part 104(1)

2.9K 306 5
                                    

Unicode

မုန်းမာန်ဖွဲ့ရန်ငြိုး

Part 131
အခန်း - ၁၀၄ အပိုင်း(၁)

တရုတ်ဆီးသီးအပင်တွေက နွေဦးပန်းတွေနဲ့ ဖုံးလွှမ်းနေတယ်။ ထုံးကျောက်စားပွဲကို သူတို့ရဲ့ အကိုင်းတွေအောက်မှာ တင်ထားပြီးတော့ အဲ့အပေါ်မှာ လက်ဖက်ရည်ခွက်တစ်ခွက်နဲ့ လိပ်ပြာပုံကျောက်စိမ်းပန်းကန်ပေါ်မှာ ကြာပန်းကိတ်လေးရှိတယ်။ အဲဒါကို ကြည့်ရတာ အရမ်းဖိတ်ခေါ်နေတဲ့ပုံပဲ။ လေပြေက ပွင့်ဖတ်တွေကို နှင်းပွင့်လေးတွေလို လွင့်သွားစေတယ်။
တော်ဝင်ဘိုးဘေးဘုရားကျောင်းထဲမှာ အနက်ရောင်ဝတ်ရုံနဲ့ လူတစ်ယောက်က ဂေါ်ကစားပွဲပုံစံကို ငေးကြည့်နေတယ်။ လက်တစ်ဖက်မှာ အနက်ရောင်ကျောက်တုံးတွေ ကိုင်ထားရင်း တခြားတစ်ဖက်မှာ အဖြူရောင်ကျောက်တုံးကို ကိုင်ထားတယ်။ သူ့ဘာသာ ကစားနေတယ်ဆိုတာ သိသာတယ်။ ဒါပေမဲ့ သူ့ရဲ့ ခေါင်းကို ငုံ့ထားတာကြောင့် သေချာမမြင်ရဘဲ ရိုးရှင်းတဲ့ အဝတ်အစားတွေ၊ မိန်းမပီသတဲ့ ကျစ်လျစ်သွယ်လျတဲ့ ပုံစံ၊ နူးညံ့တဲ့ခါးနဲ့ ရှည်လျားပြီး သွယ်လျတဲ့ ခြေထောက်တွေကို မြင်ရတယ်။ အဲဒါက အဝေးကနေ ကြည့်ရရင်တောင် စိတ်ချမ်းသာစေတဲ့ မြင်ကွင်းဖြစ်တယ်။
အစေခံအဝတ်ဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်က ချိုမြိန်တဲ့ အပြုံးလေးနဲ့ အော်ခေါ်ရင်း ပြေးလာတယ်။
“သခင်မလေး သခင်မလေး”
ဝတ်ရုံနက်နဲ့ ကောင်မလေးက မျက်ခုံးပင့်လိုက်ပြီးတော့ သူမဘေးက အသက်နည်းနည်းကြီးတဲ့ပုံပေါ်တဲ့ အစေခံတွေကို ပြေးလာတဲ့ ကောင်မလေးကို စိုက်ကြည့်လိုက်စေတယ်။
“လုကျူး ဘာလို့ ဒီလိုမရိုမသေ ပြုမူနေတာလဲ။ အသံလျှော့ဦး မဟုတ်ရင် နင်သခင်မလေးကို နှောက်ယှက်မိလိမ့်မယ်။”
လုကျူးက လျှာထုတ်ပြောင်လိုက်တယ်။ လွန်ခဲ့တဲ့သုံးနှစ်က သူမရဲ့ ရိုးစင်းပြီး အပြစ်ကင်းတဲ့ ပုံနဲ့ယှဉ်ရင် သူမက အခု ကြီးလာပြီး ပိုပြီး ချစ်စရာကောင်းလာပြီးတော့ ထက်မြက်လာတယ်။ သူမက အရှိန်လျှော့လိုက်ပြီးတော့ ဝတ်ရုံနက်နဲ့ ကောင်မလေးဆီကို လာတယ်။
