Unicode
Part 156
အပိုင်း ၁၁၆ (ခ)
“မဟာနည်းပြ ”
အဲ့ဒါတကယ်ပဲ လျိုမင်ပဲ။ သူက နာမည်အရသာ မဟာနည်းပြ ဖြစ်နေပြီးတော့ သူကနိုင်ငံကိစ္စတွေ တော်တော်များများကို ကိုင်တွယ်တဲ့နေရာမှာ ပုံမှန်ကူညီ ပေးနေရတယ်။ ဒါပေမဲ့ သူ့နာမည်အတိုင်းပဲ သူကအိမ်ရှေ့စံကိုတော့ စာသင်ပေးနေရတုန်းပဲ။ ဒီကျောင်းသားက အရမ်းခေါင်းမာပြီး ကျီစယ်တတ်တယ်။ ပြီးတော့ သူ့စာအုပ်တွေကို အရာဝတ္ထုတွေလိုပဲ လွင့်ပစ်တတ်လို့ လျိုမင်က လုံးဝကို ကူကယ်ရာမဲ့နေတယ်။ အိမ်ရှေ့စံက သူ့ကိုဒီလိုမျိုး နွေးထွေးတဲ့အသံနဲ့ ခေါ်လိုက်တာက လျိုမင်ကို မျက်မှောင်ကုပ်သွားစေတယ်။ ဒါပေမဲ့သူက လာပြီးပြောလိုက်တယ်။
“အရှင်မင်းသား ”
အိမ်ရှေ့စံက သူကထူးချွန်တဲ့ လက်ရေးလှစာရွက်ကို ရှာတွေ့တယ်ပြောပြီး ဒီကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ရဲ့ ကျောင်းကွမ်းကို ပြချင်တယ်လို့ ပြောခဲ့တယ်။ ဒါကြောင့်သူက ပြောလိုက်တယ်။
“ဒီမင်းသားက ဒီနေ့ကောင်းမွန်တဲ့ လက်ရေးလှစာရွက်ကို ရခဲ့တယ်။ မဟာနည်းပြ လာပြီးတော့တစ်ချက် ကြည့်လိုက်ပါအုံး။ ” လျိုမင်စိတ်ထဲမှာ သက်ပြင်းချလိုက်တယ်။ အိမ်ရှေ့စံက သူ့ကိုစနေတာပဲလို့ ထင်ခဲ့တယ်။ အရင်တစ်ခေါက်တုန်းက အိမ်ရှေ့စံကသူ့ကို ဒီလိုပဲ ကောင်းမွန်တဲ့လက်ရေးလှ စာရွက်တစ်ရွက်ကို ရခဲ့တယ်လို့ ပြောခဲ့တယ်။ အဲ့စာရွက်ကို သူ့ဖြန့်ကြည့်လိုက်တော့ အဲ့စာရွက်ပေါ်မှာ မကောင်းတဲ့ပုံတွေ ဆွဲထားတာမှန်း လျိုမင်တစ်ခါမှ မခန့်မှန်းထားမိဘူး။ ဒီဖြောင့်မတ်ပြီး ရိုးသားတဲ့ကျောင်းကွမ်းက ရှုံးနိမ့်တဲ့အနေနဲ့ ပြေးလာခဲ့ရတယ်။ ဒီစာရွက်ကိုဖြည့်ပြီးတော့ စာလုံးတွေကို ထင်ထင်ရှားရှား ကြည့်လိုက်တော့ လန်းဆန်းတဲ့ရနံ့ကို ရခဲ့တယ်။ အဲ့ဒါမက်မွန်ပွင့်မှင် အကောင်းဆုံး အရည်အသွေးဖြစ်တဲ့ မက်မွန်ပွင့်မှင်ပဲ။ ကောလဟာလတွေအရ အဲ့မြင့်မြတ်တဲ့လူတွေက မက်မွန်ပွင့်ကိုကြိုက်ပြီး ဒီမက်မွန်ပွင့်မှင်က အထူးသဖြင့် သူတို့ကိုယ်သူတို့ တသီးတခြားနေပြီး စင်းလုံးချောရှိတဲ့ အကျင့်ရှိတဲ့လူတွေ ကြိုက်ကြတာဖြစ်တယ်။ ဒါပေမဲ့ လျိုမင်က လက်ရေးလှကို သေချာကြည့်လိုက်တဲ့အခါမှာ သူကမိုးကြိုးပစ်ခံထားရသလိုပဲ နေရာမှာတင် ကြက်သေသေသွားတယ်။
