အခန်း-၁၅
တံခါးက ဒုန်းကနဲ မြည်ပြီး ပွင့်သွားတယ်။ ချန်းဖန်က ကျန်းယွမ်ရှေ့ကို ပျာယာခတ်ပြီး ဒေါသထွက် နေတဲ့ပုံနဲ့ ရောက်လာတယ်။ အနောက်ကနေ လန်ချောင်ကလည်း လိုက်လာတာပေါ့။ သူတို့နှစ်ယောက်လုံး အဝတ်တွေက ဖရိုဖရဲ ဖြစ်နေတာ။ စောစောက သူတို့နှစ်ယောက် ရန်ဖြစ်ထားတဲ့ပုံပဲ။
ကျန်းယွမ်က ချန်ဖန်းကို တစ်ချက်တောင် လှည့်မကြည့်ဘူး။ သူမရှေ့က စာရွက်ကိုပဲ ဆက်ဖတ်နေတယ်။ သူမဘေးမှာ ပိုင်ကျီက ခွက်ထဲကို လက်ဖက်ရည်ပူပူလေး ဂရုတစိုက် ငှဲ့နေတယ်။ လန်ချောင်က အခန်းထဲ ဝင်လာတဲ့ အချိန်ကစပြီးတော့ စကားတစ်လုံးမှ မပြောဘဲ ကျန်းယွမ်ရှေ့ကနေ ခေါင်းငုံ့ပြီး ဖြတ်သွားတယ်။
သူမကို ဘယ်သူကမှ ဂရုမစိုက်လို့ ချန်ဖန်းက အေးခဲသွားတယ်။ စိုးရိမ်စိတ်က သူမကို ရစ်ပတ် သွားတယ်။ ချန်ဖန်း စီစဉ်ထားတဲ့အတိုင်းဆိုရင် သူမက အေးဆေးနေပြီး ကျန်းယွမ်က သူမကို မေးခွန်းမေးရမှာ ဖြစ်တယ်။ ဒါပေမဲ့ ကျန်းယွမ်က သူမကို သုံးသပ်ဖို့ ကြည့်နေမယ်လို့ သူမက မမျှော်လင့်ထားဘူး။ သူမက နှလုံးခုန် မြန်သွားတယ်။ ဒီလို ကိုယ်ဟန်အနေအထားက သူမကို ယုံကြည်မှု မဲ့စေတယ်။ လေထုက ထူးထူးခြားခြား လေးနက်သွားတယ်။
အဆုံးမှာတော့ သူမက ဆယ်ကျော်သက် အမျိုးသမီးလေးပဲ။ အဲဒါတင် မကဘူး။ သူမက ခံစားချက်တွေကို မဖုံးကွယ်ထားနိုင်သလို စိတ်ရှည်သည်းခံတတ်တာမျိုးလည်း မဟုတ်ဘူး။ သူမဖာသာ အကြိမ်ကြိမ် ထိန်းချုပ်ပြီးနောက်မှာတော့ သူမက အံကြိတ်လိုက်တယ်။ “သခင်မလေး ကျွန်မက ကိစ္စတစ်ခု ဆွေးနွေးချင်ပါတယ်”
ကျန်းယွမ်က တစ်ချက်လေးတောင်မှ မျက်လွှာပင့်မကြည့်ဘဲ ပျင်းရိစွာ ပြောလိုက်တယ်။ “မေးလေ”
ချန်ဖန်းက အဲဒီအပြုအမူကို မမျှော်လင့်ထားဘူး။ ကျန်းယွမ်ရဲ့အပြုအမူက သူမကို ဒေါသထွက်စေတယ်။ သူမ ဒီကို လာရတဲ့အကြောင်းကို ပြန်တွေးမိတော့ ပိုတောင် ဒေါသထွက်သွားတယ်။ “သခင်မလေး အရင်ရက်တုန်းက ညဘုရင်မပန်းကို သွားမကြည့်ဘူးလား”
