M Link မှ ဖတ်ရန်
Descriptionတွင်ကြည့်ပါ
အခန်း-၅
ဒီနေ့ ချန်ကျောက်က အပြင်ကနေ မကောင်းတာတွေလုပ်ပြီး ပြန်လာတော့ အိမ်ကနေ ထွက်လာတဲ့ လူအချို့ကို သူ မတော်တဆ တွေ့မိတယ်။ အလယ်မှာရှိတဲ့ မိန်းကလေးက နူးညံ့သိမ်မွေ့ပြီး ကျက်သရေရှိတဲ့ အသွင်အပြင်ရှိတယ်။ ဒါကို မြင်လိုက်ရတော့ သူ့မျက်လုံးတွေက မတောက်ပသွားဘဲ မနေနိုင်ဘူး။ သူ သေချာကြည့်ပြီးမှ သူမက ကျန်းယွမ်မှန်း သိလိုက်တယ်။
ပုံမှန်ဆိုရင် ကျန်းယွမ်က ချန်ဖန်းလို သပ်သပ်ရပ်ရပ် ဝတ်စားလေ့ မရှိလို့ ချန်ကျောက်က သူမကို ဂရုမစိုက်ဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က သူက အရာရှိကြီးအိမ်တော်က သမီးကို စမ်းသပ်ချင်စိတ် ပေါက်လာတယ်။ အရှက်သည်းတဲ့ ဒီမိန်းကလေးက စကားတစ်ခွန်းတောင် မပြောဘဲ ရေကန်ထဲ ခုန်ချသွားမယ်လို့ ဘယ်သူက ထင်မှာလဲ။ အခု သူ အဲအကြောင်းကို ပြန်တွေးကြည့်လိုက်တော့ မကျေနပ်တာတွေကို ချုပ်ထိန်းထားလိုက်တယ်။ သူမကို သူ ဒီနေ့တွေ့လိုက်ရတော့ သူ့ရဲ့ မျက်လုံးတွေ လက်လာမယ်လို့ ဘယ်သူသိမလဲ။ နှစ်သစ်ကူးက နီးလာလို့ သူမ ပေါ့ပေါ့ပါးပါး ဝတ်ထားပေမဲ့ သူမရဲ့ အသားအရည်ကို ဖြည့်စွက်ပေးတဲ့ အဝတ်က သူမ မျက်နှာကို တပ်မက်ဖွယ်ကောင်းစေတယ်။ အရေးကြီးဆုံးအချက်က သူမ အခြားတစ်ယောက် ဖြစ်သွားသလိုမျိုး သူမရဲ့ တည်ငြိမ်ပြီး တိတ်ဆိတ်တဲ့ အသွင်အပြင်ပဲ။
ချန်ကျောက် မျက်စိကို မှေးပြီး သူ့မျက်စိရှေ့က ကောင်မလေးကို သေသေချာချာ ကြည့်လိုက်တယ်။ ကျန်းယွမ်က အရွယ်ကောင်းကို ရောက်ရုံ ရှိသေးတဲ့ မိန်းမပျိုလေးဖြစ်တယ်။ သူမရဲ့ ပုံက နည်းနည်းနုံအပေမဲ့ တည်ငြိမ်အေးဆေးတဲ့ပုံက သူမကို ရင့်ကျက်နေတဲ့ပုံ ပေါ်စေတယ်။ လူတစ်ယောက်တည်းမှာ ထွက်ပေါ်နေတဲ့ သိသာတဲ့ရောင်ဝါတွေက အခြားသူတွေကို ညို့ယူနေတယ်။ သူမက မိန်းမငယ်လေးပဲ ဖြစ်ပေမဲ့ ချန်ကျောက်က သူ့တံတွေးကို မမျိုချပဲ မနေနိုင်ဘူး။ သူက ဆောင်ကြာမြိုင်မှာ ငယ်ရွယ်တဲ့ အမျိုးသမီးတွေနဲ့ ကစားရတာ ကြိုက်တဲ့ အရာရှိအချို့ရဲ့ သားတွေဆီက ကြောက်စရာအကျင့်တွေကို သူမြင်ဖူးတယ်။ ဒါပေမဲ့ သူက အဲ့လို ခံစားချက်မျိုးကို တစ်ခါမှ မကြုံဖူးဘူး။
လန်ချောင်က ချန်ကျောက် ကျန်းယွမ်ရဲ့ ခန္ဓာကိုယ်ကို နှာဘူးအကြည့်နဲ့ ကြည့်နေတာကို သည်းမခံနိုင်ဘူး။ သူမရဲ့ အကြည့်တွေက ခက်ထန်လာတယ်။ သူမက ထပ်မတွေးတော့ဘဲ ပြောလိုက်တယ်။
