Part 111 (1)

2.3K 188 1
                                    

Unicode

မုန်းမာန်ဖွဲ့ရန်ငြိုး

Part 145

အခန်း - ၁၁၁ အပိုင်း(၁)

ကျန်းနန်တော်ကို နှင်းတွေနဲ့ ဖုံးလွှမ်းထားတယ်။ တောင်က မြင့်မားပြီးတော့ တောင်ကြားကလည်း နက်တယ်။ နွေရာသီရောက်နေပြီဖြစ်ပေမဲ့ ရေခဲတွေက စပြီး အရည်ပျော်ကာစပဲ ရှိသေးတယ်။ ရေနဲ့ ကျိုးပဲ့နေတဲ့ ရေခဲတွေ ပေါင်းပြီးတော့ တောင်အောက်ကို စမ်းချောင်းတစ်ခု ဖြည်းညင်းစွာ စီးဆင်းနေပြီးတော့ တောက်ပတဲ့ ရောင်စုံကျောက်စရစ်ခဲလေးတွေကို ကမ်းပါးဘေးမှာ တင်စေတယ်။ ထင်းရှုးပင်တွေကို တလက်လက်တောက်နေတဲ့ ရေခဲတွေက ဖုံးနေတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ မြင်ကွင်းက မြောက်ပိုင်းကို ရောက်သွားသလိုပဲ။
ရှောင်ရှို့က တောင်ခြေက ဇီးပွင့်တွေကို ဖြတ်ကျော်ခဲ့ပြီးတော့ တောင်ထိပ်မှာ ဆောက်ထားတဲ့ လုယန်ခြံဝန်ကြီးဆီကို ဦးတည်သွားနေတယ်။
အဲ့အခင်းအကျင်းက ဆရာကျီကိုယ်တိုင် ချထားတာဖြစ်တယ်။ အဲ့မှာ ပတ်လမ်းရှစ်ခုရှိပြီးတော့ တောင်ခြေကနေ တောင်ထိပ်ဆီကို ခင်းကျင်းထားတာဖြစ်တယ်။ သူ့ရဲ့ တပည့်တွေကလွဲပြီး အပြင်လူတွေက အဲ့ပုံစံကို မချိုးနိုင်ဘူး။ ရှောင်ရှို့က ဒီကို အကြိမ်ရေပေါင်းများစွာ ရောက်ခဲ့ပြီးပြီဖြစ်ပြီးတော့ လမ်းနဲ့ ရင်းနှီးနေပြီဖြစ်တယ်။ သူက လုယန်ခြံအပြင်ကို ရောက်လာတာနဲ့ တံခါးဝက ကြီးမားတဲ့ အစိမ်းရောင်ကြက်တူရွေးက တောင်ပံတွေကို ခတ်ပြီးတော့ စတင်အော်တော့တယ်။
“တစ်ယောက်ယောက်လာနေပြီ။ တစ်ယောက်ယောက်လာနေပြီ။”
ကျန်းနန်တောင်ပေါ်က မြင်ကွင်းနဲ့ မတူဘဲ လုယန်ခြံက ငှက်တွေ ပန်းပင်တွေနဲ့ ပြည့်နှက်နေတယ်။ နွေဦးကလိုပဲ ပန်းမျိုးစုံက ဖူးပွင့်နေတယ်။ ရှောင်ရှို့က ဝင်လာတယ်။ ကြီးမားတဲ့ခြံက အရမ်းလက်ရာမြောက်စွာနဲ့ အသစ်ပြုပြင်ထားတာဖြစ်ပေမဲ့ အဲ့အချိန်မှာ ဘယ်သူကမှ ရှိနေပုံမပေါ်ဘူး။ ခဏကြာပြီးတော့ ခြံထဲကနေ အသံနက်ကြီးတစ်ခု ထွက်ပေါ်လာတယ်။
“အာရှောင်လား။”