“မသွားဘူး” ကျန်းယွမ်က ချန်ဖန်းပြောတာ ကြားတော့ အဲဒါကို ပြန်တွေးလိုက်တယ်။ “အဲဒီညက ငါ ရုတ်တရက် နေမကောင်း ဖြစ်သွားလို့ သစ်တော်သီးဥယျာဉ်ကို ညဘုရင်မပန်းကြည့်ဖို့ မသွားလိုက်ရဘူး”
“သခင်မလေး ဘယ်လိုလုပ် ဒီလို လုပ်ရတာလဲ” ချန်ဖန်းက ပိုတောင် ဒေါသထွက်လာတယ်။ “သခင်မလေးကို ကျွန်မ သေသေချာချာ ဖိတ်ထားတာ။ တကယ်လို့ သခင်မလေး မသွားဘူးဆိုရင် လူလွှတ်ပြီး ပြောခိုင်းလို့ ရတာပဲ”
“အာ” ကျန်းယွမ်က သူမကို အနည်းငယ် အံ့သြသွားသလို ကြည့်လိုက်ပြီး၊ “ဘယ်သူမှ နင့်ကို လာမပြောဘူးလား။ လန်ချောင် နင် အဲနေ့ညက ဖန်းအာကို ငါ မသွားနိုင်တဲ့အကြောင်း သွားမပြောခဲ့ဘူးလား။ နင် အပျော်တွေ နောက်လိုက်ပြီး ငါ ခိုင်းထားတာ မေ့သွားပြီလို့ မပြောနဲ့နော်”
လန်ချောင်က ဒူးညွှတ်ဂါရဝပြုလိုက်ပြီး၊ “ဘယ်လို ဖြစ်နိုင်မှာလဲ။ ကျွန်မက သခင်မလေးရဲ့အမိန့်ကို မလွန်ဆန်ရဲပါဘူး။ အဲဒီနေ့ညက ကျွန်မက သစ်တော်သီးဥယျာဉ်ကို သွားခဲ့တယ်။ တကယ်တမ်းတော့ ကျွန်မက သူမ ရောက်လာတာနဲ့ ပြောချင်ခဲ့တာ။ ဘယ်သူက ထင်ထားမှာလဲ။ ကျွန်မက စောင့်ပြီးရင်း စောင့်နေခဲ့ပေမဲ့ သူမက လုံးဝ မလာခဲ့ဘူး။ ဖန်းအာက ဒီအကြောင်းကို သိပြီး မလာတာလို့ ကျွန်မတွေးမိပြီး ညနက်မှ ပြန်လာတာပါ”
ကျန်းယွမ်က တောင်းပန်သလို ပြုံးလိုက်ပြီး၊ “တကယ်တော့ ဒါက နားလည်မှု လွဲသွားတာပဲ၊ ဖန်းအာ.. ဒီကိစ္စက ငါနဲ့ မပတ်သတ်တာကို မင်း အခု ရှင်းရှင်းလင်းလင်း သိပြီပဲ”
အဲဒါကို ကြားပြီးနောက် ချန်ဖန်းက သူမမျက်နှာမှ မိတ်ကပ်တောင် ပျက်သွားတော့မလို ဒေါသထွက်သွားတယ်။ သူမ စိတ်ထဲမှာ ဖြစ်နိုင်ခြေအမျိုးမျိုးကို တွေးလိုက်မိတယ်။ ဒါပေမဲ့ ကျန်းယွမ်က သူမကို အခုလို နွေးနွေးထွေးထွေး ဆက်ဆံမယ်လို့ မတွေးထားလိုက်မိဘူး။ အခုတော့ သူမက ဝါဂွမ်းကို ထိုးဖို့ အားကုန်သုံးလိုက်မိသလိုပဲ။ သူမက နစ်နာခဲ့ရင်တောင် သူတို့ကို အပြစ်ပြောလို့ မရတော့ဘူး။ သူမရဲ့အစာအိမ်တောင်မှ ဒေါသတွေနဲ့ ပြည့်နှက်သွားတယ်။
