Unicode
မုန်းမာန်ဖွဲ့ရန်ငြိုးPart 128
အခန်း - ၁၀၂ အပိုင်း(၂)
ကျန်းရှင်းကျီနဲ့ ကျောက်မိသားစုက ကျန်းယွမ် စီနင်နန်းတော်ကို အပို့ခံလိုက်ရပြီး ကုသခံရတယ်ဆိုတဲ့ သတင်းကြားတော့ သူတို့က ခဏလောက် ကြောင်သွားကြတယ်။ မယ်တော်ယိတျာက ခပ်တန်းတန်းနေတာဖြစ်ပြီးတော့ ပုံမှန်ဆိုရင် လူတွေကု အထင်သေးတဲ့ အကြည့်နဲ့ ကြည့်ပြီးတော့ ဒီနေ့က သူမ ကျန်းယွမ်ကို ပထမဆုံးတွေ့တာ ဖြစ်တယ်။ ဒါပေမဲ့ အခု သူမက ကွဲပြားစွာ ပြုမူနေတယ်။ သူမက ကျန်းယွမ်ကို သူမကိုယ်တိုင် စီနင်နန်းတော်မှာ နေခိုင်းတာဖြစ်တယ်။ ဆိုလိုတာက သူမ ရင်ထဲမှာ ကျန်းယွမ်က သာမာန်အရာရှိရဲ့ သမီးတစ်ယောက်ပဲ မဟုတ်ဘူး။
ကျန်းချွမ်နဲ့ ရှယန်တို့ နှစ်ယောက်က အပြင်မှာ စောင့်နေကြတယ်။ ကျန်းစုစုက ကျန်းယွမ်သေတဲ့ သတင်းကို စောင့်နေပေမဲ့ မယ်တော်ယိတျယ်က ကျန်းယွမ်ကို ကုသဖို့ သမားတော် ခေါ်ခဲ့တယ်ဆိုတဲ့ သတင်းပဲကြားခဲ့တယ်။ ဒါက ရှားပါးတဲ့ ဂုဏ်သတင်းဆိုတာ ကြားလိုက်ရုံနဲ့ သိလို့ သူမက လက်သီးမဆုပ်ဘဲ မနေနိုင်ခဲ့ဘူး။ သူမရဲ့ မျက်ဝန်းထဲမှာ အမုန်းတရားက ဖြတ်သန်းသွားတယ်။
ကျန်းချွမ်ရဲ့ မျက်နှာထားက ရှုပ်ထွေးနေတယ်။ လက်ရှိမှာ ကျန်းယွမ်က မယ်တော်ယိတျယ်ကို ကယ်ခဲ့တဲ့ အတွက် ဂုဏ်သတင်းရပြီးတော့ အဲ့ဂုဏ်သတင်းက ကျန်းအိမ်တော်ကိုလည်း အကျိုးပြုမှာ ဖြစ်တယ်။ ဒါပေမဲ့ ဘာလို့ ကျန်းယွမ် ဖြစ်နေရတာလဲ။ အခုတလော ကျန်းယွမ်က ထူးခြားတဲ့ အပြုအမူတွေ ပြုမူနေပြီးတော့ ကျန်းစုစုရဲ့ ဂုဏ်သတင်းကို ဖုံးအုပ်စေတယ်။ ရင်ထဲမှာတော့ သူက ကျန်းယွမ်ကို သူ့ရဲ့ အသွေးအသားအဖြစ် တစ်ခါမှ မဆက်ဆံခဲ့ဖူးဘူး။ ဒီတော့ ကျန်းယွမ်က ပိုပြီးတော့ တောက်ပလေလေ သူမက ကျန်းစုစုရဲ့ တက်လမ်းကို အဟန့်အတားပိုဖြစ်လေလေဖြစ်ပြီးတော့ သူက ပိုမကျေနပ်လေလေပဲ။ အခုအတွက်တော့ ကျန်းယွမ်က ကျန်းစုစုထက် ခေါင်းတစ်လုံးစာ သာနေတာဆိုတာ သေချာနေတယ်။ သူက ကျန်းယွမ်ရဲ့ လက်မခံနိုင်တဲ့ အပြုအမူတွေအတွက် ကျန်းစုစု တစ်ခုခု လုပ်ချင်တယ်ဆိုရင် သေချာပေါက် ကူညီပေးမှာဖြစ်တယ်။
အကြံတွေ အများကြီး တွေးနေတုန်း ကျန်းချွမ်ရဲ့ မျက်နှာပေါ်မှာ စိတ်ပူတဲ့ အရိပ်အယောင် တစ်စက်ကလေးမှ မထွက်ပေါ်ဘူး။ အေးအေးဆေးဆေး မျက်နှာထားနဲ့ စိတ်ပျက်စရာပဲ။ သူက သတင်းလာပို့တဲ့ အဆင့်နိမ့် မိန်းမစိုးကို ပြောလိုက်တယ်။
“ဒီအရာရှိက မယ်တော်ယိတျယ်ရဲ့ လုပ်ရပ်အတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ သမီးက ရိုင်းစိုင်းပြီးတော့ ဒီကရုဏာကို မခံစားနိုင်လို့ပါ။ မိန်းမစိုး ကျေးဇူးပြုပြီး မယ်တော်ယိတျယ်ကို ဒီအရာရှိရဲ့ သမီးကို အိမ်တော်ကို ပြန်ခေါ်သွားဖို့ ခွင့်ပြုပေးဖို့ မေးပေးပါ။”
