Unicode
မုန်းမာန်ဖွဲ့ရန်ငြိုးPart 136
အခန်း -၁၀၆
ရှောင်ရှို့ တုန်ဖန်းလိုကို ပြန်ရောက်တာနဲ့ အောက်ထပ်က အစေခံက သူ့ကို တစ်ယောက်ယောက်က သီးသန့်ခန်းထဲမှာ စောင့်နေတာကို သတင်းပို့ခဲ့တယ်။ သူက ဒုတိယထပ်က သီးသန့်ခန်းထဲကို ဝင်လာတုန်း ရဲ့ဖန်းက သူ့ရှေ့က သူကို တောင့်တင်းစွာ ကြည့်နေတာကို တွေ့လိုက်တယ်။
ရှောင်ရှို့ကို မြင်တော့ ရဲ့ဖန်းက အမြန် မတ်တပ်ရက်လိုက်ပြီး ခေါင်းငုံ့ပြီး ပြောလိုက်တယ်။
“သခင်”
ရှောင်ရှို့က လက်ခါပြလိုက်တော့ ရဲ့ဖန်းက အရိုအသေပေးပြီးတော့ အခန်းထဲကနေ ထွက်သွားတယ်။ ကျန်းယွမ် ခေါင်းမော့လိုက်တာနဲ့ ရှောင်ရှို့က သူမနဲ့ ဆန့်ကျင်ဘက်မှာ ထိုင်လိုက်ပြီးတော့ သူမကို ကြည့်နေတုန်း သူက ပြောလိုက်တယ်။
“ဘာဖြစ်လို့လဲ။”
“အသားအရည်ကို နဂိုအတိုင်း ပြန်ဖြည့်လို့ရတဲ့ ဆေးရှိလား။ ဒါမှမဟုတ် တစ်ယောက်ယောက်ကို ဆွဲဆောင်မှုရှိတဲ့ နတ်သမီးလို ဖြစ်စေနိုင်တဲ့ သူဖြစ်အောင် လုပ်နိုင်တဲ့ နည်းလမ်းတချို့ရှိလား။”
ကျန်းယွမ်က လိုရင်းကို တန်းမေးလိုက်တယ်။
ကျန်းစုစုနဲ့ ပတ်သက်ပြီး ထူးဆန်းနေတာတွေ အများကြီးရှိတယ်။ သူမရဲ့ မျက်နှာကို စဉ်းစဉ်းစားစားနဲ့ ကြည့်လိုက်ရင်တောင် သံသယဖြစ်စေနိုင်တယ်။ ဆူးတွေ အခြစ်ခံထားရတဲ့ မျက်နှာက အမာရွတ်လေးတစ်ခုတောင် မကျန်ခဲ့ဘူး။ ဒါ့အပြင် ကျန်းယွမ်က ကျန်းစုစုက အဲ့နေ့တုန်းက ဘာမိတ်ကပ်မှ လိမ်းမထားတာကို သေသေချာချာ တွေ့လိုက်တယ်။ သူမက မယုံနိုင်လောက်အောင် ကုသနိုင်သွားတယ်ဆိုတာကတော့ မှန်တယ်။ ဒါ့အပြင် ကျန်းစုစုရဲ့ လှုပ်ရှားမှုတိုင်းက တမင်အာရုံစိုက်ခံရအောင် လုပ်နေတာဖြစ်ပြီးတော့ အရမ်းထူးဆန်းနေတယ်။ ရှောင်ရှို့က ဆေးဘက်မှာ ကျွမ်းကျင်မှုရှိပြီးတော့ အတွေ့အကြုံရှိပြီး ထက်မြက်တယ်။ သူက ဒီကိစ္စအပေါ်ကို အကြံဉာဏ်ကောင်း ပေးနိုင်လောက်တယ်။
ရှောင်ရှို့က ကျန်းယွမ်ကို စိုးရိမ်တဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ ခဏလောက် လေးလေးနက်နက် စဉ်းစားပြီးတော့ သူက ခေါင်းညိတ်ပြီးပြောလိုက်တယ်။
“အင်း ရှိတယ်။”
ကျန်းယွမ်က လန့်သွားတယ်။
“အဲဒါ ဘာနည်းလမ်းတွေလဲ။”
“အောက်လမ်းနည်းတစ်မျိုး။”
ရှောင်ရှို့က ပြောလိုက်တယ်။
“တောင်ပိုင်းရှင်းကျန်းက အမျိုးသမီးတွေက အဲ့အပိုင်းတွေမှာကျွမ်းပြီးတော့ မင်းပြောတဲ့ အခြေအနေတွေက ဒီလိုလျှို့ဝှက်ကျင့်စဉ်တွေနဲ့ ဖြစ်နိုင်ချေ အရမ်းများတယ်။”
ကျန်းယွမ် လန့်သွားတယ်။
“တောင်ပိုင်းရှင်းကျန်းလား။”
ရှောင်ရှို့က သူမရဲ့ အမူအရာကို တွေ့တော့ သူက သေချာတွေးပြီးတော့ ပြောလိုက်တယ်။
“မင်းဘေးမှာ ဒီလိုလူမျိုး ရှိလို့လား။”
“ကျွန်မက ရှောင်လူကြီးမင်းကို မေးချင်တာ ဒီလိုနည်းကို ကျင့်တဲ့သူတွေက ဘာလုပ်ကြလဲ။ ဘာတွေ ပေးဆပ်ရလဲ။ ဉပမာအနေနဲ့ အဲဒါ သွေးဒါမှမဟုတ် အဲ့ဟာတွေထဲက တစ်ခုခု လိုတာလား။”
ကျန်းယွမ်က မေးလိုက်တယ်။
“အဲ့လောက် မလိုပါဘူး။ တောင်ပိုင်းရှင်းကျင်းရဲ့ အောက်လမ်းနည်းတွေက အများကြီးရှိပေမဲ့ အဲ့အပိုင်းကတော့ ကျင့်တဲ့သူတွေ အကုန်လုံးက ကွဲပြားကြတော့ ပေးဆပ်ရတာတွေကလည်း အမျိုးမျိုးရှိတယ်။ ယေဘုယျအားဖြင့်ပေါ့။ ဒီလျှို့ဝှက်ကျင့်စဉ်တွေကို ဆေးပညာနဲ့အသက် မွေးတဲ့သူတွေရဲ့ ဆေးတစ်မျိုးလို့ တွေးလိုက်။ အေးအာနိသင် ပိုပြင်းပြီး သက်ရောက်လေလေ ရလာဒ်က ပိုကောင်းလေပဲ။ ဒါပေမဲ့ ပေးဆပ်ရတာကလည်း အလားတူ ကြီးမားလာတယ်။ မိန်ရှုကို ကျင့်တဲ့သူတွေက သာမာန်လူတွေနဲ့ မတူပဲ ကွဲပြားစွာ ပြုမူကြတယ်။ သူတို့ထဲက တချို့က လတ်ဆတ်တဲ့ သွေးနည်းနည်း ထပ်ဖြည့်တာ ဒါမှမဟုတ် တစ်ခုခု လုပ်တယ်။ ဒါပေမဲ့ အဲဒါက ပြောဖို့ အရမ်းခက်တယ်။”
ရှောင်ရှို့က သူမရဲ့ မေးခွန်းကို တည်ငြိမ်စွာ ဖြေပြီးတော့ စိတ်ရှည်စွာနဲ့ သူမ တုံ့ပြန်တာကို စောင့်ဆိုင်းနေတယ်။
ကျန်းယွမ်က မျက်မှောင်ကြုတ်လိုက်တယ်။ တကယ်လို့ သူမက အစောကတည်းက သံသယရှိခဲ့ရင် ဒီသံသယက အခု ပိုပြီးတော့ ကြီးမားလာပြီဖြစ်တယ်။ ပြီးတော့ ကျန်းစုစုရဲ့ ထူးဆန်းတဲ့ အပြုအမူတွေနဲ့ သူမရဲ့ ချောမွေ့ပြေပြစ်တဲ့ မျက်နှာက ရှောင်ရှို့ အခုလေးတင်ပြောလိုက်တဲ့ အချက်တချို့နဲ့ ကိုက်ညီနေတယ်။ ဒါပေမဲ့ သူမက သီးသန့်ဘုရားကျောင်းကို သူမရဲ့ စိတ်ကို တည်ငြိမ်စေဖို့ သွားတာ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ခဲ့တာလဲ။ ကျန်းယွမ် အဲ့အကြောင်းကို ပိုတွေးလေလေ သူမပို စိတ်ရှုပ်လေလေပဲ။
ရှောင်ရှို့က ကျန်းယွမ် မျက်မှောင်ကကြုတ်နေတာကို လေ့လာနေရင်း သူလည်း ဒီကိစ္စကို စပြီး လေးလေးနက်နက်တွေးလာတယ်။ တောင်ပိုင်းရှင်းကျန်းကလူတွေက လျှို့ဝှက်ပူးပေါင်း ကြံစည်နေပုံပေါ်ပြီးတော့ ကျန်းယွမ်က အရေးမပါတဲ့ ကိစ္စတွေ အကြောင်း ဘယ်တုန်းကမှ မမေးဘူး။ သူမ အခု မေးလိုက်တဲ့ မေးခွန်းက မိန်ရှုကျင့်တဲ့သူ တစ်ယောက်ယောက်က သူမ နားမှာ ရှိလို့ဖြစ်မယ်။ တကယ်လို့ ဒါက အမှန်ဆိုရင် သူတို့က အခု စပြီးလှုပ်ရှားနေကြပြီဖြစ်တယ်။
ဒီအကြောင်းကို တွေးရင်း ရှောင်ရှို့က မေးလိုက်တယ်။
“မင်းပြောနေတဲ့သူကို ငါကိုယ်တိုင် တွေ့ချင်တယ်။”
ကျန်းယွမ်က ရှောင်ရှို့ကို ကျန်းစုစုကို တွေ့ဖို့ ကျန်းအိမ်တော်ထဲကို ဘယ်လိုခေါ်ရမလဲလို့ တွေးနေတာဖြစ်ပြီးတော့ သူ ကိုယ်တိုင် အဲ့ကိစ္စက တောင်ပိုင်းရှင်းကျန်းက လူတွေနဲ့ ပတ်သက်မှုရှိမရှိကို အတည်ပြုတာက အကောင်းဆုံးဖြစ်တယ်။ သူမကလည်း ရှောင်ရှို့ကြောင့် နည်းနည်း အံ့အားသင့်သွားတယ်။ သူ့စကားတွေက သူမကို လန့်သွားစေခဲ့တယ်။ သူမက ရှောင်ရှို့ ဒီကိစ္စကို သူမနဲ့ တွဲပြီး ဖြေရှင်းချင်လိမ့်မယ်လို့ မထင်ခဲ့ဘူး။ ရှောင်ရှို့က တောင်ပိုင်းရှင်းကျန်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဖြေရှင်းနေရတာကို ကျန်းယွမ် မသိခဲ့ဘူး။ ရှောင်ရှို့က အရမ်းအရေးထားသလို ပြုမူနေတယ်လို့ သူမက ရိုးရိုးပဲ တွေးလိုက်တယ်။ သူမ ရင်ထဲမှာ နည်းနည်း စိတ်လှုပ်ရှားသွားတယ်။ အဲဒါက ကျေးဇူးတင်ခြင်း မဟုတ်ပေမဲ့ ရှောင်ရှို့က ကောလဟာလတွေထဲကလို အကြင်နာတရားမဲ့ပြီး စာနာစိတ်ကင်းမဲ့တဲ့သူ မဟုတ်ဘူးလို့ သူမ နည်းနည်းချင်းစီ ခံစားလာရတယ်။
သူမက ပြုံးပြီးပြောလိုက်တယ်။
“အဲဒါက ပိုကောင်းတာပေါ့။ ဒါပေမဲ့ အဲ့လူက ပုန်းနေတာ မဟုတ်ဘဲ ကျန်းအိမ်တော်ထဲမှာ ရှိနေတာ။”
ရှောင်ရှို့က သူမကို ကြည့်လိုက်တယ်။ သူရဲ့ ကြော့ရှင်းတဲ့ မျက်လုံးတွေက နဂါးငွေ့တန်းလို နက်ရှိုင်းတယ်။ သူက ပြောလိုက်တယ်။
“ကျန်းစုစုလား။”
“ရှင်ဘယ်လိုသိတာလဲ။”
ကျန်းယွမ်က အံ့အားသင့်စွာနဲ့ မေးလိုက်တယ်။
“ကျန်းအိမ်တော်က အမျိုးသမီးတွေထဲမှာ ဒုတိယသခင်မလေးကပဲ နတ်သမီးလို လှတယ်လို့ ပြောခံရတာဆိုတော့ ဖြစ်ခြင်းဖြစ် သူမပဲ ဖြစ်မှာပေါ့။”
ရှောင်ရှို့က ပြောတယ်။
ကျန်းယွမ် ကြောင်သွားတယ်။ သူမက ပြုံးလိုက်ပြီး မေးလိုက်တယ်။
“ရှောင်လူကြီးမင်းကလည်း ဒုတိယညီမလေးကို နတ်သမီးတစ်ယောက်လို လှတယ်လို့ သတ်မှတ်တယ်ပေါ့။”
ရှောင်ရှို့ကလည်း ကျန်းယွမ်ဆီကနေ ဒီလိုမေးခွန်းမျိုး မေးလာလိမ့်မယ်ဆိုတာ သတိမထားမိဘူး။ သူက မျက်မှောင်ကြုတ်လိုက်ပြီး သူမကို လေးနက်စွာ ကြည့်လိုက်ပြီး ပြောလိုက်တယ်။
“မင်းလောက်တော့ မလှပါဘူး။”
ရှောင်ရှို့ဆီက ဒီလိုမျိုး အဖြေက သူမ မျှော်လင့်ထားတာတွေကို တကယ်ပဲကျော်လွန်သွားတယ်။ ကျန်းယွမ်က သူမဘာသာ အေးအေးဆေးဆေနေပေမဲ့ ဒီလို တည်ငြိမ်ပြီး တသီးတခြားနေတဲ့ သူဆီကနေ ဒီလိုစကားမျိုး ကြားလိုက်ရတော့ သူမ နည်းနည်း ကြောင်သွားတယ်။ ခဏလောက် သူမ ဘာပြောရမှန်း မသိဖြစ်သွားတယ်။ သူမ သူ့ကို ကြည့်လိုက်တော့ သူက သူမကို စိတ်ဝင်စားမှုနဲ့ ကြည့်နေမှန်း တွေ့သွားတယ်။ သူ့မျက်ဝန်းထဲမှာ စနောက်တဲ့ အရိပ်အယောင် ရှိနေတယ်။