“ဒီအစေခံက အရမ်းစိတ်လှုပ်ရှားသွားလို့ပါ။ အကုန်လုံးကို ထုတ်ပိုးပြီးပြီဖြစ်ပြီးတော့ မယ်တော်ယိတျယ်က ကျွန်မတို့ကို ဒီနေ့ မနက်စောစော ပြန်ခိုင်းလိုက်တယ်။”
သူမက နောက်ဆုံးကျောက်တုံးကို ချပြီးတာနဲ့ ဝတ်ရုံနက်နဲ့ ကောင်မလေးက သူမရဲ့ မျက်နှာကို ပြလိုက်တော့ အရမ်းလှပပြီးတော့ စိတ်ကူးယဉ်ကမ္ဘာကလို့တောင် ထင်ရတယ်။ သူမက ရိုးရှင်းတဲ့ အဝတ်အစားကို ဝတ်ထားပေမဲ့ သူမရဲ့ ကျက်သရေရှိတဲ့ အလှတရားကို မမှေးမှိန်စေဘူး။ အရင်က ကလေးဆန်တဲ့ မျက်နှာလေးက အခု ပိန်သွားပြီးတော့ လက်တစ်ဖဝါးစာပဲ ရှိတော့တယ်။ သူမရဲ့ မျက်ဝန်းတွေက ကြည်လင်ပြီးတော့ စီးဆင်းနေတဲ့ စမ်းရေလိုပဲ စိုထိုင်းနေပြီးတော့ ဖောက်ထွင်းမြင်ရတဲ့ ပယင်းနဲ့တူတယ်။ ကြက်သွေးရောင်နှုတ်ခမ်းလေးတွေ၊ အဖြူရောင်သွားလေးတွေနဲ့ ရိုးရှင်းတဲ့ ဆံထုံးကို ဖြည်ထားတဲ့ ဆံပင်လေးတွေက ပျင်းရိနေတဲ့ အလှတရားကို ပေးစွမ်းတယ်။
သူမဘေးမှာ လန်ချောင်က အတွေးထဲမှာ နစ်မျောနေတယ်။ သူမရဲ့ သခင်မလေးက ကြည့်ကောင်းတဲ့ ပုံစံနဲ့ မွေးလာတာဖြစ်ပြီးတော့ နည်းနည်းထွားလာတော့ သူမက အရမ်းလှလာပြီးတော့ သူမကို အလုပ်အကျွေးပြုတဲ့ အစေခံကတွေကတောင် နေ့တိုင်း အဲဒါကို အသားမကျသေးဘူးဖြစ်နေတယ်။ သူမတို့ မြို့တော်ကို ပြန်ရောက်ရင် ဘယ်လို အုတ်အုတ်ကျက်ကျက် ဖြစ်မလဲဆိုတာ မသိပေမဲ့ ဒီအကြောင်းကိုတွေးမိရင် သူမ စိတ်မသက်မသာ ဖြစ်ရတယ်။ အရမ်းလှတာကလည်း ကောင်းတဲ့အရာ မဟုတ်ဘူး။ အထူးသဖြင့် ကကွယ်နိုင်တဲ့ အရည်အချင်း မရှိတဲ့ အချိန်မှာပေါ့။ ဒါပေမဲ့ ပြန်တွေးကြည့်လိုက်တော့လည်း မယ်တော်ရိတျယ်က သူတို့ကို ကာကွယ်နေတော့ ဘာမှတော့ စိတ်ပူစရာ မရှိလောက်ပါဘူး။
ကျန်းယွမ်က သိမ်မွေ့စွာ ပြုံးလိုက်တယ်။
“သုံးနှစ်တောင် ရှိသွားပြီပဲ။”
အချိန်က စီးဆင်းနေတဲ့ ရေလိုပဲ ကုန်ဆုံးသွားပြီ။ လွန်ခဲ့တဲ့ သုံးနှစ်လုံး သူမက မယ်တော်ယိတျယ်နောက်ကို လိုက်ခဲ့ပြီး ဘုရားစာရွတ်ဆိုပြီးတော့ တော်ဝင်ဘိုးဘေးဘုရားကျောင်းမှာ တရားထိုင်ခြင်းကို လေ့ကျင့်ခဲ့တယ်။ သူမက အရမ်းစိတ်ရှည်ခဲ့လို့ သူမက ဘုန်းတော်ကြီးတွေ ဘုရားစာရွတ်ဆိုတဲ့ အချိန်မှာ သာမာန်မိန်းကလေးတွေလို စိတ်မရှည် မဖြစ်ခဲ့ဘဲ မယ်တော်ယိတျယ်ကို အရမ်း စိတ်ကျေနပ်စေခဲ့တယ်။ လွန်ခဲ့တဲ့သုံးနှစ်အတွင်း သူမက သူမကိုယ်သူမ မယ်တော်ယိတျယ်အတွက် မရှိမဖြစ် ဖြစ်အောင် ဖြည်းဖြည်းချင်း ပြုလုပ်ခဲ့တယ်။ သူမကို ဖွင့်ပြောစရာမလိုဘဲ စိတ်ကျေနပ်စေခဲ့ပြီးတော့ သူမက ဖြည်းဖြည်းချင်း မယ်တော်ယိတျယ်ရဲ့ လက်ခံမှုကို ရယူခဲ့တယ်။ သူမက မင်းသမီးရွှမ်ရုံမဟုတ်ပေမဲ့ မယ်တော်ယိတျယ်က သူမကို သမီးတစ်ယောက်လို ဆက်ဆံတယ်။
နောက်ဆုံးမှာတော့ သူမ ကြိုးစားခဲ့ရတာတွေက အရာထင်ခဲ့ပြီပဲ။ လွန်ခဲ့တဲ့ဆယ်ရက်က မယ်တော်ယိတျယ်ကိုယ်တိုင် သူမကို အသက်ပြည့်တဲ့ အခမ်းအနားကို ဦးဆောင်လုပ်ပေးခဲ့ပြီးတော့ သူမကို ‘ကျွမ်းကျူ့’ဘွဲ့ကို ချီးမြှင့်ဖို့ မြို့တော်ကို စာပို့ပြီး တောင်းဆိုခဲ့တယ်။ ဧကရာဇ်က လက်ခံခဲ့ပြီးတော့ သူမကို ဟောင်အန်းကျွမ်းကျူ့အဖြစ် ဘွဲ့ပေးခဲ့တယ်။
မနက်ဖြန်ကျရင် သူတို့က မြို့တော်ကို ပြန်ကြမှာဖြစ်ပြီးတော့ သူတို့ပြန်ရောက်တာနဲ့ အကုန်လုံးက ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ရဲ့ အသစ်ခန့်အပ်လိုက်တဲ့ မင်းသမီးက အတိတ်ကနဲ့ အများကြီး ကွာခြားတယ်ဆိုတာကို သိကြမှာဖြစ်တယ်။
လွန်ခဲ့တဲ့နှစ်တွေတုန်းက သူမက မယ်တော်ယိတျယ်ကို တည်ငြိမ်စွာနဲ့ အဖော်ပြုပေးခဲ့ပြီးတော့ ပြင်ပက သတင်းတွေကို စိတ်ဝင်စားမှု မပြခဲ့ဘူး။ ကျန်းမိသားစုကလည်း စာတစ်စောင်မှ မပို့ခဲ့ဘူး။ ဒါပေမဲ့ မယ်တော်ယိတျယ်က ထျန်ကျင်းနိုင်ငံနဲ့ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ကြားက စစ်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေကို တစ်ခါတစ်လေရပြီးတော့ သူမကို အတူတူ နားထောင်ဖို့ ခေါ်တတ်တယ်။ ကျန်းရှင်းကျီက စစ်ပွဲအတွင်းမှာ မဆိုးသာမဆုတ်သာ အခြေအနေတွေကို အကြိမ်ကြိမ် ချိုးဖျက်ခဲ့ပြီးတော့ ထူးချွန်တဲ့ အောင်မြင်မှုတွေ ရခဲ့တာက ဝမ်းသာစရာဖြစ်တယ်။ ဗိုလ်ချုပ်ကွမ်လင်းဟန်နဲ့အတူ သူ့ရဲ့ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်မှုတွေက