စုတ်ချက်တွေက စာရွက်ပေါ်မှာ မြွေတစ်ကောင်လို ကောက်ကွေ့နေပြီး ထက်မြတ်ပြီးသန်စွမ်းပေမဲ့ နူးညံ့သိမ်မွေ့တဲ့ အထိအတွေ့နဲ့ ထက်မြတ်မှု အရိတ်အမွတ်လည်း ရှိသေးပြီး အရည်အချင်းနဲ့ နှိမ့်ချမှုကို ပေါင်းစပ်ထားပုံ ပေါ်တယ်။ ဒီစာလုံးတွေနဲ့ စုတ်ချက်တွေကို လျိုမင်အရမ်း ရင်းနှီးတယ်။ လျိုမင်က အဲ့စာလုံးတွေကို နေ့တိုင်းနီးပါး မြင်တွေ့နေခဲ့ရလို့ဖြစ်တယ်။ လျိုမင်ကသူ့အပေါ်မှာ တစ်သက်လုံး ဒီလက်ရေးလှရေးတဲ့ ပုံစံကိုမေ့မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒီစုတ်ချက်တွေက ထူးဆန်းစွာနဲ့သူ့ကို လွန်ခဲ့တဲ့သုံးနှစ်က ကျောင်းကွမ်းဖြစ်လာဖို့ ကူညီခဲ့တဲ့ စာတွေရဲ့သခင်ရဲ့ လက်ရေးလှ ဖြစ်နေလို့ပဲ။ တကယ်တော့ သူကကျောင်းကွမ်းဖြစ်လာတာနဲ့ အဲ့လူက လျိုမင်ဘဝကနေ လုံးဝပျောက်ကွယ်သွားပြီး သူကအစထဲက မတည်ရှိခဲ့သလိုမျိုး ဖြစ်ခဲ့တယ်။ လျိုမင်အရာရှိ ဖြစ်ခဲ့ပြီး ဧကရာဇ်ရဲ့ ယုံကြည်မှုကို ရကတည်းက မရေမတွက်နိုင်တဲ့လူတွေက သူ့ကိုမြူစွယ်ခဲ့ပြီး မရေမတွက်နိုင်တဲ့ လူတွေကသူ့ကို ထောင်ချောက်ဆင်ခဲ့တယ်။ သူက ဒီလိုမျိုး အခြေအနေနဲ့ ကြုံတွေ့ခဲ့ရပြီး သူကအဲ့လိုအချိန်တွေမှာ အမြဲတမ်း စိတ်ရှုပ်ခဲ့ရတယ်။ ဒီလိုအခြေအနေမှာသူက ထူးဆန်းတဲ့လူအကြောင်းကို မရေမတွက်နိုင်အောင် စဉ်းစားခဲ့တယ်။ အဲ့လူက ရှု့ထောင့်က သူ့ရဲ့အတွေး အကုန်လုံးကို သိနေသလိုပဲ။ ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်လို့ ခေါ်ဖို့ ထိုက်တန်တယ်။ ဘဝကအရမ်း ရှုပ်ထွေးလွန်းပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှုကိုရှာဖို့ ခက်ခဲတယ်။ လျိုမင်က တစ်ခါတစ်ရံမှာ ဒီထူးဆန်းတဲ့လူနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့က အိမ်မက်တစ်ခုသာသာပဲလို့ ထင်ခဲ့တယ်။ အခုဒီနေ့ ဒီစာလုံးတွေက သူ့ရှေ့မှာထပ်ပြီး ပေါ်လာပြန်တယ်။ လျိုမင်က အချိန်တစ်ခုထိ စာလုံးတွေကို စိုက်ကြည့်နေခဲ့ပြီး သူ့မျက်လုံးကိုသူ မယုံနိုင်ခဲ့ဘူး။
လျိုမင်ကို ဒီလိုမျိုး ကြက်သေသေနေတဲ့ အခြေအနေမှာ မြင်လိုက်ရတော့ အိမ်ရှေ့စံက လျိုမင်ရဲ့မျက်နှာရှေ့မှာ လက်ကိုယမ်းပြရင်း မေးလိုက်တယ်။
“မဟာနည်းပြ ”
လျိုမင်က သတိပြန်ဝင်လာပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ အိမ်ရှေ့စံကို ဆွဲလိုက်ရင်း စိတ်မရှည်စွာ မေးလိုက်တယ်။
“အရှင်မင်းသား ဒီလက်ရေးလှကို ဘယ်ကနေ ရလာတာလဲ။ ဘယ်သူကရေးတာလဲ။ ”
လျိုမင်က အိမ်ရှေ့စံရဲ့ မဟာနည်းပြဖြစ်ပြီး သူကလျိုမင်ကို အချိန်အတော်ကြာ သိခဲ့ပေမဲ့ သူကလျိုမင်အရင်ကဒီလို အပြုအမူမျိုးနဲ့ သတိလွတ်သွားတာကို မမြင်ဖူးခဲ့ဘူး။ ဒီနည်းနည်း ထူးဆန်းတာကို စတွေ့မိရင်း သူကအမြန်မေးလိုက်တယ်။