အဲ့အသံက ခေါင်းလောင်းသံလိုပဲ ချိုသာငြိမ့်ညောင်းပြီးတော့ သူ့နားထဲကို ရောက်လာတယ်။ ဒါပေမဲ့ သူ ပိုပြီးဂရုတစိုက် ပိုနားထောင်လေလေ အသံက အဝေးကနေ လာသလို ပိုမသဲမကွဲနဲ့ ဝေဝါးလာတယ်။ ရှောင်ရှို့က ခြံထဲကို ဝင်သွားလိုက်တယ်။ သစ်တော်ပင်အောက်မှာ မှုတ်ဆိတ်ဖြူနဲ့ မီးခိုးရောင်ဝတ်စုံ ဝင်ဆင်ထားတဲ့ အဘိုးအိုက စစ်တုရင် စားပွဲရှေ့မှာ ထိုင်နေပြီးတော့ သူ့လက်ထဲမှာ စစ်တုရင် အပိုင်းအစတွေကို ကိုင်ထားတယ်။
“ဆရာ”
ရှောင်ရှို့က သူ့ဆီကို သွားလိုက်တယ်။
မီးခိုးရောင်ဝတ်စုံနဲ့ အဘိုးအိုက ဆရာပကျီဖြစ်ပြီးတော့ အခု သူက အသက်ခုနစ်ဆယ်ထဲမှာ ဖြစ်တယ်။ သူ့ရဲ့ အသွင်အပြင်က ထက်မြက်တဲ့ ပညာရှိပုံစံဖြစ်ပြီးတော့ အမြော်အမြင်ရှိတဲ့ အကြည့်တွေနဲ့ဖြစ်တယ်။ ခေါင်းမမော့ဘဲ သူက သူ့ရှေ့က စစ်တုရင်ဂိမ်းကို လေ့လာနေတယ်။
“မင်း တောင်ပိုင်းရှင်းကျန်းကနေ ပြန်လာပြီလား။”
“ဟုတ်ပါတယ်။”
ရှောင်ရှို့က ဖြေလိုက်တယ်။ တောင်ပိုင်ရှင်းကျန်းကနေ ပြန်လာပြီးတော့ သူက ကိစ္စတွေ အမျိုးမျိုးနဲ့ အလုပ်ရှုပ်နေတော့ ဆရာပကျီကလည်း လူသူဝေးမှာ ရောက်နေတယ်။ ဒါပေမဲ့ အခု သူက ကျန်းနန်တောင်ကိုလာဖို့ အခွင့်အရေးကို ရှာတွေ့သွားပြီဖြစ်ပြီးတော့ ဆရာပကျီကလည်း လူသူဝေးရာကနေ ပြန်လာပြီဖြစ်တယ်။
ဆရာပကျီက စစ်တုရင်သေတ္တာကို ချလိုက်ပြီးတော့ ခေါင်းမော့လိုက်တယ်။ ဆရာပကျီက တပည့်ပေါင်းရှစ်ယောက်ကို လက်ခံခဲ့ပြီးတော့ ရှောင်ရှို့က သူတို့ထဲမှာ သုံးယောက်မြောက်ဖြစ်တယ်။ အဲ့အချိန်တုန်းက ရှောင်ရှို့က တောင်ကုန်းပေါ်ကို အရင်ရောက်ခဲ့ပြီးတော့ သူက တစ်ယောက်တည်း နေတတ်ပြီး စကားနည်းတဲ့ ဆယ်ကျော်သက်ကောင်လေးဖြစ်တယ်။ သူက ကွမ်လင်းဟန်နဲ့ အတူလာခဲ့တာဖြစ်တယ်။ ကွမ်လင်းဟန်က တိုက်ပွဲပုံစံတွေကို လေ့လာခဲ့ချိန်မှာ ရှောင်ရှို့က ကျိဟောင်ရဲ့ အပြန်အလှန် ဆွေးနွေးခြင်းကို လေ့လာခဲ့တယ်။ ဒါပေမဲ့ နှစ်အနည်းငယ်အတွင်းမှာ အရင်ကျင်းရင်းဝမ်နဲ့ သူ့ဇနီးက ကံခေမှုနဲ့ ကြုံတွေ့ခဲ့ရပြီးတော့ ရှောင်ရှို့က ပိုပြီးအထီးကျန်လာတယ်။ သူက ဆရာပကျီကို သူ့ကို ဆေးပညာသင်ပေးတာ ရပ်ဖို့ စတောင်းဆိုခဲ့ပြီးတော့ အဲ့ကနေစပြီး လုပ်ကြံခြင်းပညာရပ်တွေကိုပဲ သင်ခဲ့တော့တယ်။
