အစေခံတိုင်းက အခွင့်ထူးခံဆိုတာ လူတိုင်းသိတယ်။ ဘယ်လို လုပ်ပြီး နင့်မှာ အဝတ်အပြဲတွေ ရှိနေမှာလဲ”
“ဘယ်သူက ကျွန်မကို အမြဲတမ်းကံကောင်းတယ် ပြောတာလဲ” ရှောင်ယွမ်က နှုတ်ခမ်းဆူလိုက်တယ်။
“ဒီမှာက တခြားနေရာထက် ပိုတိတ်ဆိတ်ပေမဲ့ အပြုအမူကောင်းတဲ့ သခင်မလေးကိုပဲ အလုပ်အကျွေး ပြုချင်တာ။ အစ်မတို့ ကျွန်မကို အမှောင်ထဲမှာ မချန်ထားခဲ့ပါနဲ့။ ဒီအိမ် အပြင်ဘက်က လူတချို့က အလုပ်လုပ်ရတာ ခက်ခဲတယ်။ ဒေါ်လေးလန်ပဲ မကဘူး။ သူ့သားကိုပါ ရင်ဆိုင်ဖို့ မလွယ်ဘူး။ အရင်ကတော့ သူ မွှေနှောက်နေတဲ့အခါတိုင်း လူတွေက မျက်စိမှိတ်ထားပေးပေမဲ့ နောက်ပိုင်းမှာ သူ့အပြုအမူတွေက ပိုပိုဆိုးလာတယ်။ ကျွန်မကြားတာတော့ ဒေါ်လေးလန်ရဲ့ မြေကွက်ကို နောက်ကွယ်မှာ ရောင်းစားလိုက်တယ်တဲ့။ မနေ့ညက ဒေါ်လေးလန် အဲဒါကို သိပြီး ဒေါသထွက်နေခဲ့တာ။ ဒီရက်ပိုင်းအတွင်း ကျွန်မတို့လို အဆင့်နိမ့်အစေခံတွေက ဒေါသပုံချတာ မခံရအောင် အတတ်နိုင်ဆုံး သတိထားနေကြရတယ်”
“အို အဲဒီမှာ တကယ်ပဲ တစ်ခုခု ဖြစ်ခဲ့တာလား” ပိုင်ကျီက လန်ချောင်ကို တစ်ချက်ကြည့်လိုက်တယ်။ “ချန်ကျောက်က နေရာတိုင်းမှာ ပြဿနာရှာရတာကို ကြိုက်ရင်တောင်မှ ပိုက်ဆံဖြုန်းတတ်တဲ့သူ မဟုတ်ဘူးလေ။ ဘယ်လိုလုပ် သူက မြေကွက်ကို ရောင်းလိုက်တာပါလိမ့်”
“အဲဒါ အမှန်ပဲ ဒါ အမှန်ပဲ” လန်ချောင်က ကြားဖြတ်ပြောလိုက်တယ်။ “နင် ငါတို့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလို့ မပြောနဲ့နော်”
“အဲလို မဟုတ်ဘူး” ရှောင်ယွမ်က သူတို့ရဲ့သံသယများကို ဖယ်ရှားလိုက်ပြီး၊ “အစေခံတိုင်းက ကျွန်မလိုပဲ။ ဒီအိမ်အပြင်ဘက်က စျေးဝယ်တာဝန်ယူတဲ့သူတွေတောင် ဒါကို ကြားဖူးတယ်။ မနေ့ညက ဒေါ်လေးလန်က သိပ်ကို ဒေါသကြီးနေတာ။ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲလို့ ချန်ကျောက်ကို မေးနေတာ ကျွန်မကြားခဲ့တယ်။ ဒါပေမဲ့ သူ့ဆီကနေ အဖြေတော့ မရသွားဘူး။ ဒါကြောင့် သူမက သူ့အခန်းကို သေသေချာချာ ရှာနေခဲ့တာ။ ရလဒ်က မင်း ခန့်မှန်းလိုက်သလိုမျိုးပဲ။ သူ့မှာ တစ်ပြားတစ်ချပ်မှတောင် မရှိတော့ဘူး”