“ဘာလို့မဟာနည်းပြက ဒီလောက်စိတ်လှုပ်ရှားနေတာလဲ။ ဒီစာလုံးတွေက တစ်ခုခုထူးခြားနေလို့လား။”
လျိုမင်ရဲ့နှလုံးသားက အရမ်းမြန်မြန် ခုန်သွားတယ်။ သူကအိမ်ရှေ့စံကို ဘာမှပြောနိုင်မှာ မဟုတ်ဘူးဆိုတာသိလို့ သူကရှက်တဲ့ အမူအရာနဲ့ ပြောလိုက်တယ်။
“ဒီလက်ရေးလှက တက်ကြွမှုပုံရိပ်တွေ ထင်ဟပ်နေပြီး ဒီစာလုံးတွေက ခွန်အားတွေအများကြီး ပါနေလို့ ဒီအရာရှိကနည်းနည်း အံ့သြသွားတာပါ။ ဒီလက်ရေးလှကို ဒီအရာရှိက မြင်တဲ့အခါမှာ အရမ်းလက်ရာမြောက်တယ်လို့ ခေါ်လို့ရပြီး ဒီစာပေကိုအရူးအမူး ဖြစ်တဲ့လူက ခဏလောက် သတိလက်လွတ်ဖြစ်သွားပြီး ကိုယ့်ကိုယ်ကို မေ့သွားတာပါ။ အရှင်မင်းသား ကျေးဇူးပြုပြီး ကျွန်တော်ကို အပြစ်ပေးပါ။ ”
အိမ်ရှေ့စံက ခဏလောက်တွေးပြီး စိတ်သက်သာရာ ရသွားတယ်။ ဒီပညာတော်သင် ကျောင်းသားတွေက အမြဲတမ်းဒီလိုပဲ နည်းနည်းထူးဆန်းပြီး ဆန်းကြယ်တယ်။ လျိုမင်က ကျောင်းကွမ်းဆိုတော့သူက ကောင်းမွန်တဲ့ လက်ရေးလှကို မြင်လိုက်ရင်ဒီလိုမျိုး အံ့အားသင့်တာ မဆန်းပါဘူး။ ဒါကြောင့်သူက လျိုမင်ကို ခွင့်လွှတ်ပေးလိုက်တယ်။ သူကလျိုမင်ရဲ့စကားတွေကို တုန့်ဆိုင်းခြင်းမရှိဘဲ လက်ခံလိုက်ပြီး အပြုံးနဲ့ပြောလိုက်တယ်။
“မဟာနည်းပြ ဒါကခင်ဗျားရဲ့ စိတ်ထားအမှန်လား။ ”
အိမ်ရှေ့စံက လျိုမင်ကို ဒီလောက်လွယ်လွယ်နဲ့ ယုံကြည်တာမဆန်းပါဘူး။ ဘာလို့လဲဆိုတော့ သူကရုံးတော်ထဲမှာ ထူးခွန်တဲ့ဂုဏ်သတင်းရှိပြီး ဖြောင့်မတ်တဲ့လူဖြစ်တယ်။ ဒါ့အပြင် ရှက်စရာကောင်းတဲ့ လျို့ဝှက်ချက် သေးသေးလေးတောင်မှ မရှိခဲ့ဘူး။ ဒီလိုမြင့်မြတ်ပြီး မွန်မြတ်တဲ့လူကို တွေ့ခဲ့ရတော့ အိမ်ရှေ့စံက ဘာမှပြောစရာမရှိဘဲ သူ့ကိုသံသယဖြစ်စရာ မရှိခဲ့ဘူး။ လျိုမင်းသားက အိမ်ရှေ့စံသူ့ကိုယုံတာမြင်တော့ သူ့ရင်ထဲမှာ အနည်းငယ် ပေါ့ပါးသွားတယ်။ ဒီတစ်ကြိမ်က သူပထမဆုံး လိမ်ခဲ့တာဖြစ်ပြီး သူ့ရဲ့နောက်ကျောမှာ ချွေးတွေစိုရွဲနေတယ်။ ဒါပေမဲ့ လက်ရေးလှအပေါ်ကို သူ့ရဲ့စိတ်ဝင်စားမှုက သူ့ရဲ့နောက်ဆက်တွဲ ပြဿနာရဲ့ကြောက်ရွံ့မှုကို နောက်ဆုံးမှာတော့ အနိုင်ယူသွားတယ်။ သူကစူးစမ်းစွာနဲ့ မေးလိုက်တယ်။
“အရှင်မင်းသား ဒီစာလုံးတွေကို ဘယ်သူရေးခဲ့တာပါလဲ။ ”
အိမ်ရှေ့စံက ရယ်လိုက်ပြီးပြောလိုက်တယ်။
“ဘယ်သူလို့ မဟာနည်းပြကထင်လဲ။ ”
လျိုမင်က ဒီမေးခွန်းကို မဖြေခင် သူ့စိတ်ထဲမှာတွေးလိုက်တယ်။