“ဒါပေမဲ့ ဖန်းအာ..” ကျန်းယွမ်က မျက်ခုံးတွန့်လိုက်တယ်။ “နင်နဲ့ငါ ချိန်းဆိုထားတာက ကြာပြီလေ။ အဲနေ့ညက ဖြစ်ခဲ့တာကို မင်းက ဘာလို့ အခုမှ လာမေးရတာလဲ။ မင်းကိုယ်တိုင်လည်း သစ်တော်သီးဥယျာဉ်ကို မသွားခဲ့ဘဲနဲ့ ငါ သွားခဲ့တယ်လို့ ယုံနေတာတော့ မဟုတ်ပါဘူးနော်”
ချန်ဖန်း ပြောစရာ ကင်းမဲ့သွားတယ်။ ထိတ်လန့်တဲ့ အရိပ်တစ်ခုက သူမမျက်နှာပေါ် ဖြတ်ပြေးသွားတယ်။ “မဟုတ်ဘူး မဟုတ်ပါဘူး။ အဲဒါ.. အဲဒါက.. သခင်မလေး မသွားခဲ့တာကို ကျွန်မ ဒီနေ့မှ သိတာပါ။ အဲဒီညတုန်းက ကျွန်မလည်း လုပ်စရာလေး ရှိလို့ မသွားခဲ့ဘူး”
ချန်ဖန်းရဲ့ စကားလုံးများက ဗလုံးဗထွေး ဖြစ်နေတယ်။ သူမက ဘယ်လိုပဲ အပြစ်ကင်းသလို လုပ်နေပေမဲ့ သူမစကားတွေကနေ အပေါက်တွေနဲ့ ပြည့်နေခဲ့တယ်။
ဒါပေမဲ့ ကျန်းယွမ်က သဘောထားကြီးကြီး ပြောလိုက်တယ်။ “ဒါဆိုရင်တော့ ဒီကိစ္စက ငါတို့ ရိုးရိုး နားလည်မှု လွဲတာလို့ မှတ်လိုက်ကြတာပေါ့”
ချန်ဖန်းက နှုတ်ခမ်းကိုက်လိုက်တယ်။ သူမရဲ့နှလုံးသားထဲက ဒီကိစ္စကို နက်နက်ရှိုင်းရှိုင်း အလွှတ်မပေးချင်ပေမဲ့ ဒါကို နည်းလမ်းကျကျ ထောက်ပြဖို့ မရှိဘူး။ ဒီနေ့ ကျန်းယွမ်နဲ့ ရင်ဆိုင်ဖို့ အစီအစဉ်မဆွဲဘဲ ဒီကို အမြန်လာခဲ့မိတာကိုပဲ အပြစ်တင်ရတော့မယ်။ သူမ စိုးရိမ်နေတုန်းမှာ ကျန်းယွမ်ရဲ့ လေသံဖျော့ဖျော့ကို ကြားလိုက်ရတယ်။
“နင်က ဒီကို မြန်မြန်လာတာ တွေ့လိုက်ရတော့ တစ်ခုခု ဖြစ်တာလားလို့ တွေးမိသွားတယ်။ အားလုံး အဆင်ပြေရဲ့လား”
ချန်ဖန်းရဲ့နှလုံးသားက အထိတ်တလန့် တင်းကျပ်သွားပြီး ကျန်းယွမ်ကို မကျေမနပ် ကြည့်လာတယ်။ သူမက စီးဆင်းနေတဲ့ စမ်းချောင်းနဲ့ တူညီပြီး နူးညံ့သိမ်မွေ့ချစ်စရာကောင်းတဲ့ပုံစံနဲ့ ကျန်းယွမ်ရဲ့အကြည့်နဲ့ တွေ့ဆုံသွားတယ်။ ဒါပေမဲ့ အဲဒီအကြည့်ကို သေချာစိုက်ကြည့်လိုက်ရင် သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေကို သူမ ခံစားမိတယ်။ သူမရဲ့ မျက်လုံးထောင့်စွန်းမှာ နတ်ဆိုးရဲ့ ရက်စက်အေးခဲမှုတွေ ရှိနေတယ်။