ကျန်းချွမ်ရဲ့ စကားတွေကို ကြားတော့ ရှယန်ရဲ့ မျက်ဝန်းတွေက ဂုဏ်ယူတဲ့ အရိပ်အေယာင်သန်းသွားတယ်။ ဒါပေမဲ့ အဆင့်နိမ့်မိန်းမစိုးက အံ့အားသင့်သွားတယ်။ ပုံမှန်ဆိုရင် သူတို့သမီး ဒဏ်ရာရခဲ့ရင် အဖေတစ်ယောက်ရဲ့ သဘဘာဝက ဒဏ်ရာအကြောင်းကို မေးတာဖြစ်ပေမဲ့ ဒီအဖေကတော့ သူ့သမီးကို အိမ်ပြန်ခေါ်ဖို့ အကြောင်းကို ပြောခဲ့တယ်။ အဆင့်နိမ့်မိန်းမစိုးကလည်း နန်းတွင်းထဲက ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ကြုံတွေ့ခဲ့ရတဲ့သူတစ်ယောက်မို့လို့ သူက တစ်ချက်ကြည့်လိုက်တာနဲ့ သူက အခြေအနေကို နားလည်လိုက်တယ်။ ကျန်းချွမ်ရဲ့ မျက်လုံးတွေက မကျေနပ်မှုတွေရှိနေပြီးတော့ နွေးထွေးမှု မရှိဘူး။ မယ်တော်ယိတျယ်ရဲ့ ကျန်းယွမ်အပေါ် အထူးဂရုစိုက်တာကို တွေးမိပြီးတော့ အဆင့်နိမ့်မိန်းမစိုးက ပြောလိုက်တယ်။
“ဒီအစေခံက ဒီစကားတွေကို မပြောရဲပါဘူး။ အကြီးဆုံးကျန်းသခင်မလေးက နန်းတွင်းထဲမှာ နန်းတွင်းသမားတော် ကုသတာခံနေရပြီးတော့ တကယ်လို့ လူကြီးမင်း သူမကို အိမ်တော် ပြန်ခေါ်သွားရင်တောင် ဒီလို ကျွမ်းကျင်တဲ့သမားတော်မျိုး ရှာမတွေ့မှာကို ကျွန်တော်စိုးရိမ်မိတယ်။ ဒါ့အပြင် ဒီအစေခံက ဒီကို သတင်းပဲ လာပို့တာပါ။ တကယ်လို့ ကျန်းလူကြီးမင်းက ပြောစရာ ရှိသေးရင် မယ်တော်ဆီကို ကိုယ်တိုင်သွားပြီးတော့ သူမကို ကိုယ်တိုင် ပြောသင့်ပါတယ်။”
သူရဲ့ ဖီဆန်တဲ့ သဘောထားက တမင်သက်သက် မဟုတ်ဘဲ ဖိနှိပ်ဖို့ပဲ ဖြစ်တယ်။ နန်းတွင်းထဲက အစေခံတွေက ဆန့်ကျင်လို့ မရဘူး၊ ပြီးတော့ ကျန်းချွမ်က နန်းတွင်းထဲမှာ ဖြောင့်မတ်ပြီး လေးစားဖွယ်ကောင်းတဲ့ သူအဖြစ်နဲ့ လူသိများတာဖြစ်တယ်။ ဒီတော့ သူ ရန်စခံရတုန်းမှာ သူ့မျက်နှာက နီရဲလာပေမဲ့ သူက ဘာမှမပြောနိုင်ဘူး။ အဆင့်နိမ့်မိန်းမစိုးက ရှယန်ကို အထင်သေးတဲ့အကြည့်နဲ့ ကြည့်ပြီးတော့ သူတို့ကို သူ့ရင်ထဲမှာ လှောင်လိုက်တယ်။ ကျန်းလင်မယားက ဒီလိုကြည်လင်တဲ့စိတ်ရှိတဲ့ ကျန်းယွမ်လို သခင်မလေးကို ဘယ်လိုများ မွေးခဲ့လဲဆိုတာကို သူ တကယ်ပဲ စိတ်ဝင်စားနေတယ်။
ကျန်းရှင်းကျီက ကျန်းယွမ်ရဲ့ ဒဏ်ရာကို ကိုယ်တိုင် မတွေ့ရတော့ သူမက နန်းတွင်းသမားတော်နဲ့ ကုသနေရတယ်ဆိုတာကို သိပေမဲ့ သူက စိုးရိမ်နေသေးတုန်းပဲ။ ကျန်းယွမ်က ဘာလို့ မယ်တော်ယိတျယ်အတွက် ဓားချက်ကို ကာပေးခဲ့လဲဆိုတာကို သူမသိဘူး။ သူ့ ရင်ထဲမှာ အပြစ်တင်နေသလို ခံစားရတယ်။ ဒါကိုပြောတာက ကြီးမားတဲ့ နိုင်ငံတော်သစ္စာဖောက်မှုဆိုတာ သူသိပေမဲ့ ဧကရာဇ်ရဲ့ အသက်က အန္တရာယ်ရှိနေရင်တောင် သူ ကျန်းယွမ်ကို မစွန့်စားစေချင်ဘူး။
အဆင့်နိမ့်မိန်းမစိုးက သတင်းပို့ပေးပြီးပြီဆိုတော့ သူက ထွက်သွားပြီဖြစ်တယ်။ သူ တံခါးပေါက်ဆီကို ထွက်လာတော့ ရှောင်ရှို့ကို တွေ့ပြီးတော့ အမြန် အရိုအသေ ပေးလိုက်တယ်။ ရှောင်ရှို့က လက်ခါပြပြီတော့ သူ့အင်္ကျီထဲက ကြွေပုလင်းအသေးလေးကို သူ့ဆီ ပစ်ပေးလိုက်တယ်။
“ယုဂျီဆီပုလင်း”
သူက ပြောလိုက်တယ်။