“ ဒီလက်ရေးလှက အရမ်းလက်ရာမြောက်ပြီး အားမရ ဖြစ်နေပေမဲ့ အထဲမှာ ပြတ်သားကြည်လင်မှုလည်း ပါတယ်။ အဲ့ဒါက…….သူတို့ကို မြင့်မြတ်တဲ့ လူတစ်ယောက်က ရေးခဲ့တာဖြစ်ရမယ်။ ”
တကယ်တော့ ဒီထင်မြင်ချက်က အနည်းငယ် ဘက်လိုက်နေမှုပါတယ်။ စုတ်ချက်တွေက ပြီးပြည့်စုံပြီး ချောမွေ့ပေမဲ့ အဲ့စာလုံးတွေကို အားပါတဲ့လက်နဲ့ ကြည်လင်ပြတ်သားမှုကို ပြုလုပ်ခဲ့တာဖြစ်တယ်။ ဒီလက်ရေးလှက အဲ့လောက်လည်း အရမ်းကြီးမရှင်းလင်းဘူး။ ဆန့်ကျင်ဘက်အနေနဲ့ စာလုံးတွေက ကြည့်ရတာ အနည်းငယ်ရှုပ်ထွေးနေပြီး ထူးဆန်းတယ်။ ဒါပေမဲ့ အိမ်ရှေ့စံကတော့ ဒါတွေတစ်ခုမှ မြင်နိုင်တာမဟုတ်ဘူး။ လျိုမင်ကလည်း သူ့ရဲ့အတွေးတွေကို ထုတ်ပြောမှာမဟုတ်ဘူး။
အိမ်ရှေ့စံက ခေါင်းယမ်းလိုက်ပြီး ပြောလိုက်တယ်။
“ဒီတစ်ကြိမ်တော့ မဟာနည်းပြ မှားသွားပြီ။ ဒီစာလုံးတွေကို မြင့်မြတ်တဲ့လူက ရေးသွားတာမဟုတ်ဘဲ အမျိုးသမီးတစ်ယောက်က ရေးသွားတာ။ ”
လျိုမင်ကသူ့ကို နည်းနည်းမှင်သက်စွာ ကြည့်လိုက်ပြီး တုန့်ပြန်လိုက်တယ်။
“အမျိုးသမီးတစ်ဦးဟုတ်လား။ အဲ့လူက ယောကျာ်းတစ်ယောက် မဟုတ်ဘဲ အမျိုးသမီးတစ်ဦးလား။ ”
“ဟုတ်တယ်။ အမှန်ပဲ။ ”
အိမ်ရှေ့စံက သူ့ရဲ့ပုခုံးကို ပုတ်ပြီးပြောလိုက်တယ်။ “မဟာနည်းပြက ဒီလူဘယ်သူလဲဆိုတာ သေချာပေါက် ခန့်မှန်းလို့ရမှာ မဟုတ်ဘူး။ အဲ့ဒါက တော်ဝင်အဘွားရဲ့ အချစ်ဆုံးလူဖြစ်တယ်။ ဒီနှစ်မှာတင် မြို့တော်ကိုပြန်လာတဲ့ ဟောင်ယမ်းကျွမ်းကျူပဲ။ “
ဒီစကားတွေက လန့်စရာကောင်းတယ်။ အိမ်ရှေ့စံက သူ့စကားလုံးတွေက လျိုမင်ရဲ့ကမ္ဘာကို ဘယ်လောက်လှုပ်ခါသွားလည်းဆိုတာ သိပုံမပေါ်ဘူး။ ကျန်းယွမ် ဟောင်ယမ်းကျွမ်းကျူ ဒါပေါ့။ လျိုမင်က သူမဘယ်သူလဲဆိုတာ သိတာပေါ့။ မယ်တော်ကြီးယိကျယ် မြို့တော်ကို ပြန်လာတဲ့နေ့တုန်းက အဲ့ဒီမိန်းမပျိုလေးက လုံးဝကို အဝတ်အစားအနီရောင်တွေ ဝတ်ဆင်ထားပြီး ကောင်းကင်ဘုံကို ပြောင်းပြန်လှန်ဖို့အထိ လုံလောက်အောင် ခမ်းနားလွန်းတယ်။ မှင်သက်သွားစေလောက်အောင် လှပပြီး သူမက ကောင်းကင်ဘုံကနေ လာတယ်လို့တောင် ထင်ရစေတယ်။ လျိုမင်က အဲ့ဒီမြင်ကွင်းကို အရမ်းထင်ထင်ရှားရှား မှတ်မိနေပေမဲ့ တကယ်တော့အဲ့ဒါက သူမကျန်းယွမ်ကို ပထမဆုံးအကြိမ် တွေ့တဲ့အချိန် မဟုတ်ဘူး။ လွန်ခဲ့တဲ့သုံးနှစ်က နန်းတွင်ဂုဏ်ပြု ညစာစားပွဲမှာ သူကကျန်းယွမ် ခန်းမရဲ့အလယ်မှာ မတ်မတ်ရပ်နေပြီး ကပ်ဖားရပ်ဖားလည်း မလုပ်သလို ဘဝင်လည်းမကျဘဲ တော်ဝင်ကြင်ယာတော်ချန်ရဲ့ တော်ဝင်မိသားစုထဲကို လက်ထပ်ဖို့ ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့တယ်။ သူကကျောင်းကွမ်း ဖြစ်ခဲ့ရတဲ့အချိန်တုန်းက သူကပျော်ရွှင်ခဲ့ပြီး အောင်မြင်မှုနဲ့အတူ သူကနောက်ဆုံးမှာ ကျန်းမိသားရဲ့ အကြီးဆုံးသမီးအကြောင်းကို သိခဲ့ရပြီး သူမရဲ့စိတ်မချမ်းမြေ့ဖွယ် တည်ရှိမှုကို သိခဲ့ရတယ်။ ဒါပေမဲ့……..