ချန်ဖန်းက အနောက်ကို ခြေနှစ်လှမ်း မဆုတ်ဘဲ မနေနိုင်ဘူး။ ဒါပေမဲ့ သူမက ကျန်းယွမ်ကို ထပ်ကြည့်လိုက်တော့ သူမရဲ့အပြုအမူကို မထိန်းထားနိုင်တော့ပေ။ ရုတ်တရက် သူမစိတ်ထဲတွင် မသေချာ မရေရာမှုများ ဖြစ်ပေါ်လာတယ်။ ဝေးကွာလွန်းတဲ့ အတွေးတစ်ခုက သူမစိတ်ထဲမှာ ပေါ်လာတယ်။ အားနည်းတဲ့ ပုံစံနဲ့ ဒီသခင်မလေးက အရာအားလုံးကို သိရှိနေပြီး ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ကာ သူမက အကျိုးအမြတ် ရသွားသူ တစ်ယောက် ဖြစ်နိုင်မလား။
ချန်ဖန်းက လက်သီးဆုပ်လိုက်ပြီးနောက် ခေါင်းယမ်းလိုက်တယ်။ ဒါက မဖြစ်နိုင်ဘူး။ ကျန်းယွမ်က လွန်ခဲ့တဲ့ ငါးနှစ်လုံး ကျေးလက်အိမ်ငယ်လေးထဲမှာပဲ နေခဲ့တာ။ ကျန်းယွမ်က ဘယ်လိုလူမျိုးလဲ ဆိုတာ သူမက ရှင်းရှင်းလင်းလင်း သိတယ်။ အဲဒါတင်မကဘူး။ တကယ်လို့ သူမသာ ထုတ်ပြောလိုက်ရင်တောင် ဘယ်သူကမှ ဆယ်ကျော်သက်မိန်းကလေးက ဒီလိုမျိုးတွေ လုပ်တယ်ဆိုတာ ယုံနိုင်ကြမှာ မဟုတ်ဘူး။ သူမ အကြံပျက်သွားတာက မတော်တဆပဲ နေမှာပါ။
ချန်ဖန်းက အားတင်းပြုံးလိုက်တယ်။ “ဒါက ကျွန်မအမှားပါ။ သခင်မလေးကို နှောင့်ယှက်မိတဲ့အတွက် ကျွန်မကို အပြစ်ပေးပါ”
“မင်းက စိတ်ကောင်းရှိတာပဲ” ကျန်းယွမ်က လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်တယ်။ “ငါက နင့်ကို ဘယ်လိုလုပ် အပြစ်ပေးနိုင်မှာလဲ။ မင်းအခု အဲဒါကို လာပြောတော့ ငါ ကံမကောင်းတာကို စိတ်မကောင်း ဖြစ်မိတယ်။ ညဘုရင်မက အဲနေ့ညမှာ လှလှပပ ပွင့်ခဲ့မှာပဲ”
ဒါကို ကြားလိုက်ရတော့ ချန်ဖန်းက သွေးအန်ချင်သွားတယ်။ သူမက ခက်ခဲစွာ ပြောလိုက်ရတယ်။
“ဒါပေါ့ သခင်မလေး ဘာမှ ခိုင်းဖို့ မရှိတော့ရင် လုပ်စရာလေးတွေ ဆက်လုပ်လိုက်အုံးမယ်။ ကျွန်မက အိမ်ထဲမှာ တချို့ကိစ္စလေးတွေ ရှိပါသေးတယ်”
“နင် ခက်ခဲမှာပဲ” ကျန်းယွမ်က ခံစားချက် အနည်းငယ်မှ မပါဘဲ ပြောလိုက်တယ်။ “မင်း သွားနှင့်ပြီး မင်းအလုပ်တွေကို ဆက်လုပ်ပါ။ မင်းက ဒီအိမ်အတွက် အရေးပါတဲ့သူ တစ်ယောက်ပဲလေ”