ယုဂျီဆီပုလင်းက ကောင်းတဲ့အရာဖြစ်ပြီးတော့ နန်းတွင်းထဲက ကိုယ်လုပ်တော်တွေတောင် သုံးနိုင်တာ ရှားတယ်။ ဒါ့ကြောင့် ဒီပုလင်းလေးက အရမ်းတန်ဖိုးရှိတယ်။ အဲဒါက အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေကိုတောင် ပျောက်စေနိုင်တယ်။ ရှောင်ရှို့က ဘယ်သူ့အတွက်လို့ မပြောပေမဲ့ အဆင့်နိမ့်မိန်းမစိုးက စီနင်နန်းတော်မှာ နားနေတဲ့ ကျန်းယွမ်အတွက်ဆိုတာ နားလည်တယ်။ သူ့ရင်ထဲမှာ ရှောင်ရှို့နဲ့ ကျန်းယွမ်ကြားက ဆက်ဆံရေးကို သံသယရှိပေမဲ့ သူက အပြုံးနဲ့ ပြန်ပြောလိုက်တယ်။
“စိတ်မပူပါနဲ့ လူကြီးမင်း။ ဒီအစေခံက သေချာပေါက် ဆောင်ရွက်ပေးပါ့မယ်။”
ရှောင်ရှို့က သူ့ကို ကြည့်လိုက်ပြီးတော့ လှည့်ထွက်သွားတယ်။
* * *
ကျန်းယွမ်က အဲ့နေ့ညမှာ ထူးထူးဆန်းဆန်း စီနင်နန်းတော်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်။
သူမ နိုးလာတော့ သူမကို လှပတဲ့ အစေခံနှစ်ယောက်က အင်္ကျီကူလဲပေးတယ်။ ကျန်းယွမ် လှုပ်လှုပ်ရှားရှား လုပ်ပေမဲ့ သူမရဲ့ ရင်ဘတ်က ဒဏ်ရာဆီကနေ ပြင်းထန်တဲ့ နာကျင်မှုကို မခံစားရဘူး။
နန်းတွင်းအစေခံက အပြုံးလေးနဲ့ ပြောလိုက်တယ်။
“သခင်မလေး နိုးလာပြီလား။ ဒဏ်ရာက သိပ်မနက်ပါဘူး။ အဲဒါက ပတ်တီးကောင်းကောင်း စည်းပေးနေသရွေ့ ကောင်းသွားမှာပါ။”
ပြီးတော့ သူမက တိုးတိုးလေး ပြောလိုက်တယ်။
“နန်းတွင်းသမားတော်က အမာရွတ်ကျန်ခဲ့မယ်လို့တော့ပြောတယ်။ ရှောင်လူကြီးမင်းက ယုဂျီဆီပုလင်း ပို့ခဲ့တာ ကံကောင်းတယ်။ ဒီတော့ အဲ့အတွက် စိုးရိမ်စရာ မလိုတော့ဘူး။ သခင်မလေး အမာရွတ်ကျန်ခဲ့မှာ မဟုတ်ပါဘူး။”
သူမရဲ့ လေသံမှာ အားကျမှု ပါဝင်နေတယ်။
ကျန်းယွမ်က သူမကို အံ့အားသင့်တဲ့အနေနဲ့ ကြည့်လိုက်တယ်။ ရှောင်ရှို့က သူမအတွက် ယုဂျီဆီပုလင်း ပို့ခဲ့တယ်တဲ့လား။ သူမက သူမရဲ့ နဖူးပေါ် လက်တင်လိုက်တယ်။ သူမ သူ့အပေါ်ကို ပိုပြီးတော့တောင် ကျေးဇူးကြွေးတင်လာပြီ။
သူမ ပြန်ဝင်စားကတည်းက သူမက တစ်ဖက်လူအပေါ်မှာ အခွင့်ကောင်းယူမိရင် သူမက ပြန်ပြီးတော့ ဆုချမှာဖြစ်တယ်။ ဉပမာအနေနဲ့ လျိုမင်ကို ထောက်ပံ့တာက အနာဂတ်မှာ အသုံးဝင်တဲ့ မဟာမိတ်အနေနဲ့ အသုံးချမှာကြောင့် ဖြစ်တယ်။ ကုရီရဲ့ အကူအညီကို အသုံးချတာကလည်း ကုရီရဲ့ အလှအပအပေါ်ကို မက်မောတာကို အကျိုးရှိရှိ အသုံးချလိုက်တာဖြစ်တယ်။ ဒါပေမဲ့ ရှောင်ရှို့က သူမကို အကြိမ်ပေါင်းများစွာ ကူညီခဲ့တယ်။ တကယ်လို့ အဲဒါက သူမကို ပြန်ပြီး ကျေးဇူးဆပ်တာ ဆိုရင်တောင် သူ သူမကို ကူညီခဲ့တာတွေက အပြည့်အဝ ကျေးဇူးဆပ်ပြီးနေပြီးသား ဖြစ်နေပြီဖြစ်တယ်။ သူမက ရှောင်ရှို့ရဲ့ အကူအညီကို ဘယ်လို ပြန်ပြီး ကျေးဇူးဆပ်ရမလဲဆိုတာကို မသိတော့ဘူးဖြစ်နေတယ်။
အဲ့အကြောင်းကို စဉ်းစားပြီးတော့ သူမက အဲ့ကိစ္စကို ဘေးဖယ်ထားလိုက်တယ်။ သူမက နန်းတွင်းအစေခံကို မေးလိုက်တယ်။
“မနေ့ညက ဘယ်သူတွေ ဒဏ်ရာရသေးလဲ။”