သူက ပြုံးနေသေးတုန်းဆိုတော့ ဒါက …. ဟာသများလား။
ခဏလောက် ကြက်သေသေပြီးတော့ ကျန်းယွမ် ပြုံးပြီးပြောလိုက်တယ်။
“ဒီတော့ ရှောင်လူကြီးမင်းက ဟာသပြောတတ်သားပဲ။”
ရှောင်ရှို့က မေးလိုက်တယ်။
“ကိုယ်ဘယ်တော့ မင်းအိမ်တော်ဆီကို လာခဲ့ရမလဲ။”
ကျန်းယွမ်က ဒီစကားက နည်းနည်းထူးဆန်းတယ်လို့ ခံစားလိုက်ရတော့ သူမ မပြောခင် သေချာစဉ်းစားလိုက်တယ်။
“ဒီညဆိုရင်ရော။”
သီးသန့်ခန်းအပြင်မှာ ရပ်နေပြီး ခိုးနားထောင်နေတဲ့ ရဲ့ဖန်းက ခြေထောက်တွေ ခွေကျသွားတယ်။ သူ့ဘေးက လှပတဲ့ အစေခံက သူ့ကို မခေါ်ပဲ မနေနိုင်ခဲ့ဘူး။ အစက ရိုးရိုးရှင်းရှင်းနဲ့ ကြင်နာတဲ့ သခင်က ဘယ်ရောက်သွားတာလဲ။ ပြန်လာလာချင်း ရှောင်ရှို့လုပ်တာက မိန်းမပျိုလေးတစ်ယောက်ရဲ့ အိမ်တော်ကို သွားလည်တာဖြစ်ပြီးတော့ ဒီအနာဂတ်သခင်မလေးကလည်း နည်းနည်းတောင် ရှက်တတ်တဲ့ အမျိုးသမီးလူစွမ်းကောင်း မဟုတ်ဘူး။ ပြီးတော့ ဒီညမှာ ချိန်းတောင် ချိန်းလိုက်သေးတယ်။ သူတို့က ‘ဇနီးမောင်နှံ’ ဖြစ်လာကြတော့မှာလား။
ရှောင်ရှို့ကပြောလိုက်တယ်။
“ကောင်းပြီ။ ဒီည ၁၁နာရီနဲ့ ၁နာရီကြား ကိုယ် မင်းကို လာရှာမယ်။”
ကျန်းယွမ်က သူ့ကို ကြည့်ပြီး မေးလိုက်တယ်။
“ရှင် အိမ်တော်ထဲကို ဘယ်လိုဝင်လာမှာလဲ။”
ရှောင်ရှို့က သူ့ရဲ့ ကိုယ်ခံပညာက ထူးချွန်တယ်လို့ ပြောပေမဲ့ ကျန်းအိမ်တော်ကလည်း ကလေးကစားစရာအိမ် မဟုတ်ဘူးလေ။ ဒါ့အပြင် ညသန်းခေါင်လောက်မှာ သူမရဲ့ အိမ်တော်မှာ လူငယ်တစ်ယောက်ကို တွေ့ဖို့က လက်ခံနိုင်စရာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့နှစ်ယောက်လုံးက သာမာန်လူတွေ မဟုတ်ဘူး။ ကျန်းယွမ်က နည်းနည်းထူးဆန်းတယ်လို့ ခံစားမိပေမဲ့ သူမက သေချာပေါက် အရင်ဘဝကလုပ်ခဲ့သလို စာအုပ်ကြီးအတိုင်းပြုမူမှာ မဟုတ်တော့ဘူး။ ဒါ့အပြင် သူမက ကျန်းစုစု ဘာဖြစ်နေလဲဆိုတာကို ရှာဖို့ စိတ်အားထက်သန်နေပြီဖြစ်တယ်။
“စိတ်မပူပါနဲ့ ချိန်းထားတဲ့အချိန်ကျရင် ကိုယ်မင်းကို လာရှာပါ့မယ်။”
ရှောင်ရှို့က ပြောလိုက်တယ်။
ကျန်းယွမ်က ခေါင်းမညိတ်ခင် ခဏလောက်တွေးလိုက်ပြီး ပြောလိုက်တယ်။
“ဒီလိုဆိုမှတော့ ရှောင်လူကြီးမင်းကို ကျေးဇူးအများကြီး တင်ပါတယ်။”
လန်ချောင်နဲ့ ပိုင်ကျီတု့က ဘေးမှာ ရပ်နေကြပြီးတော့ ဘာအသံမှ မထွက်သလို လှုပ်လဲ မလှုပ်ကြဘဲ အကြည့်တွေ ဖလှယ်နေကြတယ်။ သူတို့ရဲ့ သခင်မလေးက ရှောင်လူကြီးမင်းကို ပိုပိုပြီး ယုံကြည်လာတယ်။ သူမကို အနီးကပ် အလုပ်အကျွေးပြုရတဲ့ အစေခံတွေ အနေနဲ့ သူတို့က သူမရဲ့ စိတ်ထားကို အသိဆုံးဖြစ်တယ်။ သူမ ကျေးလက်က အိမ်တော်မှာ ရေထဲကျပြီး ပြန်သတိရလာကတည်းက သူမက အရမ်းသတိရှိပြီးတော့ သူမဘေးကလူတွေကို ဘယ်တုန်းကမှ လွယ်လွယ်နဲ့ မယုံခဲ့ဘူး။ သူမက သူမရဲ့ အမေဘက်က အဘိုးကျောက်ကွမ်းနဲ့ အပြန်အလှန် အကျိုးပြုတုန်းကတောင် နည်းနည်းတည်ကြည်သေးတယ်။ ဒီရှောင်လူကြီးမင်းက နည်းနည်း တည်ငြိမ်ပြီးတော့ တသီးတခြားနေပေမဲ့ သူက ကျန်းယွမ်ကို မရေမတွက်နိုင်အောင် ကူညီခဲ့တယ်။ အစေခံနှစ်ယောက်လုံးက သူတို့နှစ်ယောက် လက်ထပ်ရင် တခြားတစ်ယောက်ယောက်ဆီကို လက်ထပ်လိုက်တာထက် ပိုကောင်းမယ်ဆိုတာ သေချာတယ်ဆိုတာကို လက်ခံထားကြတယ်။
ကျန်းယွမ်က သူမရဲ့ အစေခံတွေက မပြောမဆိုနဲ့ သူမကို ရောင်းစားပြီးပြီဆိုတာကို မသိခဲ့ဘူး။ သူမက ခေါင်းငုံ့ပြီး လက်ဖက်ရည်သောက်ပြီးတော့ သူမ ကျန်းစုစုရဲ့ လျှို့ဝှက်ချက်ကို သိတာနဲ့ သူမရဲ့ ရင်ထဲကို မကြာသေးခင်က ဖုံးကွယ်ထားတဲ့ မြူကို ဖယ်ရှားနိုင်မယ်ဆိုတာ တွေးနေတယ်။
* * *