“ရဲတင်းလိုက်တာ။ မင်းကို ဘယ်သူက မကောင်းတဲ့ အကျင့်လုပ်ဖို့ ခွင့်ပြုထားတာလဲ။ သခင်မလေးကို ဒီလိုကြည့်ရဲတယ်ပေါ့”
ဒီစကားလုံးတွေက ကြောက်စရာကောင်းပေမဲ့ သူတို့က ထုံထိုင်းနေတဲ့ နားတွေထဲကို ဝင်သွားတာ။ ချန်ကျောက်က လုံးဝ မကြောက်ဘူး။ ဒီမိန်းကလေးက မြို့တော်က သူ့မိသားစုနဲ့ အဆင်မပြေမှုတွေ ကြုံခဲ့ရတာ။ သူမရဲ့ လက်ရှိအခြေအနေကို သူသိထားတယ်။ ကျန်းလန်ရဲ့ ထင်မြင်ချက်ကို ပြောရမယ်ဆိုရင် ကျန်းယွမ်က သူမတစ်သက်လုံး အိမ်ထဲမှာပဲ နေထိုင်ရလိမ့်မယ်။ ဒါကြောင့် အခြေအနေပေးတာနဲ့ သူမကို လှည့်စားနိုင်ရင် အကောင်းဆုံးပဲ။
သူ့စိတ်ထဲမှာ အဲဒီလိုတွေ တွေးနေပေမဲ့ ချန်ကျောက်က တစ်လျှောက်လုံး ပြုံးပြီးတော့ သူ့လက်သူ ဆုပ်ကိုင်ထားတယ်။
“ဒါက ကျွန်တော့်အပြစ်ပါ။ အခုလေးတင် ဒီကနေ ထွက်လာတဲ့လူတွေကို အဝေးကနေ ကြည့်လိုက်တော့ အလယ်က နတ်မိမယ်လို မိန်းကလေးကို ရင်းရင်းနှီးနှီး မမြင်ဖူးလို့ ဘယ်သူများလဲလို့ တွေးနေမိတာပါ။ အနားကပ်လျှောက်လိုက်တော့မှ ကျွန်တော်တို့ သခင်မလေး ဖြစ်နေတာကို သိလိုက်တာပါ။ ကျွန်တော့်ရဲ့ခံစားချက်တွေကို မထိန်းလိုက်နိုင်ဘူး။ ကျေးဇူးပြုပြီး ဒီတစ်ခေါက်တော့ ခွင့်လွှတ်ပေးပါ”
ဒီလိုစကားမျိုးတွေ ချန်ကျောက်ဆီကနေ ထွက်လာတော့ လန်ချောင်တင်မကဘူး ပိုင်ကျီရဲ့မျက်နှာထား တောင်မှ ပြောင်းလဲသွားတယ်။ သူမ ဒေါသထွက်လာပြီး ပြောလိုက်တယ်။
“နင် မဟုတ်တာတွေ မပြောနဲ့ ငါတို့သခင်မလေးရဲ့ ဂုဏ်သတင်းကို နင် ထိခိုက်အောင် လုပ်လို့ မရဘူး”
ချန်ကျောက်က အနောက်သို့ အံ့သြဟန်နဲ့ နှစ်လှမ်းလောက် ဆုတ်လိုက်ပြီး၊
“ငါတို့သခင်မလေးရဲ့ ဂုဏ်သတင်းကို ထိခိုက်စေတာလား။ ငါ ဒီလိုမျိုး တစ်ခါမှ မတွေးဖူးဘူး။ ငါတို့သခင်မလေးက မြင့်မြတ်တဲ့အိမ်တော်က သမီးတစ်ယောက်ပဲ။ ငါ ဒါကို မစဉ်းစားဖူးပါဘူး။ သခင်မလေးက ငါ့ကို အဝေးကနေပဲ ကြည့်ခွင့်ပေးပြီး မနှင်ထုတ်ဖို့ မျှော်လင့်ရုံပါ။ ဒါလေးနဲ့ပဲ ကျေနပ်မှာပါ”