နန်းတွင်းအစေခံက နာမည်တွေ အများကြီး ရွတ်ပြသွားတယ်။ အဲ့ထဲမှာ သူမရဲ့ အသိတွေ မပါသွားလို့ ကျန်းယွမ် စိတ်သက်သာရာရသွားတယ်။ ပြီးတော့ နန်းတွင်းအစေခံက သူမသိတဲ့သူတစ်ယောက်နဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တစ်ခုကို ပြောခဲ့တယ်။ မနေ့ညက ကျန်းတန် ချောက်ချားစွာနဲ့ ကျိုးလန်ကျောင်းရဲ့ လက်မောင်းထဲကို ရောက်သွားခဲ့တယ်။ ကျိုးလန်ကျောင်းက ငယ်ရွယ်ပြီး ကတိတည်တယ်။ ကံမကောင်းစွာနဲ့ ကျန်းတန်ရဲ့ အဝတ်တွေက မနေ့ညက ဝရုန်းသုန်းကား အဖြစ်အပျက်ကြောင့် ပြဲသွားခဲ့ပြီး ကျိုးလန်ကျောင်းက လှပပြီး ကြော့ရှင်းတဲ့ မိန်းကလေးတစ်ယောက် ငိုနေတာကို မြင်တော့ အရမ်းသနားသွားတယ်။ ဒီတော့ သူက အဖြစ်အပျက်ပြီးတော့ သူမကို တာဝန်ယူဖို့ လက်ခံခဲ့တယ်။
နန်းတွင်းအစေခံက ပြောလိုက်တယ်။
“သခင်မလေးတို့ အိမ်တော်က လေးယောက်မြောက်သခင်မလေးရဲ့ လက်ထပ်ပွဲက ပြင်ပြီးနေလောက်ပြီ။”
ကျန်းယွမ် က မျက်ခုံးပင့်လိုက်တယ်။ သူမက သူရဲဘောကြောင်ပြီး ရှက်တတ်တဲ့ လေးယောက်မြောက် ညီမလေးကို ပြန်သတိရသွားတယ်။ သူမ မနေ့ညက အဖြစ်အပျက်ကြားမှာ ဒီလို လောင်းကြေးထပ်လိုက်တာက စဉ်းစားစရာပဲ။ တကယ်လို့ သူမ ဂရုမစိုက်ရင် သူမရဲ့ အသက်ကို ဆုံးရှုံးရမှာဖြစ်တယ်။ ဒါပေမဲ့ သူမ လုပ်ရဲပြီးတော့ သူမရဲ့ ကံကလည်း ကောင်းသွားတယ်။ သူမက လောင်းကြေး နိုင်သွားတာပဲ ဟုတ်တယ်မလား။
ကျန်းယွမ်က ငေးနေတာကို မြင်တော့ နန်းတွင်းအစေခံက ဆက်ပြောတယ်။
“လက်ထောက်ဗိုလ်ချုပ်ကျန်းက သခင်မလေးကို လာတွေ့ပါသေးတယ်။ ဒါပေမဲ့ သူက တက်ရောက်စရာ ကိစ္စတစ်ချို့ ရှိလို့ အမြန်ပြန်ထွက်သွားပါတယ်။ မယ်တော်ယိတျယ်က မကြာခင်မှာ ပြန်ရောက်လာပါတော့မယ်။ သခင်မလေး သတိမေ့နေတုန်းက လက်ထောက်ဗိုလ်ချုပ်နဲ့ မယ်တော်ယိတျယ်တို့က အရမ်းစိတ်ပူနေကြတာ။”
ကျန်းယွမ်က ခဏလောက် တွေးလိုက်တယ်။
“ကျွန်မရဲ့ အစ်ဖေ၊ အမေနဲ့ ညီမလေးတွေကရော။”
“မယ်တော်ယိတျယ်က သူတို့ကို သူတို့အိမ်တော်ကို အရင်ပြန်ခိုင်းလိုက်တယ်။”
နန်းတွင်းအစေခံက ဖြေလိုက်တယ်။
ကျန်းယွမ်က မျက်လုံးမှိတ်လိုက်တယ်။ မယ်တော်ယိတျယ်က ကျန်းချွမ်ကို အိမ်တော်ကို ပြန်ဖို့ မေးလိုက်တယ်။ ဒါက သူမ ကျန်းချွမ်ကို သဘောမကျဘူးလို့ ခံစားနေရပြီဆိုတာကို ဆိုလိုတာလား။ တကယ်လို့ ဒီလိုဆိုရင် အဲဒါ အရမ်းကောင်းတယ်။ သူမ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးတော့ နန်းတွင်းအစေခံကို အားနာတဲ့ပုံနဲ့ ပြောလိုက်တယ်။
“ကျွန်မ ဗိုက်နည်းနည်းဆာနေပြီ။”
“မနက်စာ အသင့်ဖြစ်ပါပြီ။ ဒီအစေခံက အခုပဲ ယူခဲ့ပါ့မယ်။”
နန်းတွင်းအစေခံက အပြုံးလေးနဲ့ ပြောလိုက်တယ်။
* * *
တော်ဝင်စာကြည့်ခန်းထဲမှာ ဧကရာဇ်က ရုတ်တရက် စားပွဲပေါ်က စာရွက်ဖိတဲ့ အတုံးကို ကြမ်းပြင်ပေါ်ကို လွှင့်ပစ်လိုက်တယ်။
“ဒီတော့ မနေ့ညက ထျန်ကျင်းရဲ့ လူတွေ လက်ချက်ပေါ့။”
ကွမ်လင်းဟန်နဲ့ ရှောင်ရှို့တို့က အဲ့တာအမှန်ပဲဆိုတာကို ပြောလိုက်ကြတယ်။