“တခြားသူတွေ ငါ့ကို ကြည့်ရင် မလှစေတဲ့ ဒီလိုမိတ်ကပ်မျိုးကို ယူလာရအောင် ငါက အရမ်းအနေလို့လား။ သွားစမ်း။”
ခွက်အဝိုင်းလေးက အပြင်ကို လွင့်သွားပြီးတော့ ‘ဖောင်း’ ဆိုတဲ့ အသံနဲ့ ကျကွဲသွားပြီးတော့ ကောင်းမွန်တဲ့ ပေါင်ဒါတွေက လေထဲမှာရော် ကြမ်းပြင်မှာရော ပြန့်ကျဲကုန်တယ်။ ပျက်စီးစေလိုတဲ့ အားနဲ့ ကျန်းလီက သူမရဲ့ စားပွဲပေါ်က ပစ္စည်းတွေကို ဖယ်ချလိုက်ပြီး အော်နေတယ်။
“အသုံးမကျတဲ့ အရူးတစ်သိုက်။”
သူမရဲ့ အစေခံ စီလျိုက သူမကို ဖြေသိမ့်နေတယ်။
“သခင်မလေး စိတ်မတိုပါနဲ့။ နောက်ထပ် ရက်နည်းနည်းကြာရင် ကျိုးလန်ကျောင်းရဲ့ အိမ်တော်ကလူတွေက ရောက်လာမှာဖြစ်တယ်။ အဲ့အချိန်မှာ သခင်မလေးက အရမ်းလှနေပြီးတော့ သူတို့နဲ့ ပျော်ပျော်ရွှင်ရွှင်သွားရမှာပါ။”
အဲဒါက ဘာမှမပြောတာထက်တော့ ကောင်းပါသေးတယ်။ သူမရဲ့ စကားတွေကြောင့် ကျန်းလီက ဒေါသကို ထိန်းလိုက်ပြီးတော့ ပြောလိုက်တယ်။
“ငါ တကယ်ကို နားမလည်ဘူး။ ဘယ်လိုလုပ်ပြီး ငါက လုံလောက်အောင် မကောင်းသေးလို့ ကျိုးမိသားစုက ဒီလောက် မကျေနပ်ဖြစ်နေကြတာလဲ။ သူတို့က အဲ့ ချူချာပြီး အသုံးမကျတဲ့ ဟာမကို သဘောကျနေတုန်းပဲ။”
စီလျိုက သိမ်းသွင်းလိုက်တယ်။
“ကျိုးလန်ကျောင်းက သူ့ကတိကို တည်တဲ့ လူကောင်းတစ်ယောက်ပါ။ သူက လေးယောက်မြောက်သခင်မလေးကို သူပေးထားတဲ့ ကတိကို လေးစားမှုထားနေတာလို့ ကျွန်မထင်တယ်။ သခင်မလေး သူ့ကို လက်ထပ်တဲ့အချိန်ကျရင် သူက သခင်မလေးကို ကောင်းကောင်းဆက်ဆံမှာပါ။”
“တကယ်ကြီးပဲ။ သူက ငါးမျက်စိကို ပုလဲနဲ့ အထင်မှားနေတာပဲ။”
ကျန်းလီက ဒေါသတကြီး ပြောလိုက်တယ်။
လွန်ခဲ့တဲ့ သုံးနှစ်က နန်းတွင်းညစာစားပွဲမှာ ကျိုးလန်ကျောင်းက ကျန်းတန်ကို ကယ်ပြီးတော့ လက်ထပ်ဖို့ အတွက် စေ့စပ်စာကို ပို့ခဲ့တယ်။ ပြီးတတော့ ဒုတိယကိုယ်လုပ်တော်က ကျန်းချွမ်နဲ့ စကားပြောပြီးတော့ လက်ထပ်ဖို့အတွက် သတို့သမီးက ကျန်းတန်ကနေ ကျန်းလီကို ပြောင်းသွားတယ်။ ကျိုးလန်ကျောင်းက ရိုးသားပြီးတော့ လေးနက်တဲ့ သူတစ်ယောက်ဖြစ်မယ်ဆိုတာ ဘယ်သူသိမှာလဲ။ သူက ဒီကိစ္စကို သိသွားတော့ အရမ်းမခံမရပ်နိုင်ဖြစ်ခဲ့တယ်။ အဲ့အချိန်တုန်းက စေ့စပ်စာကို ဖြန့်ပြီးပြီဖြစ်ပြီးတော့ စာလုံးရှစ်လုံး မွေးနေ့တွဲကလည်း တွက်ပြီးပြီဖြစ်လို့ ကတိကိုပြန်သိမ်းတာက ကောင်းတဲ့အရာ မဟုတ်ဘူး။ ကျိုးလန်ကျောင်းက တန်ပြန်တောင်းဆိုချက် လုပ်လိမ့်မယ်လို့ ဘယ်သူကသိမှာလဲ။ ကျန်းလီက ဒါကို ပြန်တွေးတိုင်း သူမ ဒေါသထွက်ခဲ့ရတယ်။ ကျိုးလန်ကျောင်းက ဒီလောက်ထိ လုပ်ခဲ့ပြီးပြီဆိုတော့ ကျန်းချွမ်ကို သူက ကျန်းတန်ကိုပဲ သူ့ရဲ့ တရားဝင်ဇနီးအဖြစ် လက်ထပ်မယ်ဆိုတာကို သေချာပြောခဲ့တယ်။
ညီအစ်မတွေက ယောက်ျားတစ်ယောက်တည်းကို အလုပ်အကျွေးပြုနေရတာ။ ဒီသတင်းက သေချာပေါက် အာရုံစိုက်မှုကို ခံရပြီးတော့ ရလာဒ်အနေနဲ့ သတင်းက တော်တော်ပြန့်သွားမှာဖြစ်တယ်။ ဒါပေမဲ့ ကျန်းလီက သဘောထား သေးသိမ်တဲ့သူဖြစ်ပြီးတော့ ဒီအခြေအနေကို လက်မခံချင်ခဲ့ဘူး။ ဒါ့အပြင် ကျန်းချွမ်ကလည်း ကျိုးလန်ကျောင်းရဲ့ အိမ်တော်ကို အင်တင်တင်နဲ့ သမီးနှစ်ယောက်ကို ဝင်ခွင့်ပေးရမှာဖြစ်တယ်။ ဒါပေမဲ့ အကြီးဆုံးအံ့အားသင့်စရာက ကျန်းတန်ပဲ။ ကျန်းချွမ်နဲ့ ကျန်းလီတို့က သူမကို ဘယ်လိုလုပ်ဖို့ ဘယ်လိုပြုမူဖို့ မပြောနိုင်ခင်မှာပဲ သူမက ဒီလို အိမ်ထောင်ရေးကို အရင်စငြင်းခဲ့တယ်။ ချက်ချင်းပဲ မြို့တော်ထဲမှာ ကျန်းအိမ်တော်ရဲ့ အငယ်ဆုံးသမီးက အကောင်းနဲ့ အဆိုးကြားကို မခွဲခြားနိုင်ကြောင်း၊ ကျိုးလန်ကျောင်းရဲ့ အိမ်တော်မှာ တရားဝင်ဇနီးဖြစ်ရမယ့် ကမ်းလှမ်းချက်ကိုတောင် မကျေနပ်နိုင်တဲ့အထိ လွန်ခဲ့ကြောင်းကို စိတ်လှုပ်ရှားစွာနဲ့ ပြောနေကြတယ်။ တကယ်တော့ ကျန်းတန်ရဲ့ အဆင့်အတန်းနဲ့ ကျိုးလန်ကျောင်းရဲ့ အိမ်တော်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ရတာက၊တရားဝင်ဇနီးဖြစ်ရတာက ငှက်ကလေးက ဖီးနစ်ငှက်ဖြစ်လာဖို့ ပိုမြင့်တဲ့ သစ်ကိုင်းဆီကို ပျံသန်းနေတာနဲ့ တူတယ်။