ဒီအမျိုးသမီးက သူ့ကိုသူ့ရဲ့ယုံကြည်မှုရအောင် လုပ်ဆောင်ပေးခဲ့တဲ့ ထူးဆန်းတဲ့လူမှန်း မထင်ထားခဲ့ဘူး။
အဲ့ဒါတကယ်သူမပဲ။ လျိုမင်က သူ့ရဲ့ခံစားချက်က ဘာလဲဆိုတာကို ဖော်မပြနိုင်ခဲ့ဘူး။ သူကစိတ်ရှုပ်ထွေးတယ်လို့ပဲ ခံစားနေရတယ်။ အနည်းငယ်လည်း လန့်သွားခဲ့တယ်။ နိုင်ငံရေးကို မြင်ခဲ့တဲ့လူ သူ့ရဲအတွေးတွေကို ချိတ်ဆက်မိပြီး သူ့ရဲ့စိတ်ကိုကောင်းကောင်း ပြုပြင်ပေးနိုင်တဲ့လူက တကယ်ပဲ အမျိုးသမီးတစ်ယောက်လား။ ဒါအပြင်သူက သူနဲ့ဒီလောက် နီနီးကပ်ကပ်မှာ ရှိနေခဲ့တဲ့ လူတစ်ယောက်ယောက်ပဲ။
အိမ်ရှေ့စံက သူ့ကိုစလိုက်တယ်။
“မဟာနည်းပြ ဒါဘယ်လို မျက်နှာထားမျိုးလဲ။ ခင်ဗျားဒီ ဟောင်ယမ်းကျွမ်းကျူရဲ့ လက်ရေးလှကြောင့် မှင်သက်သွားတာလား။ ဒီမင်းသားက တစ်ချိန်လုံး စဉ်းစားနေတာ။ ဒီကမ္ဘာကြီးထဲမှာ ခင်ဗျားကို ဘယ်လိုမိန်းကလေးမျိုးက စိတ်လှုပ်ရှားစေလဲဆိုပြီးတော့ တစ်ချိန်လုံး စဉ်းစားနေခဲ့တာ။ ဒီနေ့ကျွန်တော် တွေ့ခဲ့ရသလောက်ကတော့ မဟာနည်းပြရဲ့အကြည့်ကို ဖမ်းစားနိုင်ဖို့က လက်ရေးလှကောင်းကောင်း ရေးတတ်ရုံပဲ လိုတာပဲ။ တကယ်လို့ မဟာနည်းပြက ဟောင်ယမ်းကျွမ်းကျုကို ဒီလောက်သဘောကျနေရင် ကျွန်တော် မယ်တော်ကြီးယိကျယ်ကို နည်းနည်းပြောပြီး ခင်ဗျားတို့နှစ်ယောက်လုံးအတွက် လက်ထပ်ပွဲ တောင်းဆိုလိုက်ရမလား။ ”
တကယ်တော့ လျိုမင်က အိမ်ရှေ့စံရဲ့ ဂရုမစိုက်စွာ ပြောခဲ့တဲ့စကားတွေကြောင့် ဒေါသထွက်နေတာ ဖြစ်တယ်။ ဒါပေမဲ့ ဒီနေ့သူက သူ့ရဲ့စိတ်ထဲထိကို လန့်သွားတာဖြစ်ပြီး အိမ်ရှေ့စံပြောခဲ့တဲ့ အသေးအဖွဲ ကိစ္စတွေကို ဂရုတစိုက်စဉ်းစားဖို့ စိတ်မပါဘူး။ သူကသူ့ရဲ့ နောက်ကြောင်းပြန် စဉ်းစားမှုထဲမှာ အတွေးနစ်နေတာဖြစ်တယ်။ လျိုမင်ကို ဒီလိုမျိုးမြင်လိုက်ရတော့ အိမ်ရှေ့စံကဒါက စာပေကို အရူးအမူး ဖြစ်တဲ့လူတစ်ယောက်ရဲ့ အပြုအမူပဲဆိုပြီးတော့ သူကခံစားလိုက်ရတယ်။ ဒါကြောင့်သူက ပြောလိုက်တယ်။