ထျန်ကျင်းနိုင်ငံက ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ရဲ့ မြောက်ဘက်မှာ ရှိပြီးတော့ အဲ့နိုင်ငံတော်ရဲ့ ပိုင်နက်က မကျယ်ဘူး။ အဲဒါက ပင်လယ်နဲ့ နီးတော့ ကုန်သွယ်မှုမှာ တော်တော်လေး တွင်ကျယ်တယ်။ ဒါ့အပြင် သူတို့က လက်ရှိမှာ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်နဲ့ မကျူးကျော်ဖို့ ထိန်းသိမ်းထားပြီးတော့ တစ်ကြိမ်တုန်းက ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်က အဲ့နိုင်ငံကိုတိုက်ခိုက် သိမ်းယူချင်ခဲ့တယ်။ ထျန်ကျင်းရဲ့ ပိုင်နက်က သေးငယ်ပေမဲ့ အဲ့နိုင်ငံရဲ့ သံရဉ်ကျိုတဲ့ နည်းပညာက ထူးချွန်ပြီးတော့ သူတို့ရဲ့ စစ်သားတွေရဲ့ လက်နက်တွေက ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ရဲ့ လက်နက်တွေထက် အများကြီးသာတယ်။ အရင်ဧကရာဇ်က ထျန်ကျင်းကို တိုက်ခိုက်ဖို့ တစ်ခါ ကြိုးစားခဲ့ပေမဲ့ နောက်ပိုင်းကျတော့ မမျှော်လင့်စွာနဲ့ ပြန်လည်ခုခံမှုကြောင့် ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်က စစ်သား၄၀၀၀၀၀ ကျဆုံးခဲ့ပြီးတော့ တစ်နှစ်လုံး စစ်ဖြစ်ခဲ့ရတယ်။ အဲ့အချိန်မှာ ကြီးမြတ်တဲ့ကျင်းနိုင်ငံတော်က တပ်တွေရဲ့ ထောက်ပံ့မှုတွေက လုံးဝ ကုန်ခန်းသွားပြီးတော့ ပြည်သူတွေက ကြီးမားတဲ့ အခွန်တွေကို ဆောင်ခဲ့ရတယ်။ အရင်ဧကရာဇ်က နောက်ဆုံးမှာ ဘယ်ဘက်မှ နိုင်မှာ မဟုတ်ဘူးဆိုတာကို သိသွားပြီးတော့ တပ်တွေကို ပြန်ဆုတ်ခိုင်းခဲ့တယ်။ အဲ့ကတည်းက သူတို့က သတိကြီးကြီးထားပြီးတော့ မကျူးကျော်တော့ဘဲ ငြိမ်းချမ်းမှုကို ရွေးချယ်ပြီးတော့ အတူယှဉ်တွဲနေထိုင်ခဲ့ကြတယ်။
ဒါပေမဲ့ မနေ့ညက ရှောင်ရှို့နဲ့ ကွမ်လင်းဟန်တို့ အကျဉ်းသားတွေကို နာရီပေါင်းများစွာ စစ်ဆေးမေးမြန်းခဲ့တယ်။ ဒီလုပ်ကြံသူအဖွဲ့က ခေါင်းမာပေမဲ့ သူတို့ရဲ့ စကားတွေက တစ်ခုခု ထူးဆန်းနေတာကို ဖော်ပြနေတယ်။ ရှောင်ရှို့က ကျန်းရီရဲမက်တွေကို စစ်ဆေးခိုင်းလိုက်တယ်။ ဒီလုပ်ကြံသူတွေက ထျန်ကျင်းကဆိုတာ သူရှာတွေ့သွားတယ်။
“ဒီလို နိုင်ငံသေးသေးလေးကများ အရမ်းစိတ်ကြီးဝင်ရဲတယ်ပေါ့။”
ဧကရာဇ်က အရမ်းဒေါသထွက်သွားတယ်။
မနေ့ညက လုပ်ကြံမှုက ဧကရာဇ်ကို ပစ်မှတ်ထားတာဖြစ်တယ်။ သူတို့က မအောင်မြင်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ နန်းတော်ထဲမှာ ကြုံရာကျပန်းလိုက်သတ်ကြတော့ပြီးတော့ အရာရှိတွေကို ကြောက်လန့်တကြား ဖြစ်စေခဲ့တယ်။ နန်းတော်ကို ဖျက်လိုဖျက်စီးလုပ်ခြင်းက ရန်စတဲ့ အပြုအမူကို ဆိုလိုတာဖြစ်တယ်။ ထျန်ကျင်းရဲ့ ရည်ရွယ်ချက်ဘာလဲ။ သူတို့က တကယ်ပဲ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်နဲ့ တကယ်ပဲ စစ်ဖြစ်ချင်နေတာလား။
“ထျန်ကျင်းက လွန်ခဲ့တဲ့ နှစ်တွေကတည်းက ဘောင်ကျော်ပြီး ပြဿနာတွေ ရှာလာခဲ့တာ။ အဲဒါက ဇာတိပြလာပြီနဲ့ တူတယ်။”
ရှောင်ရှို့က သူ့ကို သတိပေးလိုက်တယ်။