အဲဒါက ကျန်းတန်ရဲ့ ငြင်းဆိုချက်ပြီးမှ ပြောကြတာဖြစ်တယ်။ အခြေအနေက ထိန်းချုပ်ဖို့ ပိုလွယ်လာတယ်။ သူမ အိမ်တော်ကို ပြန်မလာခင် ကျန်းစုစုက လက်ထပ်နိုင်တဲ့ အရွယ်ရောက်ကြောင်း ပြဖို့ အသက်ပြည့်ကြောင်း အခမ်းအနားလုပ်ခဲ့ပြီးပြီဖြစ်တယ်။ ပြီးတော့ ကျန်းလီပဲ အဲ့အခန်းအနားကို ကြုံရဖို့ ကျန်တော့တယ်။ ပြီးတော့ သူတို့က သူမရဲ့ လက်ထပ်ပွဲကိစ္စတွေကို စီစဉ်ရုံပဲကျန်တော့တယ်။ ကျိုးလန်ကျောင်းက အခမ်းအနားကို ကိုယ်တိုင် ကြည့်ဖို့ လာမှာဖြစ်တယ်။ ဒါကလည်း ကောင်းတာပါ။ ဘာမှမဟုတ်တဲ့ အရာအတွက် ကျန်းလီ ပြဿနာရှာတော့မယ်အချိန်နဲ့ ကွက်တိဖြစ်သွားလိမ့်မယ်လို့ ဘယ်သူသိမှာလဲ။
ဒါ့အပြင် ပြဿနာက သူမ သူမရဲ့ ခြံထဲကို ပို့လိုက်တဲ့ ပါးနီကို ဆိုးရွားစွာ ငြင်းလိုက်တဲ့ အကြောင်းက လွဲပြီး ဘာဖြစ်နိုင်ဦးမှာလဲ။ ဒုတိယကိုယ်လုပ်တော်က ကိုယ်လုပ်တော်တစ်ယောက်ထက် မပိုပေမဲ့ သူမမှာလည်း စုထားတဲ့ သူမရဲ့ ပိုက်ဆံရှိသေးပါတယ်။ ဒါ့အပြင် သူမမှာ ဒီသမီးတစ်ယောက်တည်းရှိတာ ဖြစ်လို့ သူမအပေါ်မှာပဲ သုံးမှာဖြစ်တယ်။ ဒီပါးနီက မြို့တော်ထဲက ထိပ်တန်းဆိုင်က ပထမတန်းစား ပစ္စည်းဖြစ်ပြီးတော့ သူမ အရင်တုန်းက ဘာမှမညည်းတွားဘဲ သုံးခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မပျော်ရွှင်ခဲ့ဘူး။
တကယ်တော့ ဒီအတွက် အကြောင်းအရင်းက အရမ်းရိုးရှင်းတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လုံး ကျန်းလီနဲ့ ကျန်းတန်ကပဲ ကျန်းအိမ်တော်ထဲမှာ ရှိတာဖြစ်တယ်။ ကျန်းတန်က လက်ထပ်ပွဲကို ငြင်းလိုက်တဲ့ အချိန်ကစပြီး သူမက တသီးတခြားနေခဲ့ပြီးတော့ သူမရဲ့ ခြံဝန်းကနေ မထွက်ခဲ့ဘူး။ ဒါ့ကြောင့် နေ့တိုင်း ကျန်းအိမ်တော်ထဲမှာ ကျင်းပတဲ့ အခမ်းအနားတွေ၊ မြို့တော်ထဲမှာ ကျင်းပတဲ့ ပွဲတွေ အများစုကို ကျန်းလီပဲ တက်ရောက်ခဲ့တယ်။ ဒီနှစ်တွေအတွင်းမှာ ကျန်းလီက သူမကိုယ်သူမ ကျန်းအိမ်တော်ရဲ့ အကြီးဆုံးသမီးလို့ မှတ်ယူထားတာဖြစ်တယ်။ ကျန်းစုစုနဲ့ ကျန်းယွမ်က အကြောင်းမကြားဘဲ ရောက်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ကျန်းယွမ်ကတော့ ပြောစရာကို မလိုဘူး။ မျက်စိတစ်မှိတ်အတွင်းမှာ သူမက ကျွမ်းကျူ့အဖြစ် ပြောင်းသွားပြီးတော့ သူမက ကျောက်မိသားစုရဲ့ ကာကွယ်မှုကိုလည်း ရထားတယ်။ ကျန်းစုစုကတော့ အိမ်တော်မှာ ရှက်ရှက်နဲ့ နေမယ့်အစား သူမက သီးသန့်ဘုရားကျောင်းမှာ နေခဲ့ပြီးတော့ တစ်ရက်ပြီးတစ်ရက် ပိုတောင်လှလာတယ်။
ရတနာလို ကျန်းယွမ်နဲ့ ကျန်းစုစုတို့က ရောက်နေတော့ ကျန်းလီရဲ့ မောက်မာတဲ့ အသွင်အပြင်က ဟာသလိုမျိုး ဖြစ်လာတယ်။ ဒါရဲ့ ရလာဒ်အနေနဲ့ သူမက အကုန်လုံးကို အပြစ်တင်လာတယ်။ လက်သီးကို တင်းတင်းဆုပ်ထားရင်း သူမက ပြောတယ်။
“ဒီတော့ အသက်ပြည့်တဲ့ အခမ်းအနား အကြောင်းကရော။ အဲ့နှစ်ယောက်ကို ရှေ့တန်းတင်ထားတော့ အကုန်လုံးက သူတို့ကိုပဲ ကြည့်နေမှာပေါ့။ ဘယ်သူက ငါ့ကို ကြည့်တော့မှာလဲ။”
“သခင်မလေး ဒီလိုမပြောပါနဲ့။”
စီရှုက သိမ်မွေ့စွာ ပြောလိုက်တယ်။
“အကြီးဆုံးသခင်မလေးက အခု ကျွမ်းကျူ့ဖြစ်နေပေမဲ့ ထိပ်မှာနေတာကလည်း အန္တရာယ် ရနိုင်ပါတယ်။ နန်းတွင်းထဲမှာ တစ်ခုခု မှားဖို့က လွယ်တော့ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူက သိနိုင်မှာလဲ။ ဒုတိယသခင်မလေးအတွက်တော့ စိတ်ပူစရာ မလိုပါဘူး။ သုံးနှစ်ကြာခဲ့ပေမဲ့ သူမကို သီးသန့်ဘုရားကျောင်းကို ပို့ခဲ့တဲ့ အခြေအနေတွေက ပြောနေတုန်းပါပဲ။ အနာဂတ်မှာ သူမအတွက် လက်ထပ်ပွဲစီစဉ်ဖို့ ခက်ခဲမှာဖြစ်တယ်။ အခု ကျန်းအိမ်တော်ထဲမှာ သခင်မလေးတစ်ယောက်ပဲ အကန့်အသတ်မဲ့ဘဝမှာ နေရတာဖြစ်တယ်။ သခင်မလေး အခမ်းအနားကို ပြီးမြောက်သွားတာနဲ့ ကျိုးလန်ကျောင်းက သခင်မလေးကို လက်ထပ်မှာပါ။ ဒီလက်ထပ်ပွဲက သခင်ကြီး ထိန်းချုပ်လို့မရတဲ့ အရာပြီးတော့ တကယ်လို့ သခင်မလေးက အကြီးဆုံးသခင်မလေးနဲ့ ဒုတိယသခင်မလေး မတိုင်ခင် လက်ထပ်နိုင်ရင် ပိုကောင်းမှာ မဟုတ်ဘူးလား။”