ရှောင်ရှို့က အရမ်းအရည်အချင်းရှိတယ်။ သူက ကိုယ်ခံပညာကို လေ့ကျင့်ဖို့အတွက် လိုလားခဲ့ပြီးတော့ လူတွေကို သတ်ဖို့က သူ့အတွက် အရမ်းလွယ်ပုံပေါ်တယ်။ သူ လေ့လာပြီးတော့ သူ့ရဲ့ တောင်အောက်ကို ပြန်တဲ့ ပထမနှစ်မှာတင် သူက တောင်ပိုင်းရှင်းကျန်းကို တစ်ယောက်တည်း ထိုးဖောက်ဝင်ရောက်ခဲ့ပြီးတော့ အဲ့တုန်းက တောင်ပိုင်းရှင်းကျန်းရဲ့ ခေါင်းဆောင်ကို ခေါင်းဖြတ်ခဲ့တယ်။ သူက အေးစက်ပြီး ကြောက်ရွံ့မှုကင်းမဲ့တယ်။ သူက လက်ထဲက ဓားတစ်ချောင်းတည်းနဲ့ ဘာကိုမှ စိတ်မပူဘဲ သတ်ခဲ့တာဖြစ်တယ်။ ကမ္ဘာပေါ်မှာ လုပ်ကြံသူဖြစ်ဖို့ ရှောင်ရှို့ထက် ပိုပြီးတော့ သင့်တော်တဲ့သူ မရှိဘူး။ ဒါပေမဲ့ ဆရာပကျီက ပြောခဲ့တယ်။
“အားရှို့ မင်းက ကမ္ဘာပေါ်က အကောင်းဆုံးလုပ်ကြံသူဖြစ်ဖို့ မဟုတ်ဘူး။”
ရှောင်ရှို့က မေးခဲ့တယ်။
“ဘာလို့လဲ။”
ဆရာပကျီက ပြန်ပြောလိုက်တယ်။
“ဘာလို့လဲဆိုတော့ မင်းက လုံလုံလောက်လောက် သွေးအေးအေးနဲ့ မရက်စက်လို့ပဲ။”
ရှောင်ရှို့က ဂရုအစိုက်တတ်ဆုံးလူတစ်ယောက်ဖြစ်တယ်။ ဆရာပကျီက တပည့်ရှစ်ယောက်တည်းကမှ ရှောင်ရှို့က အေးစက်တယ်လို့ ထင်ရပေမဲ့ သူက သူတို့ကို အစောင့်ရှောက်ဆုံးတစ်ယောက် ဖြစ်တယ်ဆိုတာကို ထင်ထင်ရှားရှား မြင်နိုင်တယ်။ ဖြောင့်မတ်တဲ့သူတစ်ယောက်က လူသတ်သမားတစ်ယောက် မဖြစ်ရဘူး။ ရှောင်ရှို့က သူတို့ထဲက တစ်ယောက်မဖြစ်သင့်ဘူး။
ဆရာပကျီက ရှောင်ရှို့ကို ခဏလောက်ကြည့်ပြီးတော့ ရုတ်တရက်မေးလိုက်တယ်။
“အာရှို့ မင်း ဒီနှစ်တွေမှာ ထူးခြားတဲ့ သူတစ်ယောက်ယောက်ကို ဆုံခဲ့လား။”
ရှောင်ရှို့ လွန်ခဲ့တဲ့သုံးနှစ်က မြို့တော်ကနေ ထွက်သွားတဲ့အချိန်တုန်းက ဆရာပကျီက လူသူဝေးရာမှာ နေနေတာဖြစ်လို့ သူက သူ့ဆရာကို နှုတ်ဆက်စကား မပြောနိုင်ခဲ့ဘူး။ ဆရာပြောတော့မှပဲ ဆရာတပည့်နှစ်ယောက်က မတွေ့ရတာ သုံးနှစ်တောင် ကြာပြီဖြစ်တယ်။
ရှောင်ရှို့က ခဏလောက် စဉ်းစားလိုက်တယ်။
“မတွေ့သေးဘူး။”
“သေသေချာချာ ပြန်စဉ်းစားကြည့်ပါဦး။”
ဆရာပကျီက ထပ်မေးတယ်။
ရှောင်ရှို့ မျက်မှောင်ကြုတ်လိုက်တယ်။ ‘ထူးခြားတယ်’ ဆိုတဲ့စကားလုံးက သူ့ဘဝမှာ မရှိဘူး။ သူက လွန်ခဲ့တဲ့သုံးနှစ်အတွင်း မရေမတွက်နိုင်တဲ့သူတွေကို တွေ့ခဲ့ပြီးတော့ ဆရာပကျီ ပြောတဲ့သူက ဘယ်သူမှန်း သူမသိဘူး။
“ဆရာ ဆရာ ဘာပြောချင်တာလဲ။”
ရှောင်ရှို့က မေးလိုက်တယ်။