“ဒီလုပ်ကြံတဲ့ ကိစ္စက အချက်ပြမှုတစ်ခု ဖြစ်နိုင်တယ်။”
“စစ်ပွဲစဖို့ အချက်ပြတာလား။”
ကွမ်လင်းဟန်က မေးလိုက်တယ်။
“ငါကိုယ်တော် သူတို့ကို မကြောက်ဘူး။”
ဘယ်ဧကရာဇ်ကမှ ဒီလိူ ဗြောင်ကျတဲ့ ရန်စမှုမျိုးကို သည်းခံနိုင်မှာ မဟုတ်ဘူး။ ဧကရာဇ် ဂုဏ်သိက္ခာက နင်းခြေခံရလို့ မဖြစ်ဘူး။ ဒီလို နိုင်ငံလုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေဆိုရင် ညှိနှိုင်းဖို့ မပြောနဲ့။ ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်တယ်။
“ဗိုလ်ချုပ်ကွမ် မင်း တပ်တွေကို ဦးဆောင်ပြီး ထျန်ကျင်းကို ချီတက်ချင်လား။”
ကွမ်လင်းဟန်က ပြုံးလိုက်တယ်။
“ဝမ်းမြောက်ဝမ်းသာစွာနဲ့ ဆေင်ရွက်ပါ့မယ်။”
သူက ဒီစိတ်ပျက်စရာ မြို့တော်ထဲမှာ ဆက်မနေချင်တော့ဘူး။ ဒီအသေးအဖွဲ့ကိစ္စတွေကို ပုံကြီးချဲ့နေတဲ့ လူတွေကိုလည်း နေ့တိုင်း မတွေ့ချင်တော့ဘူး။ သူက ဒီနှစ် ရန်သူတွေကို ချေမှုန်းပြီး မြို့တော်ကို ပြန်ခဲ့ပေမဲ့ ဧကရာဇ်က ဒီနေရာမှာပဲ နေပြီး သူ့ကို အနားယူဖို့ ပြောတော့ သူ အရမ်းဝမ်းနည်းခဲ့တယ်။ စစ်သားတွေက တိုက်ပွဲတွေအတွက် မွေးဖွားခဲ့တာဖြစ်တယ်။ အထူးသဖြင့် ဝမ်လင်းဟန်လို လူမျိုးတွေပေါ့။ တိုက်ပွဲကွင်းပြင်မှာပဲ သူက သူ့ရဲ့ အကောင်းမွန်ဆုံး အရည်အချင်းတွေကို ပြသလို့ရတာဖြစ်တယ်။
ဧကရာဇ်က ခဏလောက် တွေးပြီးတော့
“မင်းရဲ့ လက်ထောက်ဗိုလ်ချုပ်ကိုလည်း မင်းနဲ့ အတူခေါ်သွား။ တကယ်လို့ သူက ဗိုလ်ချုပ်ဖြစ်ဖို့ ကံပါလာပြီးတော့ အောင်မြင်မှုနဲ့ အတူ ပြန်လာရင် ငါကိုယ်တော် သူ့ကို ထိုက်ထိုက်တန်တန် ဆုလာဘ်တွေ ချီးမြှင့်မယ်။”
ကွမ်လင်းဟန်ကို ကြည့်ရတာ တည်ကြည်လေးနက်နေတယ်။ ‘ဧကရာဇ်ရဲ့ စကားတွေက ကျန်းရှင်းကျီရဲ့ အရည်အချင်းကို ပြသဖို့ကို အခွင့်အရေးပေးထားတာပဲ။ ကျန်းရှင်းကျီက တော်ဝင်ကြင်ရာတော်ချန်ကို မကြာသေးခင်ကမှ အတိုက်အခံ လုပ်ထားလို့ ဧကရာဇ်က သူ့ကို မုန်းနေမယ်လို့ သူက ထင်ထားတာ။ ကျန်းရှင်းကျီနဲ့ သူ့ညီမက ပြန်ဆုံတာ မကြာသေးဘူး။ ဒါပေမဲ့ ကျန်းရှင်းကျီက ထပ်ပြီးတော့ စစ်မြေပြင်ကို သွားရဦးမယ်။ တကယ်လို့ သူက စစ်တပ်ကို ဦးဆောင်တဲ့နေရာမှာ ကျော်ကြားရင် ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်မှာ နောက်ထပ်လူငယ် သူရဲကောင်းတစ်ယောက် ထပ်ထွက်ပေါ်လာဦးမှာပဲ။ ဒါဆိုရင် ကျန်းရှင်းကျီက တကယ်ပဲ နန်းတွင်းထဲမှာ ခိုင်ခိုင်မာမာနဲ့ ခြေကုပ်ထားနိုင်တော့မှာပဲ။
အဲဒါက….. ဒီနှမရူး ရူးနေတဲ့ကောင်က ကျန်းယွမ်ကို ထားချင်ပါ့မလား။’
ဧကရာဇ်က ပြောလိုက်တယ်။
“မနေ့ည လုပ်ကြံသူတွေ အများကြီး ဝင်ရောက်ခဲ့တယ်။ တော်ဝင်ရဲမက်တွေ အကုန်သေနေကြတာလား။”
သူက ရှောင်ရှို့ကို ကြည့်လိုက်တယ်။
“အားရှို့ မင်းရဲ့ ကျင်းရီရဲမက်တွေကို ခေါ်လိုက်တော့။”