အတိတ်တုန်းက ချန်ကျောက်က မိသားစုအတော်တော်များများက သမီးတွေကို အမြဲတမ်း နှောင့်ယှက်လေ့ ရှိတယ်။ သူ့ပါးစပ် ဟလိုက်တာနဲ့ ကောက်ကျစ်တဲ့လျှာကို ပိုင်ဆိုင်ထားတယ်။ အမျိုးသမီးတစ်ဦးက သူ့ဆီက စကားတွေကို ကြားလိုက်ရင် နေရာမှာပဲ ဒေါသထွက်ပြီး အကျယ်ကြီး ငိုတာမျိုး ဒါမှမဟုတ် ရှက်ပြီးတော့ မျက်နှာရဲသွားတာမျိုး ဖြစ်သွားတတ်တယ်။ ဒီနေ့ ကျန်းယွမ်ရဲ့တုံ့ပြန်မှုကတော့ နည်းနည်း ထူးခြားနေတယ်။
ကျန်းယွမ်က သူ့ကို တိတ်တဆိတ်ပဲ စိုက်ကြည့်နေတယ်။ သူမရဲ့ ကြည်လင်တဲ့ မျက်လုံးတွေက ဆောင်းရာသီမှာ အေးစက်နေတဲ့ ရေကန်တွေလိုပဲ၊ နည်းနည်းတောင် မနွေးထွေးဘူး။ သူမရဲ့အကြည့်က အေးစက်နေပေမဲ့ သူမ နှုတ်ခမ်းလေးက နည်းနည်းကွေးလာပြီး လူရွှင်တော် ကပြတာကို ကြည့်နေသလိုမျိုး။ စိတ်မဆိုးသလို အေးစက်စက်နဲ့ ဥပေက္ခာပြုထားသလိုပဲ။
ချန်ကျောက်က ထိတ်လန့်သွားတယ်။ အဲဒီအချိန်မှာပဲ ကျန်းယွမ်က သူမနှုတ်ခမ်းကို ဖြည်းဖြည်းလေး ဖွင့်ဟလိုက်တာကို သူတွေ့လိုက်ရတယ်။ “ဒါပေါ့ ငါနင့်ကို မနှင်ထုတ်ပါဘူး”
လျန်ချောင်နဲ့ ပိုင်ကျီတို့ကလည်း အကျပ်တွေ့သွားတယ်။ သူတို့က အကျင့်မကောင်းတဲ့ကောင်ကို ကန်ထုတ်ဖို့ စိတ်စောနေကြပေမဲ့ ကျန်းယွမ်ရဲ့စကားတွေက ဘာအဓိပ္ပာယ်လဲ။
အစကတည်းက ချန်ကျောက်က မသင်္ကာစရာ ကောင်းတယ်။ ဒါပေမဲ့ သူ့ရဲ့ စိုးရိမ်မှုက လျှို့လျှို့ဝှက်ဝှက်နဲ့ပဲ နှစ်သက်ခြင်းအဖြစ် ပြောင်းသွားတယ်။ အစေခံနှစ်ယောက်ကို အားရဝမ်းသာကြည့်ပြီးတော့ ဒီမိန်းကလေးက ဘယ်လိုပျော်ရလဲဆိုတာ သိတဲ့သူပဲလို့ သူ့စိတ်ထဲမှာ တွေးလိုက်တယ်။ လက်ရှိအခြေအနေကို ကြည့်ရမယ်ဆိုရင် သူမက မြင့်မြတ်တဲ့ မိသားစုက သမီးဆိုရင်ရော ဘာဖြစ်လဲ။ ကျေးလက်မှာ အချိန်အတော်ကြာနေပြီးတဲ့နောက်တော့ သူမက ငယ်ငယ်ရွယ်ရွယ်နဲ့ သူမရဲ့ကျင့်ဝတ်၊ တရားမျှတမှု၊ တည်ကြည်မှုနဲ့ ဂုဏ်သိက္ခာကို ဆုံးရှုံးသွားပြီ။
“သိပ်မကြာခင်က မင်း ငါ့ကို ရေကန်ထဲကို မတော်တဆ တွန်းချခဲ့တယ်။ ငါ အအေးမိသွားပြီး အိပ်ရာထဲ လဲနေခဲ့တယ်။ ဒေါ်လေးလန်က ငါ့ကို ကုပေးဖို့ သမားတော်ကို ပို့ခဲ့တယ်။ ပြီးတော့ ကိုယ်တိုင် လာတောင်းပန်ခဲ့တယ် အဲဒီတောင်းပန်တာကြောင့် ငါမင်းကို ခွင့်လွှတ်တယ်။ ငါမင်းကို ခွင့်လွှတ်ပြီးသားပါ။ အဲဒါကြောင့် ငါမင်းကို နှင်မထုတ်ပါဘူး”
လူတွေကို နှစ်သိမ့်ပေးသလိုမျိုး အေးမြမှုနဲ့အတူ ကျန်းယွမ်ရဲ့အသံက နူးညံ့ပြီး သိမ်မွေ့တယ်။ ဒါပေမဲ့ ချန်ကျောက်ရဲ့ နှလုံးသားက အဲဒါကို ကြားလိုက်ရတဲ့ အချိန်မှာ နစ်မြုပ်သွားသလိုပဲ။