ကျန်းလီက သူမအစေခံရဲ့ စကားတွေကို ကြားတော့ သူမ စိတ်ပြန်ငြိမ်သွားတယ်။
“မင်းပြောတာမှန်တယ်။ ငါဘာလို့ စိုးရိမ်ရမှာလဲ။ အနည်းဆုံးတော့ ငါလက်ထပ်ရတဲ့ ယောက်ျားက သူတို့နှစ်ယောက်လုံးထက် ပိုသာသေးတယ်။”
ဟီရှုက သူမကို ဆက်ပြီး နှစ်သိမ့်ပေးပြီးတော့ ကျန်းလီရဲ့ စိတ်တိုမှုက နောက်ဆုံးမှာတော့ ဖြေရှင်းပြီးသွားတယ်။
* * *
ဒီနွေဦးရဲ့ ညက ထူးခြားစွာနက်မှောင်နေပြီးတော့ ကောင်းကင်ယံက မရေမတွက်နိုင်တဲ့ ကြယ်တွေကို ပိုပြီးတော့တောင် တောက်ပစေပြီးတော့ သူတို့က ကောင်းကင်ကနေ သူမလက်ထဲကို ကြွေကျလာတော့မလို ထင်ရစေတယ်။
ညဉ့်နက်မှာ အိမ်တော်က တိတ်ဆိတ်ငြိမ်သက်နေတယ်။ ကြီးမြတ်တဲ့ကျင်းနိုင်ငံတော်ရဲ့ မြို့တော်က အိပ်စက်နေပြီးတော့ ကျန်းအိမ်တော်က အရမ်းတိတ်ဆိတ်နေပြီး အပ်ကျသံတောင်ကြားရနိုင်တယ်။
တိတ်ဆိတ်မှုထဲမှာ ယွမ်ဂျူက မီးအိမ်ငယ်လေးက လင်းလက်လာတယ်။ ဒီမီးအိမ်က အလင်းရောင်က အရမ်း မှိန်ပြီးတော့ ညအမှောင်ယံမှာ စားပွဲရှေ့က ပန်းပုံစံပြတင်းပေါက်ကို ထင်ထင်ရှားရှား မမြင်ရစေနိုင်ဘူး။ ရင်တဖျက်ဖျက် ခုန်နေတုန်း လန်ချောင်က ကျန်းယွမ်ကို ပျားရည်တစ်ခွက်ပေးလိုက်ပြီး ပြောလိုက်တယ်။
“သခင်မလေး ဘာလို့ အရင်မနားတာလဲ။ ဒီအစေခံက သခင်မလေးအတွက် ကြည့်ပေးထားပါ့မယ်။ တကယ်လို့ ရှောင်လူကြီးမင်း ရောက်လာရင် ဒီအစေခံက သခင်မလေးကို နှိုးပါ့မယ်။ အချိန်ကိုလဲ ကြည့်ပါဦး။ သခင်မလေး ကျန်းမာရေးကို ဂရုစိုက်ဖို့လိုပါတယ်။”
လန်ချောင်က ရှောင်လူကြီးမင်းကို ဒီလို ညဉ့်နက်ကြီးရွေးလို့ တိတ်တဆိတ် ကျိန်ဆဲနေတယ်။ ကျန်းယွမ်က အမြဲစောစောအိပ်ပြီးတော့ အခု သူမက အိပ်ငိုက်နေပေမဲ့ ခေါင်းမာစွာနဲ့ မီးအိမ်ရှေ့မှာ အဲ့လူရောက်လာဖို့ကို ထိုင်စောင့်နေတုန်း ဖြစ်တယ်။ လန်ချောင်က သဲနာရီကို ကြည့်ပြီးပြောလိုက်တယ်။
“အိုင်း ၁၁ နာရီထိုးနေပြီ။”
ကျန်းယွမ်က မေးထောက်ပြီးတော့ ပျင်းပျင်းနဲ့ သူမရှေ့က မီးအိမ်ကို ငေးနေတယ်။ သူမ လန်ချောင်ရဲ့ စကားတွေကိုကြားတော့ သူမရဲ့ စိတ်က နည်းနည်းတက်ကြွလာတယ်။ ရှောင်ရှို့ရဲ့ ဒီလို အဟန့်ကောင်းတဲ့ ပုံစံနဲ့ သူ ကျန်းအိမ်တော်ကို ဘယ်လိုဝင်မှာပါလိမ့်။ သူ နံရံကို ကျော်လာမှာများလား။ ဒါမှမဟုတ် ခွေးတိုးပေါက်ဖောက်ပြီး လာမှာများလား။ အဲ့အရမ်းခံ့ညားတဲ့ မျက်နှာက ဖုန်တွေပေနေပြီးတော့ ခွေးတိုးပေါက်ဖောက်လာတာကို တွေးကြည့်ရုံနဲ့ ကျန်းယွမ်က ရယ်မိသွားတယ်။
“မင်းအရမ်းပျော်နေတာလား။”
တည်ငြိမ်ပြီး အက်နေတဲ့ အသံကို သူမ ကြားလိုက်ရတယ်။ တစ်ချိန်တည်းမှာပဲ။ သူမက ဝါးစိမ်းနံ့နည်းနည်း ရလိုက်တယ်။ ကျန်းယွမ်က အံ့အားသင့်နေတဲ့အချိန်မှာ လန်ချောင်က အော်မိသွားတယ်။
“အိုင်းယား။”
ကျန်းယွမ်က အံ့အားသင့်နေပေမဲ့ သူမက အဲဒါကို ဖုံးကွယ်နိုင်ပြီးတော့ သူမရဲ့ အမူအရာမှာ ဘာကြောက်လန့်မှုကိုမှ မပြခဲ့ဘူး။ သူမက ရှောင်ရှို့ကို ခေါင်းကနေ ခြေအဆုံး အကဲခတ်သလို ကြည့်လိုက်ပြီးတော့ မျက်စိမှိတ်ပြလိုက်ပြီးတော့ စိတ်ပျက်တဲ့ အရိပ်အယောင်နဲ့ ပြောလိုက်တယ်။
“အား အဲ့လောက်လည်း မဟုတ်ပါဘူး။”
“ဟုတ်လား။”
ရှောင်ရှို့က ခေါင်းငုံ့ပြီး အခန်းထဲက ထွက်သွားတဲ့ လန်ချောင်ကို ကြည့်လိုက်တယ်။