အဲစကားလုံးများက အဓိပ္ပာယ်ကို ဖုံးကွယ်ထားသလို ခံစားရတယ်။ ကြောက်မက်ဖွယ်ရာတစ်ခုခုက သူမနောက်ကို လိုက်နေသလိုမျိုး ချန်ဖန်းရဲ့နှလုံးသားက တုန်ယင်သွားတယ်။ မကြာခင်မှာပဲ သူမက မြန်မြန် ထွက်သွားတော့တယ်။
ချန်ဖန်းထွက်သွားပြီးတော့ လန်ချောင်က တံခါးကို ပိတ်လိုက်ပြီး ပြောတယ်။ “သူမကို စည်းကမ်းမဲ့တာကို ကြည့်ပါအုံး။ သူမက အစေခံတစ်ယောက်လိုတောင်မှ အပြုမူတော့ဘူး။ စောစောတုန်းက သူမက သတ္တိအပြည့်နဲ့ သခင်မလေးကိုတောင် စစ်ဆေးတဲ့လေသံနဲ့ ပြောရဲတယ်။ ကျွန်မ သူမကို တစ်နေ့မှာ ကောင်းကောင်း သင်ခန်းစာ ပေးလိုက်အုံးမယ်”
“ငါတို့ ဘာလို့ တခြားနေ့ကို စောင့်နေမှာလဲ” ကျန်းယွမ်က စာအုပ်ကို ပိတ်လိုက်တယ်။ “သူမက မကြာမီ သင်ခန်းစာတစ်ခု သင်ယူရတော့မှာ”
“သခင်မလေး” ပိုင်ကျီရဲ့ မျက်လုံးတွေက လင်းလက်သွားတယ်။ “ကျွန်မကို မပြောပါနဲ့.. အဲနေ့ညက..”
ကျန်းယွမ်က ခေါင်းညိတ်လိုက်တယ်။ “ငါ မသွားခဲ့တော့ ငါ့နေရာကို အစားထိုးထားတဲ့သူ တစ်ယောက်တော့ ရှိမှာပေါ့။ ချန်မိသားစုရဲ့ မမလေးက ဝံပုလွေတစ်ကောင်ကို ဖိတ်လိုက်ရုံတင်မကဘူး။ ပိုက်ဆံမက်တဲ့ ဝံပုလွေပါ ဖြစ်နေတယ်။ ချိုင်ရင်းရဲ့လုပ်နိုင်စွမ်းက ကျွန်မထင်ထားတာထက် ပိုတာပဲ။ ဒါက ကျွန်မကို ပြဿနာတွေထဲကနေ ကယ်တင်လိုက်တယ်”
လန်ချောင်က အားပါးတရ ပြုံးလိုက်တယ်။ “အဲမိန်းကလေးက နဂိုတည်းက သံသယများတတ်တာ။ ငါက သူ့ရှေ့မှာ ငါးစာနည်းနည်းချလိုက်တာနဲ့ မြန်မြန်လာဟပ်တော့တာပဲ။ ဒါပေမဲ့ သူမကလည်း အကျင့်ပျက်တဲ့တစ်ယောက်လို့ ငါ ထင်တယ်။ သူတို့က အဲဒါကို နှစ်ဦးနှစ်ဖက် အပြန်အလှန် သဘောတူညီခဲ့ကြတာ”
“နင် ဒီတာဝန်ကို လှလှပပ ပြီးမြောက်စေခဲ့တာပဲ” ကျန်းယွမ်က ချီးမွမ်းလိုက်တယ်။ “ချန်ကျောက်က ဒါကို ဘယ်အချိန်ထိ သဘောကျနေမလဲဆိုတာ ဘယ်သူ သိမှာလဲ။ ချိုင်ရင်း ငါ့ကို စိတ်မပျက်စေနဲ့နော်”
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...