ကျန်းယွမ် ရေကန်ထဲကို ပြုတ်ကျခဲ့ပြီးတော့ လူတွေ အမှန်တရားကို ရှာတွေ့သွားမှာ စိုးလို့ သူက ကျန်းယွမ်ကို မတော်တဆ ချော်လဲမိစေတယ် ဆိုပြီး လိမ်ထားတယ်။ ကျန်းယွမ်ပြောတဲ့ စကားတွေက ချန်ကျောက်ကို သူ့ရဲ့ အပြစ်တွေကနေ သံသယစိတ်ကို ဖယ်ရှားချင်တာကြောင့် သူမနဲ့တွေ့တာလို့ ချန်ကျောက်ကို ပြန်မှတ်မိစေတယ်။ အခု ကျန်းယွမ်က အဲဒါကို မရည်ရွယ်ဘဲနဲ့လား ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိ ပြောတာလား။ ဒါကို စဉ်းစားရင်း ချန်ကျောက်က ကျန်းယွမ်ကို သေသေချာချာ ကြည့်လိုက်မိတယ်။ သူ့ရဲ့အကဲခတ်နေတဲ့ အောက်မှာ ကောင်မလေးက သူ့နေရာမှာပဲ ရပ်နေတယ်။ ခေတ်ဟောင်း ဝတ်စားဆင်ယင်မူက သူမကို မျက်တွင်းကျနေတဲ့ပုံ မပေါ်စေဘူး။ အဲဒီအစား အဲဒါက သူမရဲ့ နှင်းလို ဖျော့တဲ့ အသားအရည်၊ မည်းမှောင်တဲ့ မျက်လုံးတွေနဲ့ အနက်ရောင် မျက်တောင်တွေကို ပေါ်လွင်စေတယ်။ ပြီးတော့ သူမရဲ့ မျက်တောင်တွေ ကြားထဲက မျက်နှာလေးက မမျှော်လင့်ပဲ ရိုးရိုးလေး ဆွဲဆောင်နေတယ်။
သူမကို ငေးကြည့်ပြီး ချန်ကျောက်ရဲ့ ထိတ်လန့်နေတဲ့ အကြည့်က အရူးအမူး စွဲလန်းနေသလိုမျိုး ပြောင်းသွားတယ်။ ကျန်းမိသားစုက ဒီမိန်းကလေး ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းလဲဆိုတာ သူ သိလိုက်ရတယ် ပုံမှန်ဆိုရင် သူမကို သူ သွားခွင့်ပြုမှာ မဟုတ်ဘူး။ အချိန်တွေ ရှိပါသေးတယ် ဒီအချိန်မှ စိုးရိမ်စရာ မရှိပါဘူး။ ဒါကိုတွေးလိုက်ရင်း ကျန်းယွမ်ကို ကြည့်ပြီး သူက ပြုံးလိုက်ရင်း လက်ကို ထပ်ဆုပ်လိုက်တယ်။
“မင်း အရမ်းပိန်လွန်းတာကိုပဲ အပြစ်တင်နိုင်တော့မယ်။ ဒီနေ့တော့ မင်း အပြင်သွားမှာကို အနှောင့်အယှက် မပေးတော့ပါဘူး။ ငါ မင်းကို နောက်ရက်မှ သေသေချာချာ လာတောင်းပန်ပါ့မယ်”
“ဘယ်သူက နင့်ကို ငါ့တို့ဆီလာပြီးတော့ တောင်းပန်စေချင်လို့လဲ”
လန်ချောင်သူ့ကို စိုက်ကြည့်လိုက်ပေမဲ့ ချန်ကျောက်က အပြုံးနဲ့ ထွက်သွားတယ်။
ချန်ကျောက်ထွက်သွားတော့မှ လန်ချောင်နဲ့ ပိုင်ကျီက သက်ပြင်းချလိုက်တယ်။ ပိုင်ကျီက မျက်မှောင်ကြုတ် လိုက်ပြီးတော့၊
“သခင်မလေး ဘာလို့ အဲဒီလိုပြောလိုက်တာလဲ။ သူက ပြဿနာနော် ဘယ်လိုလုပ်..”