“အဲ့ဒါကို မေ့လိုက်တော့။ ဒီမင်းသားက ခင်ဗျားကိုထပ်ပြီးတော့ မပြောတော့ဘူး။ မဟာနည်းပြက ဒီမင်းသားရဲ့ ဆရာဆိုတော့ ဒီမင်းသားကခင်ဗျားကို ဒီမင်းသားရဲ့ရင်ထဲက စကားတွေနဲ့အတူ အကြံပေးလိုက်မယ်။ တကယ်လို့ခင်ဗျား ဟောင်ယမ်းကျွမ်းကျုကို သဘောကျရင် ခင်ဗျားမြန်မြန် လှုပ်ရှားသင့်တယ်။ ဒီမင်းသားရဲ့ အစ်ကိုတွေကလည်း သူမကိုမျက်စိကျပြီး သူမကို ရယူဖို့အတွက် အခွင့်အရေးကို စောင့်ဆိုင်းနေလို့ပဲ။ ပြီးတော့ မဟာနည်းပြက ဒီလက်ရေးလှကို အရမ်းသဘော ကျတယ်ဆိုတော့ ဒီမင်းသားက ခင်ဗျားကိုနည်းနည်း ဘက်လိုက်ပြီး အဲ့ဒါကိုခင်ဗျားကို ပေးလိုက်မယ်။”
ဒါကိုပြောပြီးတော့ သူကလျိုမင်ရဲ့ ပုခုံးကိုပုတ်ပြီး အပြုံးနဲ့ထွက်သွားခဲ့တယ်။
ကျန်းယွမ်က စီနင်နန်းတော်ကို ပြန်ရောက်တော့ သူမက ခဏလောက်စာဖတ်ပြီး နည်းနည်းမောပန်းလာတယ်။ ချန်ကျူးနဲ့ ရန်ကူးကူးတို့က မအားလို့ ချန်ကျူကို သူမနဲ့ခေါ်ပြီး တော်ဝင်ဥယျာဉ်တော်ကို အပန်းဖြေလမ်းလျှောက်ဖို့ ခေါ်လာခဲ့တယ်။ သူတို့က ဥယျာဉ်တော်ကို ရောက်တုန်းရှိသေးတယ်။ အနောက်က အသံတစ်သံကို ကြားလိုက်ရတယ်။
“ဟောင်ယမ်းကျွမ်းကျူ ခဏလောက် ကျေးဇူးပြုပြီး ရပ်ပါအုံး။ ”
ကျန်းယွမ်က အံ့အားသင့်သွားတယ်။ သူမလှည့်ကြည့်လိုက်တော့ မနီးမဝေးမှာ ဝတ်ရုံစိမ်းနဲ့ လူငယ်တစ်ယောက်ကို တွေ့လိုက်ရတယ်။ သူကသာမာန် ပညာတော်သင် ကျောင်းသားတစ်ယောက်ထက် ရုံးတော်က ခန့်အပ်ထားတဲ့ လူတစ်ယောက်နဲ့ ပိုတူတယ်။
သူမလှည့်ကြည့်တာကိုမြင်တော့ လျိုမင်ရဲ့မျက်ဝန်းထဲမှာ ထူးခြားတဲ့ အမူအရာတစ်ခု ဖြတ်သွားခဲ့တယ်။ သူကရှေ့ကိုနည်းနည်း ထပ်လျောက်လာပြီး ဂါရဝပြုပြီး သူနဲ့ကျန်းယွမ်ကြားမှာ သင့်တော်တဲ့ အကွာအဝေးတစ်ခု ထားလိုက်တယ်။ သူကသူမကိုကြည့်ပြီး ပြောလိုက်တယ်။ “ကျွန်တော်အရင်တုန်းက ကြားဖူးတာ ထက်မြတ်တဲ့လူတွေက နိုင်ငံတော်ကို ဂုဏ်သိက္ခာ ကိုယ်ကျင့်တရား ဓလေ့ထုံးစံတွေနဲ့ အုပ်ချုပ်တဲ့အချိန်မှာ နိုင်ငံတော်က စည်ပင်ဝပြောခဲ့တယ်။ ဒီထက်မြတ်တဲ့လူတွေ ထွက်သွားတဲ့အခါ နိုင်ငံတော်က ပြိုကွဲသွားမယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံကို မှန်ကန်တဲ့နည်းလမ်းနဲ့ အုပ်ချုပ်ဖို့က ဂုဏ်သိက္ခာ ကိုယ်ကျင့်တရားနဲ့ ဓလေ့ထုံးစံတွေနဲ့ အုပ်ချုပ်ရမှာဖြစ်တယ်။ ဒါပေမဲ့ တစ်ခြားလူတွေ ပြောတာကတော့ ဒီခံယူချက်တွေက ကောင်းမွန်ပေမဲ့ သူတို့ကလူတွေကို ထိန်းချုပ်ဖို့နဲ့ စီမံဖို့အတွက် မထိရောက်ဖူးတဲ့။ နိုင်ငံတော်ကြီး သာယာဝပြောပြီး တည်ငြိမ်အေးချမ်းစွာနဲ့ ဖြတ်သန်းနိုင်ဖို့ ပြည်သူတွေအားလုံး လိုက်နာရမဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ ညီညွှတ်မျှတအောင် ဆောင်ရွက်ကျရမှာဖြစ်တယ်။ ဒီလူက အများကြီးတွေးနေတဲ့ မိုက်မဲတဲ့ အရူးတစ်ယောက်ဖြစ်ပြီး ကျွန်တော်ရဲ့ သဘောထားကြီးတဲ့ သခင်ရဲ့ သဘောထားကို မေးချင်ပါတယ်။”