လုံးဝရှင်းပစ်ဖို့ အချိန်ကျပြီ။ ထျန်ကျင်းနနိုင်ငံတော်ရဲ့ လုပ်ကြံသူတွေက နန်းတော်ထဲကို အလွယ်တကူ ဝင်ရောက်ခဲ့တယ်။ ဆိုလိုတာက နန်းတွင်းထဲမှာ သူလျှိုတစ်ယောက် ရှိနေပြီဆိုတာပဲ။ အဲဒါက ဘယ်သူလဲဆိုတာကို သူတို့ မသိကြပေမဲ့ တစ်ကယ်လို့ အမြစ်မဖြတ်ရင် တစ်နေ့မှာ အဲဒါက ဧကရာဇ်ရဲ့ ရင်ထဲမှာ ဆိုးရွားတဲ့ အသားပိုတစ်ခု အဖြစ်နဲ့ ကြီးထွားလာမှာ ဖြစ်တယ်။
ရှောင်ရှို့က ခေါင်းညိတ်လိုက်တယ်။
“ကောင်းပါပြီ။”
ကွမ်လင်းဟန်က သူ့ရင်ထဲမှာ သက်ပြင်းချလိုက်တယ်။ နောက်ထပ်သွေးချောင်းစီး လူသတ်ပွဲက နန်းတွင်းထဲမှာ ဖြစ်ပျက်ခဲ့ပြီ။
သူတို့က ဧကရာဇ်နဲ့ ကိစ္စတွေ ဆွေးနွေးပြီးတော့ သူတို့ တော်ဝင်စာကြည့်ခန်းထဲကနေ ထွက်လာတော့ အပြင်မှာ မိန်းမလှလေးတစ်ယောက် မတ်တပ်ရပ်နေတာကို တွေ့လိုက်ရတယ်။ သူမက ရွှေရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီးတော့ ကျက်သရေရှိနေတယ်။ သူမရဲ့ လှပတဲ့ မျက်နှာက စေ့စေ့စပ်စပ် ထွင်းထားသလိုပဲ။ သူမက ဆွဲဆောင်မှုရှိတဲ့ လေထုနဲ့ ရစ်ပတ်နေတယ်။ သူမက ဖြည်းဖြည်းချင်း ရှောင်ရှို့နားလာပြီးတော့ ပြုံးပြီး ပြောလိုက်တယ်။
“ရှောင်လူကြီးမင်း”
အဲဒါက မင်းသမီးဟဲရီပဲ။
ကွမ်လင်းဟန်က ရှောင်ရှို့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီးတော့ ထွက်သွားတယ်။
ရှောင်ရှို့က မင်းသမီးဟဲရီကို ဂရုမစိုက်စွာ ကြည့်လိုက်တယ်။ သူ့ရဲ့ အကြည့်ထဲမှာ နွေးထွေးမှု မရှိဘူး။ သူမရဲ့ နှလုံးသားက သူ့ရဲ့ တည်ငြိမ်ပြီး ဂရုမစိုက်တဲ့ အကြည့်တွေကြောင့် တလှပ်လှပ်ဖြစ်သွားပြီးတော့ နည်းနည်း ရှက်သွားတယ်။ ဒါပေမဲ့ သူမက မနေ့က ဘာဖြစ်ခဲ့တယ်ဆိုတာကို ပြန်တွေးမိတော့ သူမရဲ့ မကျေနပ်မှုတွေက သူမရဲ့ မျက်ဝန်းထဲမှာ ပြန်ပေါ်လာတယ်။ သူမက ရှောင်ရှို့ရဲ့ ခန့်ညားပြီး တည်ငြိမ်တဲ့ မျက်နှာကို ကြည့်လိုက်ပြီး မေးလိုက်တယ်။
“ရှောင်လူကြီးမင်းနဲ့ အကြီးဆုံးကျန်းသခင်မလေးကြားက ဆက်ဆံရေးက ဘာများလဲ။”
ဒီနားမလည်နိုင်တဲ့ မေးခွန်းက ရှောင်ရှို့ကို သူမရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ခေါင်းခြောက်စေတယ်။ မျက်မှောင်ကြုတ်လိုက်ရင်း သူက သူမကို တည်ငြိမ်စွာနဲ့ မေးလိုက်တယ်။
“ဒါက မင်းသမီးနဲ့ ဘာများဆိုင်လို့လဲ မသိဘူး။”
မင်းသမီးဟဲရီရဲ့ မျက်ဝန်းတွေက နီရဲလာပြီး သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက သူ့ရဲ့ အဖက်မလုပ်တဲ့ စကားတွေကြောင့် ကျောချမ်းသွားတယ်။ သူမက ဝမ်းနည်းစွာနဲ့ ဖြေလိုက်တယ်။
“ကျွန်မ ရှင့်ကို သဘောကျတယ်ဆိုတာ ရှင်ကောင်းကောင်းသိပါတယ်။”
“မင်းသမီး စကားကို ဆင်ဆင်ခြင်ခြင် ပြောပါ။”
ရှောင်ရှို့ရဲ့ အကြည့်တွေက ရုတ်တရက် အေးစက်လာတယ်။
“ကျွန်တော့်မှာ မင်းသမီးနဲ့ ပတ်သက်ပြီး ဘာအတွေးမှ မရှိပါဘူး။”
“ကျန်းယွမ်ကရော။”
မင်းသမီးဟဲရီက ခက်ထန်စွာ မမေးဘဲ မနေနိုင်ခဲ့ဘူး။
“နင် သူ့ကို သဘောကျလား။”