ကျန်းယွမ်က သူမနဲ့ ဆန့်ကျင်ဘက်က လူကို အကဲခတ်လိုက်တယ်။ သူက လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တဲ့ ထျန်ရှန်းချည်နဲ့ ရက်လုပ်ထားတဲ့ ဝတ်ရုံနက်ကို ဝတ်ဆင်ထားတယ်။ သူ့ရဲ့ ခါးမှာ ကြံ့ချိုနဲ့ လုပ်ထားပြီး ကျောက်ပုဇွန်ပုံစံနဲ့ လုပ်ထားတဲ့ ရွှေရောင်ခါးပတ်ရှိတယ်။ ဒီဝတ်စုံရဲ့ အပြင်ပိုင်းကို အကဲခတ်ရင်း သူက ပုံမှန်နေ့တိုင်း ပုံစံထက် ပိုပြီး ငယ်တဲ့ပုံပေါ်နေတယ်။ မီးအိမ်ရဲ့ အလင်းရောင် အောက်မှာ ရှောင်ရှို့ရဲ့ မျက်နှာက ညင်သာပြီး ခံ့ညားနေပြီးတော့ သူ့ရဲ့ နက်မှောင်တဲ့မျက်ဝန်းက အရမ်းတောက်ပနေတယ်။ သူတို့က ညကောင်းကင်ယံက ကြယ်တွေထက်တောင် ပိုတောက်ပနေသေးတယ်။ သူ့ရဲ့ ပါးလွှာတဲ့ နှုတ်ခမ်းသားလေးတွေထက်မှာ အပြုံးလေးတစ်ခုရှိတယ်။
မီးအိမ်ရဲ့ အလင်းရောင်နဲ့ ကြည့်ရတဲ့ထဲမှာမှ ဒီလူငယ်က သူမ မြင်ဖူးတဲ့ တခြားလူငယ်တွေထက် ပိုပြီး ခံ့ညားတယ်။ ဒါပေမဲ့ သူမ ရင်ထဲမှာ မကောင်းဆိုးဝါး ဝိညာဉ်က တိုးတိုးလေးပြောနေသလို ခံစားလိုက်ရလို့ ကျန်းယွမ်က အကြည့်ကို လွှဲလိုက်တယ်။ ဘယ်လိုလုပ်ပြီးတော့ သူက ပန်းသူခိုး ဒါမှမဟုတ် အဲဒီလိုမျိုး ဝတ်လာလိမ့်မယ်လို့ တွေးမိတာပါလိမ့်။ သူက ညအချိန်မှာ မိန်းမပျိုလေးတစ်ယောက်ရဲ့ အိမ်တော်ကို လာမှတော့ သူက ပိုသတိရှိရှိနဲ့ သူ့အသွင်အပြင်ကို ပိုပြီး ခံ့ညားအောင် ဝတ်ဆင်ခဲ့မှာပေါ့။ ဒီရှောင်ရှို့က သာမာန်လူတွေလို အထိတ်တလန့်ဖြစ်မယ့် လူစားမျိုး မဟုတ်ဘူး။ ဒါ့အပြင် အစကနေ အခုထိ သူ့ရဲ့ ခံ့ညားတဲ့ ပုံစံက လျော့နည်းမလာဘူး. သူက သေချာပေါက် ဒီမှာ လျှို့ဝှက်ချက်ကို စုံစမ်းဖို့ လာတာ မဟုတ်ဘဲ ဧည့်သည်အနေနဲ့ လာတာပဲ။
ရှောင်ရှို့က အပြင်ကို တစ်ချက်စစ်ပြီးတော့ ပြောလိုက်တယ်။
“အကုန်အဆင်ပြေတယ်။ သွားကြစို့။”
ကျန်းယွမ်က သူ့ကို အံ့အားသင့်စွာ ကြည့်ပြီးပြောလိုက်တယ်။
“ကျွန်မက အဲ့ကို ရှင်နဲ့အတူ သွားရမှာလား။”
“မလိုပါဘူး။”
ဒါကိုပြောပြီးတော့ ရှောင်ရှို့က ကျန်းယွမ်ရဲ့ ကော်လာနောက်ကနေ မလိုက်ပြီးတော့ သူမ ဘာသံမှ မထွက်နိုင်ခင်မှာပဲ ပြတင်းပေါက်ကနေ ခုန်ထွက်သွားတယ်။ ကျန်းယွမ်က လန့်သွားခဲ့ပြီး သူ့ရဲ့ခါးကို ဖက်ထားမိသွားတယ်။ သူမနားထဲမှာ လေတိုးသံတွေ ကြားရပြီးတော့ သူမရဲ့ နှလုံးသားကလည်း စိုးရိမ်မှုတွေနဲ့ ပြည့်နေတယ်။ ဒီလိုစိုးရိမ်မှုက တစ်ဆင့်ချင်းဆီမှာ ပိုပိုပြီး သိသာလာတယ်။ အဲဒါက သူမ မသိရတဲ့ အရာတစ်ခုကို ကြုံတွေ့ခဲ့ရလို့ ပြသတဲ့ ကြောက်ရွံ့မှု ဖြစ်ပြီးတော့ သန့်စင်တဲ့ ခံစားချက်တစ်မျိုးဖြစ်တယ်။ အဲ့လိုစိုးရိမ်မှုကို ကျောက်မိန်ရှိတုန်းက သူမ ခံစားခဲ့ရတယ်။ ကျန်းရှင်းကျီက သူမနဲ့အတူ ခိုးကြောင်ခိုးဝှက်နဲ့ ဘုရားကျောင်းကို ခိုးထွက်တုန်းက သူတို့ ခွေးတိုးပေါက်ကနေ အတင်းဝင်ခဲ့ရတုန်းက ခံစားခဲ့ရတဲ့ စိုးရိမ်မှုမျိုးဖြစ်တယ်။
စိုးရိမ်မှုထဲမှာ စိတ်လှုပ်ရှားမှု အနည်းငယ်ပါပြီးတော့ ဘာကိုမှ စိတ်ပူစရာ မလိုတဲ့ အချိန်ဆီကို ပြန်သွားသလိုပဲ။ အချိန်အတော်ကြာမှ ပြန်ခံစားရတဲ့ ခံစားမှုက သူမကို လေထဲမှာ အသယ်ခံရတာကို မေ့စေပြီးတော့ သူမ နည်းနည်း တွေဝေသွားတယ်။
ရှောင်ရှို့က ကျန်းယွမ်ရဲ့ ပုံမှန်မဟုတ်တဲ့ တိတ်ဆိတ်မှုကို သတိထားမိသွားပြီး သူမကို ငုံ့မကြည့်ဘဲ မနေနိုင်ခဲ့ဘူး။ သူက သူမရဲ့ ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးက နည်းနည်းစိတ်ရှုပ်ထွေးနေပြီး အကူအညီမဲ့သလို ဖြစ်နေပေမဲ့ သတိကြီးတဲ့ ပုံစံလည်း ရှိနေတာကို မြင်လိုက်ရတယ်။ ဒါက တိတ်ဆိတ်ပြီး တည်ငြိမ်တဲ့ အသွင်အပြင်ရဲ့ အစွန်းမှာ ရှိတဲ့အပိုင်းဖြစ်ပြီး သူမ အရွယ်မိန်းမပျိုလေးတွေရဲ့ ပုံစံဖြစ်တယ်။ သူက ကျန်းယွမ်ကို ဒီလိုမြင်ရတာ အရမ်းရှားပြီးတော့ ခဏလောက် အံ့အားသင့်သွားတယ်။ သူ့ရဲ့ အကြည့်တွေက သူ့ခါးကို တင်းတင်းဖက်ထားတဲ့ သူမရဲ့ လက်တွေပေါ်ကို ရောက်သွားတယ်။ သူမရဲ့ နူးညံ့ပြီး သွယ်လျတဲ့ လက်ချောင်းလေးတွေက သူရဲ့ ဝတ်စုံကို တင်းကျပ်စွာ ဆုပ်ထားပြီးတော့ သူတို့ကို ဖြူဖွေးပြီး အရောင်စိုတဲ့ ကျောက်စိမ်းလို ဖြစ်ပေါ်စေတယ်။ ဘာကြောင့်မှန်းမသိ အဲ့လက်လေးတွေ ဖက်ထားတဲ့ သူ့ရဲ့ခါးက ထူးထူးခြားခြား ပူနေတယ်လို့ သူ ခံစားမိတယ်။