ဒီစကားတွေက အဲ့ထူးဆန်းတဲ့လူ ပထမဆုံးအကြိမ် ရေးခဲ့တဲ့ စာတွေဖြစ်တယ်။ ဒီမေးခွန်းက ဂရုမစိုက်တဲ့ အပြုအမူနဲ့ မေးထားတဲ့ပုံ ပေါ်ပေမဲ့ အဲ့ဒီစာသားတွေ အကုန်လုံးက လျိုမင်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးခဲ့တယ်။
ကျန်းယွမ်က သူမရှေ့ကလူငယ်ကို ကြည့်လိုက်ပြီး ပြုံးလိုက်တယ်။
သူမရဲ့ အတိတ်ဘဝကအတိုင်း သူကပထမတန်းစား အစိုးရအရာရှိ ဖြစ်ခဲ့ပြီး ဧကရာဇ်သဘောကျတာ ခံခဲ့ရတယ်။ ဒါပေမဲ့ ဒီဘဝမှာတော့သူက တစ်ချိန်လုံး တိုးတက်ဖို့အတွက် အားမလိုအားမရမှုတွေ အများကြီးရှိခဲ့ပြီး တစ်ဟုန်ထိုး မျှော်လင့်ချက်တွေ ရှိခဲ့တယ်။ သူကဒါတွေအကုန်လုံးကို သူ့ဘာသာ ရရှိခဲ့တာဖြစ်တယ်။ လျိုမင်က ဖြောင့်မတ်ပြီး ရိုးသားတယ်။ ထူးချွန်တဲ့ အရည်အချင်းကို ပိုင်ဆိုင်ထားပြီး သင်ယူမှုကို တကယ်နှစ်သက်တယ်။ ဧကရာဇ်က သူ့လိုလူမျိုးတွေကို သဘောကျတယ်။ သူမကသူ့ကို ပြန်နှုတ်ဆက်လိုက်ပြီး ပြောလိုက်တယ်။ ယဉ်ကျေးစွာ ပြောလိုက်ပေမဲ့ အေးစက်နေတယ်။
“မဟာနည်းပြ ကြည့်ရတာရှင် ဒီမေးခွန်းကို လူမှားပြီး မေးခဲ့တယ်ထင်တယ်။ ”
လျိုမင်က သူ့ရှေကပြုံးနေတဲ့ မိန်းမပျိုလေးကို ကြည့်လိုက်တယ်။ အဲ့ဒီထူးဆန်းတဲ့လူက အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ဖြစ်တယ်ဆိုတာကို သိကတည်းက သူ့ရဲ့စိတ်က ဝရုန်းသုန်းကား ဖြစ်နေတယ်။ တစ်ဖက်မှာလည်း ကျန်းယွမ်ရဲ့မျက်နှာက စိတ်ရှုပ်မှုကို လုံးဝမပြဘဲ တည်ငြိမ်အေးဆေးနေတယ်။ သူမက တည်ငြိမ်စွာနဲ့ သူ့မေးခွန်းကို ငြင်းခဲ့ပေမဲ့ အဲ့ဒါက သူမဆိုတာကို လျိုမင်သိတယ်။ သူက ကျန်းယွမ်ဆိုတာကို လျိုမင်သချာပေါက်သိတယ်။
သူက ကျန်းယွမ်ကို မေးခွန်းတွေအများကြီး မေးချင်ခဲ့တယ်။ ဒီလိုမျိုးပေါ့။ သူမက ဘယ်လိုလုပ်ပြီး အဲ့တုန်းက ထိပ်တန်းအဆင့် တော်ဝင်စာမေးပွဲ မေးခွန်းကိုသိပြီးတော့ ဘာလို့သူမကသူ့ကို ကူညီခဲ့တာလဲ။ ပြီးတော့ ပိုအရေးကြီးတာက ဘာလို့သူမက အဲ့စာမေးပွဲ ပြီးသွားပြီးတော့ ဆက်ပြီးတော့ စာမပို့တော့တာလဲ။ တကယ်လို့ အိမ်ရှေ့စံကသာ သူ့ကိုလက်ရေးလှကို မမျှော်လင့်စွာနဲ့ မပြခဲ့ဘူးဆိုရင် သူကအမှောင်ထဲမှာပဲ တစ်သက်လုံး ရှိနေအုံးမှာဖြစ်ပြီး သူကသူ့ရဲ့ အနီးနားမှာရှိတဲ့ ယုံကြည်ချက်ကို ပြန်ပြီးရှာတွေ့နိုင်ဖို့ အခွင့်အရေး ရမှာမဟုတ်တော့ဘူး။