ဆရာပကျီက သူ့ရဲ့ မှုတ်ဆိတ်ဖြူရှည်ကြီးကို သပ်လိုက်တယ်။
“လွန်ခဲ့တဲ့သုံးနှစ်က လူသူဝေးရာကို မသွားခင် ငါ မင်းအတွက် နက္ခတွက်ပေးခဲ့တယ်။ မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့သူက ပေါ်နေပြီးလောက်ပြီ။”
“အဲ့လူက ဘယ်သူလဲ။”
ရှောင်ရှို့က မေးလိုက်တယ်။
“ဒီလူက ဒီကို ကလဲ့စားချေဖို့ လာတာဖြစ်ပြီးတော့ သံသရာစက်ဝိုင်းမှာ ဒီလိုမျိုးနဲ့ သွေးကြွေးပြန်ဆပ်နေတာ။ ရှင်တဲ့သူတွေက သေပြီးတော့ သေတဲ့သူတွေက ပြန်ရှင်လာလိမ့်မယ်။ သူမက ကမ္ဘာပေါ်မှာ ဖြစ်ပျက်တဲ့ အရာတွေ အကုန်လုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။ ကံကြမ္မာက သူမကြောင့် ပြောင်းလဲမှာ ဖြစ်တယ်။ အဲဒါက ကောင်းချီးလား ဒါမှမဟုတ် ကျိန်စာလားဆိုတာတော့ ငါမသိဘူး။”
ရှောင်ရှို့ တိတ်ဆိတ်သွားတယ်။ ဆရာပကျီရဲ့ စကားတွေက သူ့အတွက် နားလည်ဖို့အတွက် အရမ်းမရေမရာ ဖြစ်လွန်းတယ်။ ခဏလောက် စဉ်းစားပြီးတော့ သူက ပြောခဲ့တယ်။
“ဒါက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ။”
ဆရာပကျီက စဉ်းစားနေပုံပေါ်တယ်။
“မင်းနဲ့ သူမရဲ့ အသက်က ရောယှက်နေတယ်။ အစနဲ့ အဆုံးက အကြောင်းနဲ့ အကျိုးတို့ရဲ့ ဆက်စပ်မှုကြောင့်ပဲဖြစ်တယ်။ သူမကြောင့် မင်းက အထီးကျန်တဲ့ဘဝကနေ လွတ်မှာဖြစ်တယ်။ ဒါပေမဲ့ ဧကရာဇ်ဖြစ်လာဖို့ ကံကြမ္မာက ကျိဝေဧကရာဇ်ကြယ်က ကောင်းကင်ကနေ ကြွေကျလာပြီဖြစ်တယ်။ မင်း သူမကြောင့် ဧကရာဇ်ဖြစ်ရမယ့် ကံကြမ္မာကို ဆုံးရှုံးရလိမ့်မယ်။”
တကယ်လို့ သူတို့ ပြောနေတာက ပြန့်သွားမယ်ဆိုရင် သူက ချက်ချင်းပဲ ခေါင်းဖြတ်ခံရမှာဖြစ်တယ်။ ဒါပေမဲ့ လုယန်ခြံထဲမှာ ဘယ်သူမှ မရှိခဲ့ဘူး။ ဒါ့ကြောင့် ဆရာပကျီက အေးအေးဆေးဆေးနဲ့ပြောနေတာ ဖြစ်ပြီး ရှောင်ရှို့ကလည်း စိတ်ပါလက်ပါ နားထောင်နေတယ်။
“ကျွန်တော် နားလည်ပါတယ်။”
ရှောင်ရှို့က ပြန်ဖြေလိုက်တယ်။ ဧကရာဇ်ဖြစ်ဖို့က သူ့အတွက် အချည်းနှီးပဲ ဖြစ်တယ်။ ပြီးတော့ သူက အဲ့နေရာကို ဘယ်တုန်းကမှ မလိုချင်ခဲ့ဘူး။ ဒီတော့ သူ့ရဲ့ မျက်နှာထားက ဆရာပကျီ ပြောပြီးတဲ့အချိန်မှာ နည်းနည်းလေးတောင် မပြောင်းလဲခဲ့ဘူး။
ဆရာပကျီက သက်ပြင်းချလိုက်တယ်။
“သူမက ထွက်ပေါ်လာပြီးပြီ။”