လိုက်ဖက်တယ်။ ဒါ့အပြင် ရန်သူက လျှပ်တပြက် တိုက်ခိုက်မယ်ဆိုတဲ့ အကြိမ်တိုင်း သူက အမြဲတမ်း အရင်ဆုံး တိုက်ခိုက်ပြီးတော့ အသာစီးရယူတယ်။ ဒါ့ကြောင့် ကြီးမြတ်တဲ့ကျင်းနိုင်ငံတော်ရဲ့  ‘စစ်နတ်ဘုရား’ ဖြစ်တည်မှုက ကျန်းရှင်းကျီရဲ့ ပခုံးပေါ်ကို ကျရောက်လာတယ်။
စစ်တပ်ရဲ့ ကိစ္စတွေက ဖြေရှင်းဖို့ အချိန်အတော်ကြာ လိုအပ်လို့ ကျန်းရှင်းကျီက မြို့တော်ကို ပြန်လာလို့ မရသေးဘူး။ ဒီနည်းနဲ့ သူ့ရဲ့ ဒဏ္ဍာရီက ဆက်လက် ကြီးထွားလာတယ်။
မယ်တော်ယိတျယ်က ပြုံးလိုက်ပြီးတော့ အိပ်ရာပေါ်ကို လှဲလိုက်တယ်။
“ယွမ်လေး သမီးမှာ တော်တော်အားကိုးရတဲ့ အစ်ကိုတစ်ယောက်ရှိတာပဲ။”
ကျန်းယွမ်က ဂုဏ်ယူတဲ့ အရိပ်ယောင်နဲ့ ခေါင်းညိတ်လိုက်တယ်။
လွန်ခဲ့တဲ့ သုံးနှစ်လုံး သူမက တော်ဝင်ဘိုးဘေးဘုရားကျောင်းထဲမှာ နေပြီးတော့ ဘုရားစာ ရွတ်တာကို နားထောင်ခဲ့ပြီးတော့ ပြင်ပကမ္ဘာမှာ ဘာဖြစ်နေလဲဆိုတာကို မသိခဲ့ဘူး။ မယ်တော်ယိတျယ်အတွက် သူမက သာမာန် မိန်းကလေး တစ်ယောက်ပဲ။ သူမက သူမရဲ့ အမုန်းတရားကို ဘယ်တုန်းကမှ လက်မလွှတ်ခဲ့ဘူးဆိုတာကို ကျန်းယွမ်ပဲ သိတယ်။ သူမက ဗုဒ္ဓရုပ်ပွားတော်ရှေ့မှာ ဘာသာတရား ကိုင်းရှိုင်းတဲ့ ပုံနဲ့ ဒူးထောက်လိုက်ပေမဲ့ သူမက သူမရင်ထဲမှာ ကျိန်ဆဲနေခဲ့တယ်။ ဘုရားကျောင်းထဲမှာ ရှိတဲ့ ဘုန်းတော်ကြီးတွေကို ပြုံးပြနေတုန်းမှာ သူမက အဲ့လူတွေကို တစ်ချက်ချင်း ဘယ်လို နင်းချေရမလဲဆိုတာပဲ တွေးနေတယ်။ ညတိုင်း သူမ အိပ်ရာပေါ်မှာ လှဲနေတိုင်း သူမရဲ့ အတိတ်ဘဝက မြင်ကွင်းတွေက သူမရဲ့ အမြင်အာရုံထဲကို ပြန်ရောက်လာတယ်။ ဒါပေမဲ့ သူမ ရင်ထဲမှာ ပိုပြီးမ‌ကျေမချမ်းဖြစ်လေလေ သူမ ရဲ့ မျက်နှာထားက ပိုတည်ငြိမ်လာလေလေပဲ။
ဒီတော့ သူမက ဗုဒ္ဓရဲ့ ခြေတော်ရင်းမှာ မကောင်းတဲ့ အပြုအမူတွေ ပြုမူနေရင်ရော ဘာဖြစ်လဲ။
သူမ ပြန်ပေးဆပ်မယ့်အချိန်က နီးကပ်လာပြီ။ အဲ့လူတွေက ငရဲကို စခံစားဖို့ အသင့်ဖြစ်နေပြီလားလို့ သူမ တွေးမိတယ်။