မျက်စိတစ်မှိတ်အတွင်းမှာ ရှောင်ရှို့က သူ့ရဲ့ ကိုယ်ခံပညာကို အသုံးပြုပြီး ကျန်းယွမ်နဲ့ အတူ ခြံအလယ်ကို ရောက်သွားတယ်။ ကျန်းယွမ်က သူမကိုယ်သူမ ထိန်းနိုင်တဲ့အချိန်မှာ သူမရဲ့ လက်တွေကို လွှတ်လိုက်ပြီးတော့ သူမက ကြက်သေသေသွားတယ်။ သူမတို့က စုရှင်းယွမ်ကို ရောက်နေတယ်။
သူမက ရှောင်ရှို့က သံသယရှိစွာ ကြည့်လိုက်ပြီး မေးလိုက်တယ်။
“ရှင်ဘယ်လိုလုပ်ပြီး ဒီနေရာကိုသိတာလဲ။ ရှင်အရင်က ဒီကို ရောက်ဖူးတာလား။”
ရှောင်ရှို့က ကျန်းအိမ်တော်ထဲကို သူနေဖူးတဲ့ အိမ်တော်လိုပဲ သူ့နည်းနဲ့သူဝင်လာပြီးတော့ သူက ကျန်းစုစုရဲ့ ခြံကိုလည်း သိနေတယ်။ ဒါက သူနဲ့ပတ်သက်ပြီး သံသယရှိစေခဲ့တယ်။
ရှောင်ရှို့ : “……”
ဒါက သူ ပထမဆုံး စုရှင်းယွမ်ကို ရောက်တာမဟုတ်ဘူး။ အရင်တစ်ခေါက်က ကျန်းယွမ် လီရန်ကို သင်းကွပ်တုန်းကလည်း သူရှိနေခဲ့တယ်။ သူက အဖြစ်အပျက်တစ်ခုလုံးကို သစ်ပင်ပေါ်ကနေ ကြည့်နေပြီးတော့ သူမကိုတောင် ကူညီခဲ့သေးတယ်။ ဒါပေမဲ့ အခုက ဒီအကြောင်းကို ပြောဖို့ အချိန်ကောင်း မဟုတ်ဘူး။
“ကျန်းရီက စစ်ဆေးပြီး ကိုယ့်ကို မြေပုံတစ်ခု ဆွဲပေးခဲ့တယ်။”
သူက ရှင်းပြခဲ့တယ်။
ကျန်းယွမ်က ခေါင်းညိတ်ပြီး ပြောလိုက်တယ်။
“ဒီတော့ အဲ့လိုပေါ့။”
သူမရဲ့ အမူအရာက သူ့ကို အပြည့်အဝ ယုံကြည်တဲ့ပုံ မပြတော့ ရှောင်ရှို့က ပိုပြီး အကူအညီမဲ့သလို ခံစာလိုက်ရတယ်။
သူတို့နှစ်ယောက်လုံး ခြံထောင့်ကို လျှောက်လာကြတယ်။ ကျန်းစုစုရဲ့ အခန်းနောက်မှာ အခန်းလွတ်လေးတစ်ခု ရှိတယ်။ သူတို့က အခန်းလွတ်နောက်ကို သွားနေတုန်း ရုတ်တရက် အသံတစ်သံကို ကြားလိုက်ရတယ်။ ညအချိန်ကြီးမှာ မမျှော်လင့်ထားတဲ့ အသံက ထွက်တစ်ချက် မထွက်တစ်ချက် ဖြစ်နေပေမဲ့ အဲ့အသံက အားတက်သရော ရုန်းကန်နေတဲ့ အသံလိုမျိုးဖြစ်ပြီးတော့ မြေပြင်ပေါ်မှာ အတောင်ပံခတ်နေတဲ့ အသံလည်းပါနေပြီး ရုတ်တရက် အသံက အရမ်းကျယ်လာတယ်။
ရှောင်ရှို့ မျက်မှောင်ကြုတ်လိုက်တယ်။ သူက မြေပြင်ပေါ်က ကျောက်စရစ်ခဲတစ်တုံး ကောက်လိုက်ပြီးတော့ ပြတင်းပေါက်ကို ပစ်လိုက်ပြီးတော့ အသံမထွက်ဘဲ အပေါက်လေးတစ်ခု ကျန်ခဲ့တယ်။ ရှောင်ရှို့ကို ရှေ့တိုးကြည့်လိုက်တော့ သူ့မျက်နှာက ဖြူဖျော့သွားတယ်။ ဒါကို မြင်တော့ ကျန်းယွမ်က သူ့ရဲ့ ပခုံးကို ပုတ်လိုက်တယ်။ သူက နောက်ကိုဆုတ်လိုက်ပြီးတော့ ကျန်းယွမ်က အပေါက်ထဲကို ကြည့်လိုက်တယ်။ သူမ အဲ့မြင်ကွင်းကို ကြည့်နေရင်း အသက်ရှုရခက်လာတယ်။
အခန်းထဲက မီးကမှိန်နေပေမဲ့ ဘာဖြစ်နေလဲဆိုတာကိုတော့ ထင်ထင်ရှားရှား မြင်နိုင်တယ်။ တစ်ယောက်ယောက်က တစ်ခုခုကို ကိုင်နေပြီးတော့ ခေါင်းငုံ့ပြီးတာ့ ကိုက်နေတယ်။ အဲ့လူက မော့လိုက်တော့ အကုန်လုံးက ကြည်လင်လာတယ်။ သူမလက်ထဲက အရာက ကြက်တစ်ကောင်ဖြစ်နေပြီး အဲ့ကြက်ရဲ့ အတောင်တွေ အကုန်လုံးက ဖရိုဖရဲဖြစ်နေတယ်။ ကြက်ရဲ့ လည်ပင်းက ကျိုးတော့မလိုဖြစ်နေပြီးတော့ အတော်တွေကလည်း သွေးတွေပေနေတယ်။ အဲ့လူရဲ့ ဖြူဖွေးတဲ့ အသားအရေက အရမ်းဖြူဖျော့နေပြီးတော့ သူမရဲ့ မျက်ဝန်းတွေက မိန်းမောနေတဲ့ပုံပေါ်တယ်၊ သူမက အဖြူရောင်အဝတ်တွေကို ဝတ်ထားပြီးတော့ သူမရဲ့ အသွင်အပြင်က နတ်သမီးလို အရမ်းလှပတယ်။ ဒါပေမဲ့ သူမရဲ့ ပါးစပ်က သွေးတွေနဲ့ ပေနေပြီးတော့ အလောင်းကို စားနေတဲ့ ကြမ်းကြုတ်တဲ့ သရဲတစ်ကောင်လိုပဲ။
အဲဒါ ကျန်းစုစုပဲ။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...