ရှောင်ရှို့က နည်းနည်း မျက်မှောင်ကြုတ်လိုက်တယ်။ ဒါပေမဲ့ ဆရာပကျီက ဟောကိန်းကို တစ်ခါမှ သေသေချာချာ ရှင်းမပြဖူးဘူး။ လျှို့ဝှက်ဆန်းကြယ်မှုတွေက ဖော်ပြလို့မရဘူး။ လျှို့ဝှက်ချက်တွေ အများကြီးကို သိတဲ့သူတွေက ကောင်းကင်ဘုံက ဒဏ်ခတ်တာကို ခံရမှာလို့ လူသိများတယ်။
ဆရာပကျီက ဆက်ပြောတယ်။
“ဟောကိန်းအရဆိုရင် ငါ သူမကို တွေ့ရဖို့ အခွင့်အရေးရှိတယ်။ ငါသူမကို တွေ့ခဲ့ရင် ဒီလူရဲ့ အတိတ်ဘဝရဲ့ အကြောင်းနဲ့အကျိုးကြောင့် သူမရဲ့ အတိတ်ဘဝက ပြန်ပြီးဖြစ်တည်လာလိမ့်မယ်။”
တစ်ခုခုပြောဖို့ ကျန်နေသေးသလိုပဲ သူက ခဏရပ်လိုက်ပေမဲ့ ဘာမှထပ်မပြောခဲ့ဘဲ ရှောင်ရှို့ကိုပဲ ကြည့်လိုက်တယ်။
“တောင်ပိုင်းရှင်းကျန်းရဲ့ ကုအဆိပ်က အရမ်းပြင်းတယ်။ မင်း အဆိပ်မိခဲ့သေးလား။”
“မမိပါဘူး။”
ရှောင်ရှို့က ပြောတယ်။
“ကျွန်တော့်မှာ ဆရာ့ရဲ့ ဖြေဆေးရှိသေးတယ်။”
အဲ့အချိန်တုန်းက ရှောင်ရှို့က လုပ်ကြံသတ်ဖြတ်ဖို့ကို သင်ယူနေချိန်ဖြစ်ပြီး ကျိဟောင်ရဲ့ အပြန်အလှန် ဆွေးနွေးခြင်းကို လျစ်လျူရှုထားခဲ့တယ်။ ဆရာပကျီက သူကိုယ်တိုင် ငြင်းခဲ့ပြီးတော့ သူ့ကို သူ့ရဲ့ အရည်အချင်းတွေကို မဖြုန်းတီးဖို့ သင်ပေးခဲ့တယ်။ ရှေးခေတ်ကတည်းက ဘယ်လုပ်ကြံသူကမှ ဆေးပညာကို မသင်ယူခဲ့ဘူး။ ဘယ်သူကမှ လုပ်ကြံသူတွေ လူတွေကို ဘယ်လိုကယ်တင်လဲဆိုတာကို မကြားဖူးကြဘူး။ အခုတလော သူ့ရဲ့ တာဝန်တွေက အန္တရာယ်ရှိပြီးတော့ သူက အမြဲတမ်း မရေရာမှုတွေကို ရင်ဆိုင်နေရပြီးတော့ စွန့်စားနေရတာဖြစ်တယ်။ ဆေးပညာတတ်မြောက်တာက သူ့ရဲ့ ခရီးတွေမှာ အဆင်ပြေချောမွေ့စေတယ်။
ဆရာပကျီက ပြုံးလိုက်တယ်။
“စောသေးတယ်။ မင်းလည်း ဒီမှာ ရှိနေတာဆိုတော့ တစ်ပွဲလောက် ကစားရအောင်။”
သူ့အင်္ကျီလက်ကို ညင်သာစွာ မလိုက်ပြီးတော့ စစ်တုရင်ခုံပေါ်ကို စစ်တုရင်ရုပ်လေးတွေက သေသပ်စွာနဲ့ ပျံသန်းသွားတယ်။ တစ်ရုပ်မှ ပြုတ်မကျခဲ့ဘူး။
ဆရာပကျီက အဖြူရောင်အရုပ်ကို ယူပြီးတော့ ရှောင်ရှို့က အနက်ရောင်အရုပ်ကို ယူခဲ့တယ်။ သူတို့က တစ်ချိန်တည်းမှာပဲ အရုပ်တွေကို ချလိုက်တယ်။
“ငါ မင်းကို အရင်က သတိပေးခဲ့တယ်။ အခွင့်အရေးကို အရယူပါ။”
ဆရာပကျီရဲ့ အသံက အဝေးကနေ ထွက်ပေါ်လာတယ်။