ရှောင်ရှို့က သူမရဲ့ စကားတွေကို နားမလည်သလို မျက်မှောင်ကြုတ်လိုက်တယ်။ ဒါပေမဲ့ အဲ့အချိန်မှာ ဘာဖိအားပေးတဲ့ ကိစ္စမှ မရှိလို့ သူက မင်းသမီးဟဲရီကို တည်ငြိမ်တဲ့အကြည့် ပေးပြီးတော့ လှည့်ထွက်သွားတယ်။ ဒီလို အပြုအမူက မင်းသမီးဟဲရီရဲ့ မျက်လုံးထဲမှာ မြင်ရတာ အသားကျနေပြီဖြစ်တယ်။ ခဏလောက် ထိတ်လန့်သွားပြီးတော့ သူမ သူမရဲ့ မျက်နှာကို ကာလိုက်တယ်။ မျက်ဝန်းမှာ မျက်ရည်တွေက ဆို့လာတယ်။
* * *
ကျန်းယွမ် မနက်စာစားပြီးတော့ မယ်တော်ယိတျယ်က စီနင်နန်းတော်ထဲကို ပြန်ရောက်လာတယ်။ သူမ မနက်စာစားနေတာကို မြင်တော့ မယ်တော်က မေးတယ်။
“မင်း သက်သာလာပြီလား။”
ကျန်းယွမ်က ပြုံးပြလိုက်တယ်။
“မယ်တော်ယိတျယ်ကို ပြန်ဖြေရရင် ကျွန်တော်မျိုးမ တော်တော်သက်သာလာပါတယ်။”
မယ်တော်ယိတျယ်က သူမကို ခေါင်းကနေ ခြေအဆုံးကြည့်ပြီးတော့ သူမက မနေ့ကထက် ပိုပြီး အခြေအနေကောင်းလာတာကို တွေ့လိုက်ရတယ်။ စိတ်သက်သာရာရပြီးတော့ သူမ ခုံပေါ်မှာ ထိုင်လိုက်တယ်။ သူမရဲ့ အစေခံက သူမကို လက်ဖက်ရည်တစ်ခွက် လာတိုက်တယ်။ မယ်တော်ယိတျယ်က လက်ဖက်ရည် တစ်ဂွတ်သောက်လိုက်ပြီးတော့ ကျန်းယွမ်ကို တိတ်ဆိတ်စွာကြည့်နေတယ်။
သူမရှေ့က ကောင်မလေးက လိမ်မာပြီး အပြစ်ကင်းတယ်။ သူမက ဆွဲဆောင်မှုရှိတဲ့ ပုံရှိပေမဲ့ သူမရဲ့ မျက်ဝန်းတွေက ကြည်လင်ပြီးတော့ ညစ်ညမ်းမှု မရှိဘူး။ သူမနဲ့ ပတ်သက်ပြီး ရှားပါးတဲ့အရာက သဘောကျမှု ဒါမှမဟုတ် အရှက်ရစေတာမျိုး မပါဘဲ တည်ငြိမ်စွာနဲ့ ဂရုမစိုက်မှုပဲ။ အဲဒါက သူမရဲ့ လှပမှုထဲက သိမ်မွေ့မှုကို ဖယ်ထုတ်ပြီးတော့ ဣန္ဒြေရရနဲ့ မြင့်မြတ်စေတယ်။
သူမက မေးလိုက်တယ်။
“ကျန်းချွမ်က မင်းကို ကောင်းကောင်း မဆက်ဆံဘူးလား။”
ကျန်းယွမ်က ဒီမေးခွန်းက အံ့အားသင့်နေပုံပေါ်တယ်။ သူမက ခဏလောက် စဉ်းစားပြီးတော့ အပြုံးလေးနဲ့ ဖြေလိုက်တယ်။
“အရမ်းကြီးတော့ ဂရုမစိုက်ပါဘူး။ ကျွန်တော်မျိုးမက ကျေးလက်မှာ ကြီးပြင်းခဲ့တော့ ငယ်ငယ်ကတည်းက အဖေနဲ့ အရမ်းမရင်းနှီးခဲ့ပါဘူး။”
သူမက အမြဲတမ်း အတွန့်တပက်နေတာ မဟုတ်သလို ကျန်းချွမ်ကလည်း သူမကို ကောင်းကောင်း မဆက်ဆံဘူး။ အဲ့အစား သူမက အမှန်ကို ပြောပြီးတော့ သူမရဲ့ စကားတွေကို သုံးပြီး ကျန်းချွမ်ကို အမှန်ကို လက်ခံနိုင်အောင် လုပ်မှာဖြစ်တယ်။ သူမရဲ့ စကားက အရမ်းသင့်တော်တယ်။
မယ်တော်ယိတျယ်ရဲ့ နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာတယ်။
“ဆက်ဆံရေးက အရမ်း မနီးကပ်တော့ ခွဲခွာမှု အပေါ်မှာ ဝမ်းနည်းမှာ မဟုတ်ဘူးမလား။”
ကျန်းယွမ်က လန့်သွားပြီး မယ်တော်ယိတျယ်ကို သံသယရှိစွာ ကြည့်လိုက်တယ်။
မယ်တော်ယိတျယ်က သူမ လက်သည်းထိပ်ကို ကြည့်လိုက်တယ်။
“ကျန်းမိသားစုရဲ့ ကလေး ငါ တော်ဝင်ဂူဗိမာန်နားက တော်ဝင်ဘိုးဘေးဘုရားကျောင်းတော်မှာ သုံးနှစ် သွားနေမှာ။ မင်း ငါနဲ့ လိုက်ခဲ့ချင်လား။”
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...