“အဲဒါ ဟုတ်တယ် အဲဒါ ဟုတ်တယ်” လန်ချောင်က သဘောတူလိုက်တယ်။
“ငါ သူ့ရဲ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်ချင်လိုက်တာ။ ရွံစရာကောင်းလိုက်တာ”
“သူတို့ ဖောက်ထုတ်ခံရမှာပါ”
ကျန်းယွမ်က အေးအေးဆေးဆေး ပြောလိုက်တယ်။
“သူက ငါ့ကို အဝေးကနေ တိတ်တိတ်ကလေး ကြည့်ချင်တယ် ဆိုတော့လည်း သူ့ရဲ့ နှလုံးသား ကျေနပ်သွားအောင် ကြည့်ခိုင်းလိုက်ပါ”
ပိုင်ကျီနဲ့ လန်ချောင် သူမရဲ့ အသံထဲမှာ အနည်းငယ်အေးစက်မှုကို ခံစားလိုက်ရတာနဲ့ အချင်းချင်း အကြည့်တွေ ဖလှယ်နေကြတယ်။ ခဏရပ်ပြီးတော့ ပိုင်ကျီက ပြောလိုက်တယ်။
“သူ့ကို ဘယ်သူက ဂရုစိုက်လို့လဲ။ ငါတို့ လမ်းပဲ လျှောက်ရအောင်။ ဒီရက်ပိုင်းထဲမှာ အိမ်က အကြောင်းထူးမရှိဘူး။ အရှေ့လမ်းက အတော်စည်ကားနေလောက်ပြီ”
အရှေ့လမ်းလား။ ကျန်းယွမ် အဲအကြောင်းကို စဉ်းစားပြီး ခေါင်းကို ယမ်းလိုက်တယ်။
“မဟုတ်ဘူး။ အနောက်လမ်းကို သွားရအောင်”
“အနောက်လမ်းလား”
ပိုင်ကျီ နည်းနည်း တုံ့ဆိုင်းသွားတယ်။
“သခင်မလေး ဘာကြောင့် အနောက်လမ်းကို သွားချင်တာလဲ။ အနောက်လမ်းမှာ သူတောင်းစားတွေနဲ့ သာမန်အရပ်သားတွေပဲ အများဆုံးရှိတာ။ နှစ်သစ်ကူးနဲ့ဆိုရင် ပိုပြီးတော့တောင် ပရမ်းပတာ ဖြစ်နေအုံးမှာ။ သခင်မလေး အဲဒီကို မသွားတာ အကောင်းဆုံးလို့ ထင်တယ်။ အရှေ့လမ်းမှာ အလှကုန်ပစ္စည်း ရောင်းတဲ့ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ ရှိတယ် ပြီးတော့ အဲမှာ စျေးပေါတဲ့ လက်ဝတ်ရတနာ အရောင်းဆိုင်အသစ်လည်း ရှိတယ်။ ကျွန်မတို့ ဘာလို့ အရှေ့လမ်းမှာ လမ်းမလျှောက်တာလဲ”
ကျန်းယွမ်က ခေါင်းယမ်းလိုက်တယ်။
“အနောက်ဘက်လမ်းကိုပဲ..”