* * *
နေွရာသီရဲ့ နေ့လည်ခင်းမှာ ပုစဉ်းရင်ကွဲတွေရဲ့ အော်သံက အရမ်းဆူညံနေလို့ လူတွေက ကောင်းကောင်းမနားနိုင် ဖြစ်နေတယ်။ တတိယတန်းစားအစေခံတွေ တော်တော်များများက ခြံထဲက သစ်ပင်တွေပေါ်တက်ပြီးတော့ သူတို့ကို ဖမ်းနေကြတယ်။ တစ်ညလောက် ရေခဲစိမ်ထားတဲ့ ရှလပတ်ကို စားပြီးတော့ လုကျူးက လာပြောတာကို ကျန်းယွမ် ကြားလိုက်ရတယ်။
“သခင်မလေး အထက်မှူးမတ်အဆင့်ရှနဲ့ မင်းသားရှစ်တို့က အိမ်တော်ကို လာလည်မှာတဲ့။ သခင်ကြီးက သခင်မလေးကို မိန်းမပျိုလေးတွေကို စကားပြောဖို့ အဖော်ပြုပေးဖို့ ခိုင်းလိုက်တယ်။”
ရှချန်က ကျန်းအိမ်တော်ကို ဘိုးဘေးခန်းမ အဖြစ်အပျက် ပြီးကတည်းက မလာတော့တာဖြစ်ပြီးတော့ ရှမိသားစုရဲ့ ရင်ထဲမှာ ဆူးပင်ဖြစ်တဲ့ ရှကျွမ်းက ဘာဖြစ်သွားပြီလဲ မသိဘူး။ သူမ လုကျူးဆီကနေ ကြားပုံအရဆိုရင် ရှမိသားစုက အမျိုးသမီးတွေကလည်း လာမယ့်ပုံပေါ်တယ်။ ရှကျောင်းကျောင်းနဲ့ ရှကျွမ်းက ကျန်းယွမ်ကို သူတို့ရင်ထဲကနေကို မုန်းနေပေမဲ့ ကျန်းအိမ်တော်ကို ထပ်ပြီးပြန်လာတယ်ဆိုတော့ သူတို့က လွန်ခဲ့တဲ့သုံးနှစ်က ကျန်းမိသားစုနဲ့ ရှမိသားစုရဲ့ ဆက်ဆံရေးကို ပြန်ပြေလည်အောင် လုပ်ခဲ့တယ်နဲ့တူတယ်။
လုကျူးက စိုးရိမ်စွာနဲ့ ပြောလိုက်တယ်။
“ဒါကို သခင်ကြီးက ဘာကိုဆိုလိုတာလဲ။ တကယ်လို့ သူတို့ကို စကားပြောဖို့အတွက်ပဲ အဖော်ပြုပေးစေချင်ရင် သခင်မရှိနေတာပဲကို။ သခင်မလေးက အဲ့မှာ ဘာပြောရမှာလဲ။ ရှမိသားစုနဲ့ ကောင်းကောင်းဆက်ဆံဖို့က ဖြစ်နိုင်လို့လား။”
ကျန်းယွမ် ခေါင်းခါလိုက်တယ်။
“ဘာမှမဖြစ်လောက်ပါဘူး။ ထျန်ကျူး အဲ့သမားတော်က အခု ဘယ်လိုအခြေအနေ ရှိလဲ။”
“ရှယန်က သူ့ကို သတ်ဖို့ လူတွေ လွှတ်လိုက်ပါတယ်။ ဒီလက်အောက်ငယ်သားက သူ့ကို ကယ်ခဲ့ပြီးတော့ အခု သူက ကျွန်မလူတွေရဲ့ ခြံဘေးက ဂိုဒေါင်ခန်းမှာ နေနေပါတယ်။ သခင်မလေး သူ့ကို လိုအပ်လို့လား။”
“ကဲအသင့်ပြင်ထားတော့။”
ကျန်းယွမ်က မတ်တပ်ရပ်လိုက်တယ်။
“ဒီနေ့ သူမက ရှမိသားစုကို လာဖို့ ဖိတ်ထားတယ်။ ငါ ဒီအခြေအနေကို ရောက်အောင် အကြာကြီး စောင့်နေခဲ့ရတယ်။”

မုန်းမာန်ဖွဲ့ ရန်ငြိုးNơi câu chuyện tồn tại. Hãy khám phá bây giờ