ကျန်းယွမ်က သူဘာပြောရမှန်းမသိ ဖြစ်နေတာကိုမြင်ပြီးတော့ သူမကဆက်ပြောတယ်။
“တကယ်လို့ ဘာမှပြောစရာမရှိတော့ရင် မဟာနည်းပြလျို ဒီကျွမ်းကျိုက အရင်သွားပါတော့မယ်။ ”
သူမက လှည့်လိုက်တဲ့အချိန်မှာ သူမရဲ့လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ခံလိုက်ရတယ်။ လျိုမင်က သူမရဲ့လက်မောင်းကို လှမ်းဆုပ်ကိုင်လိုက်တယ်။
လျူကျူးက အရမ်းလန့်သွားတယ်။ သူမက သူတို့ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တော်ဝင်ဥယာဉ်တော်ထဲမှာ ဘယ်သူမှ မရှိတာကို သတိထားမိသွားတယ်။ လျူကျူးက စိုးရိမ်စွာ ပြောလိုက်တယ်။
“ဘယ်လိုလုပ်ပြီး ရှင်ဒီလောက်တောင် ရိုင်းရတာလဲ။ အမြန် ကျွန်မတို့သခင်မလေးရဲ့ လက်ကိုလွှတ်လိုက်။ ”
ဒါပေမဲ့ လျိုမင်က တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ကျန်းယွမ်ကို တုန့်ဆိုင်းစွာ ကြည့်လိုက်တယ်။ နောက်ဆုံးတော့သူက မေးလိုက်တယ်။
“အဲ့ဒါမင်းလား။ ”
အဖြေက သိသာနေတယ်။ ကျန်းယွမ်က ပြောလိုက်တယ်။
“အဲ့ဒါကျွန်မပဲ။ ”
နောက်ထပ် ဖော်မပြနိုင်တဲ့ အမူအရာက လျိုမင်ရဲ့ မျက်လုံးထဲမှာ ဖြစ်သွားတယ်။ သူကမပြောခင် အသက်ရှုလိုက်ပြီး ပြတ်သားတဲ့လေသံနဲ့ မေးလိုက်တယ်။
“ဘာလို့ကျွန်တော်ကို ကူညီခဲ့တာလဲ။ ”
ဘာလို့သူ့ကို ကူညီခဲ့တာလဲ ဟုတ်လား။ သူမက ဘယ်လိုလုပ်ပြီး သူမရဲ့အတိတ်ဘဝမှာ ဘာဖြစ်ခဲ့လို့ သူ့ကိုကူညီခဲ့လဲဆိုတာ ပြောနိုင်မှာလဲ။ ကျန်းယွမ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။
“ကျွန်မရှင့်ကို ကူညီတာမဟုတ်ဘူး။ ကျွန်မက ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ရဲ့ ကျောင်းကွမ်းကို ကူညီခဲ့တာ။ တကယ်လို့အဲ့ဒါက ရှင်မဟုတ်ရင် တစ်ခြားတစ်ယောက် ဖြစ်မှာပဲ။ ”
တကယ်လို့အဲ့ဒါက သူမဟုတ်ရင် တစ်ခြားတစ်ယောက် ဖြစ်မှာတဲ့လား။ လျိုမင်ကနည်းနည်း စိတ်ဓာတ်ကျသွားပြီး သူ့ရဲ့ရင်ထဲမှာ ဖော်မပြနိုင်တဲ့ ခံစားချက်တွေ ရောထွေးနေတယ်။ စိတ်ပျက်မှု၊ဒေါသ၊ နောင်တ၊နာကျည်းချက် အကုန်လုံး ရောသွားပြီး ကျန်းယွမ်ရဲ့မျက်နှာ သတိမထားမိစွာနဲ့ မဲ့သွားတဲ့အထိကို သူကသူမရဲ့လက်မောင်းကို ပိုပြီးတင်းကြပ်စွာ ဆုပ်ကိုင်လိုက်တယ်။ ပြီးတော့ သူတို့ရဲ့ အနောက်ကနေပြီး ဖော်မပြနိုင်တဲ့ ဒေါသအချို့ ပါဝင်ပြီး အေးစက်တဲ့အသံ ထွက်ပေါ်လာတယ်။
“သူမကိုလွှတ်လိုက်။ ”
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...