သူမအသံက နူးညံ့ပေမဲ့ အဲဒါက ကန့်ကွက်တာတွေကို လက်ခံမှာ မဟုတ်မှန်း သိစေတယ်။ သူမက ဆုံးဖြတ်ချက် ချလိုက်တာ သိသာတယ်။
ပိုင်ကျီ ငေးကြည့်နေပြီးတော့ ချက်ချင်း သတိပြန်ဝင်လာတယ်။
“အာ.. ငါတို့ သခင်မလေး ပြောတာကိုပဲ နားထောင်ပြီးတော့ အနောက်လမ်းကို သွားကြရအောင်”
လန်ချောင်က ပိုင်ကျီရဲ့ ပခုံးကို ပုတ်လိုက်တယ်။
“ဘေးနားမှာ ငါတို့ ရှိနေတာပဲ။ နင် ဘာကို ကြောက်နေတာလဲ။ ပြီးတော့ အခုလို ကြည်လင်ပြီး နေသာတဲ့နေ့မှာ ဘာလို့ အများကြီး တွေးနေမှာလဲ။ တကယ်လို့ ပြဿနာ ဖြစ်လာရင်လည်း ငါတို့သခင်မလေးကို ကာကွယ်ဖို့ ငါတို့ရှိတာပဲလေ စိတ်အေးအေးထားပါ”
ပိုင်ကျီ သူမ ခေါင်းညိတ်လိုက်သော်လည်း ပိုပြီး သတိရှိလာတယ်။ အရှေ့လမ်းနဲ့ အနောက်လမ်းကြားမှာ ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်းက ကွာဟချက်ရှိတယ်။ ဆင်းရဲသား အရပ်သားတွေက အနောက်လမ်းမှာ နေလာတာ နှစ်တွေအများကြီး ကြာပြီမို့လို့ အဲဒါက ကြီးပွားတိုးတက်နေတဲ့ အရှေ့လမ်းနဲ့ နှိုင်းယှဉ်လို့ မရဘူး။ သူတို့ သခင်မလေးက ပုံမှန်ဆိုရင် အနောက်လမ်းကို လာဖို့ ဆန္ဒမရှိပါဘူး။ ဘာကြောင့် ဒီနေ့မှ ဒီလို ဆန္ဒရှိတာပါလိမ့်။ ပိုင်ကျီက သူတို့သခင်မလေးက တစ်ညတည်းနဲ့ ပါးနပ်မှု အဆင့်ကိုးဆင့်အထိ တိုးလာသလိုမျိုး သူမရဲ့ အတွေးတွေကို ပိုပိုပြီးတော့ နားမလည်နိုင်သလို ခံစားလိုက်ရတယ်။ အဲဒီ အနက်ရောင် မျက်ဝန်းတွေကို ကြည့်ရင်း သူမက အေးစက်သွားသလို ခံစားလိုက်ရတယ်။
လန်ချောင်ကတော့ အလွန်အမင်း ပျော်နေလေတယ်။ ကျန်းယွမ်က သိသိသာသာ အမြင်မှန်ရလာပြီး နှိမ့်ချနေတာ ထက်စာရင် ဒီလို သခင်မျိုး ဖြစ်လာတာ ပိုကောင်းတယ်။ အနည်းဆုံးတော့ သူမကို သူတို့က လူပုံအလယ်မှာ အနိုင်ကျင့်ရဲတော့မှာ မဟုတ်ဘူး။
သူမရဲ့ဘေးမှာ ရှိတဲ့ အစေခံနှစ်ယောက်က ကိုယ်ပိုင်အတွေးတွေထဲမှာ နစ်မြောနေတာကို ကျန်းယွမ်က သတိမထားမိဘူး။ သူမက အရှေ့ကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ လျှောက်သွားလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်ယောက်က သူမကို သေချာ အာရုံစိုက်ကြည့်ရင် သူမလက်ချောင်းလေးတွေ တုန်နေတာကို မြင်ရလိမ့်မယ်။
အစကတည်းက ပြောင်းလဲသင့်တဲ့ ကိစ္စအချို့က ရှိပြီးသား။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...