“အာ..” လန်ဖျောင်က တအံ့တသြ အော်လိုက်တယ်။ “ဒါက တကယ် ထူးဆန်းတယ်။ မြေတစ်ကွက်ရောင်းရင် ငွေအများကြီး ရနိုင်တယ်။ သူက အဲဒီငွေအားလုံးကို ရက်နည်းနည်းအတွင်း သုံးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပိုက်ဆံတွေက အတောင်ပေါက်ပြီး ပျံသွားတယ်လို့ ငါ့ကို မပြောနဲ့”
“ဒေါ်လေးလန်ရဲ့အပြုအမူတွေက သိပ်ကို ထူးဆန်းနေတာ။ ဒါပေမဲ့ သူမသားက လုံးဝ လျစ်လျူရှုထားတယ်။ နောက်ဆုံးကျ ဒေါ်လေးနဲ့ ချန်ကျောက်က အကြီးအကျယ် ရန်ဖြစ်ခဲ့ပြီးတော့ ဘာစကားမှ မပြောဘဲ ထွက်သွားတာ။ သူမ ခံစားချက်ကို နည်းနည်းတောင် ဂရုမစိုက်ဘူး”
သုံးယောက်သားက ဒီအကြောင်းကို ဆွေးနွေးနေပြီး ကိုယ်ပိုင်အတွေးကိုယ်စီ ဖြစ်နေကြလေရဲ့၊ ကောင်းကင်က မှောင်လာတော့ ရှောင်ယွမ်က ထရပ်လိုက်ပြီး ထွက်သွားတယ်။ လန်ချောင်က သူမကို အဝနားအထိ ပို့ပေးလိုက်တယ်။ ပိုင်ကျီက အဝတ်တွေကို ချထားလိုက်ပြီး ကျန်းယွမ်အနား လျှောက်လာတယ်။ စာဖတ်နေတဲ့ ကျန်းယွမ်က ခေါင်းမော့လိုက်ပြီး ပြုံးလိုက်တယ်။ “သူက သူ့အမေကို မတိုင်ပင်ဘဲ မြေကို ရောင်းရဲတယ်ပေါ့”
“သခင်မလေး” ပိုင်ကျီက ပြောတယ်။
“ဘာလို့မှန်း မသိဘဲနဲ့ ဒီကိစ္စမှာ ချန်ကျောက်က မြေရောင်းလိုက်တာ သခင်မလေးနဲ့ သက်ဆိုင်နေတယ်လို့ ကျွန်မခံစားရတယ်။ ကျွန်မက သိပ်ပြီး မထက်မြက်တော့ စိတ်ရှုပ်နေတယ်။ ကျွန်မ ခေါင်းက ရှုပ်ထွေးနေပြီ”
“မင်းဒါကို နားမလည်သေးဘူးလား” ကျန်းယွမ်က ပြောလိုက်တယ်။ “ဒါက ရိုးရိုးလေးပဲ” ပိုင်ကျီက စကားမပြောသေးမီ လန်ချောင်ရဲ့အသံကို အပြင်ကနေ ကြားလိုက်ရတယ်။
“မင်းဘယ်လိုတောင် အကျင့်ပျက်ပြီးတော့ အထဲကို အတင်းဝင်ရဲတာလဲ”
ဒါပေမဲ့ နောက်ထပ် ဒေါသတွေနဲ့ တောက်လောင်နေတဲ့ အသံကလည်း ထွက်ပေါ်လာတယ်။
“ငါ့လမ်းကို မပိတ်နဲ့ ငါ့ကို ဝင်ခွင့်ပေး”
ပိုင်ကျီက ရင်းနှီးနေတဲ့အသံကို ကြားလိုက်ရပြီး မဆွံ့အဘဲ မနေနိုင်တော့ဘူး။ ဒါက သေချာပေါက် ချန်ဖန်းရဲ့အသံ။ ဒါပေမဲ့ ချန်ဖန်းက ဒီကို ဘာလာလုပ်တာလဲ။
ကျန်းယွမ်က လက်ကို ပွတ်လိုက်ပြီး၊ “ကြည့်ထား မကြာခင် မင်းနားလည်လာလိမ့်မယ်”
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...