ကျန်းယွမ်က ပြုံးလိုက်ပြီး တရုတ်ဆီးသီးပင် အောက်က ဂေါ်ခုံကို ကြည့်လိုက်တယ်။ ခုံကို ဖုံးထားတဲ့ အနက်ရောင်နဲ့ အဖြူရောင် ကျောက်တုံးတွေကို ကြည့်လိုက်တယ်။ ပရမ်းပတာ အခြေအနေရှိပုံ ရပေမဲ့ ရလာဒ်က ချမှတ်ပြီးပြီ။ အဖြူရောင်ကျောက်တုံးတွေက ပြန်ဆုတ်စရာ မရှိတော့ဘူး၊ အနက်ရောင်တွေက သတ်ဖို့ နောက်ဆုံးခြေလှမ်းကို လှမ်းဖို့ပဲ လိုတော့တယ်။
သူမက လက်ယမ်းသာသာလေးလိုက်တယ်။ ကြီးမားတဲ့ အင်္ကျီလက်က ဖြတ်သွားတာနဲ့ ကျောက်တုံးတွေက အောင်နိုင်သူ ဘယ်သူဆိုတာ မသိသေးခင်အထိ တစ်တုံးပြီးတစ်တုံး လိမ့်သွားတယ်။
ခုံကို ပြင်ပြီးပြီ။
* * *
ရွှမ်ဒီလက်ထပ်က ဆယ့်တစ်နှစ်မြောက်မှာ မယ်တော်ယိတျယ်က မြို့တော်ကို ပြန်လာတယ်။
ဒီနေ့မှာမြို့တော်က မကြုံစဖူး လူစည်ကားနေပြီးတော့ လက်ဖက်ရည်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ ဒါကို ဆွေးနွေးဖို့ လူပြတ်နေတာမျိုး မရှိတော့ဘူး။ မယ်တော်ယိတျယ်က မြို့တော်ကနေ လွန်ခဲ့တဲ့ သုံးနှစ်က ထွက်သွားခဲ့ပြီးတော့ ဒီနေ့ ပြန်လာတယ်။ ဧကရာဇ်ကို လူထုနဲ့ အရာရှိတွေက အဖော်ပြုပြီးတော့ သူမကို ကြီးကျယ်ခမ်းနားတဲ့ ပုံစံနဲ့ ကြိုဆိုဖို့ ထွက်လာကြတယ်။ တကယ်လို့ သာမာန်လူတန်းစားတွေက ဒီလိုခမ်းနားတဲ့ ပွဲကို မပါဝင်နိုင်ပေမဲ့ သူတို့က သူတို့ကိုယ်တိုင် ကြည့်နေရသလို ခံစားရတယ်။
ရာသီဉတုက အဲ့နေ့မှာ သာယာနေပြီးတော့ နွေဦးက စောစောရောက်လာပုံပဲ။ နေမင်းက ဒီနေ့က ကြီးကျယ်တဲ့ နေ့ဆိုတာ သိနေသလိုပဲ အရင်ရက်တွေကထက် ပိုပြီးတော့ ထွန်းလင်းတောက်ပနေတယ်။
ကျန်းအိမ်တော်ထဲမှာ ရှယန်က သိမ်မွေ့စွာနဲ့ ကျန်းချွမ်ရဲ့ အရာရှိအဝတ်တွေကို သပ်သပ်ရပ်ရပ် ခေါက်နေတယ်။ သူမက ပြုံးပြီးပြောလိုက်တယ်။
“ကျွန်မ မီးဖိုချောင်ကို သခင်ကြီးရဲ့ အကြိုက် ကွေ့ဟွားကြက်သားဟင်းချက်ခိုင်းထားပါတယ်။”
ကျန်းချွမ်က မျက်မှောင်ကြုတ်လိုက်တယ်။
“မင်း ဒီကိစ္စအသေးလေးတွေကို လုပ်စရာမလိုပါဘူး။ အဲဒါတွေကို အစေခံတွေအတွက် ထားလိုက်ပါ။”
သူ့ရဲ့ အကြည့်က ရှယန်ရဲ့ ဗိုက်ပေါ် ရောက်သွားတယ်။
“အဲ့အစား မင်းရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်သင့်တယ်။”
ရှယန်ရဲ့ မျက်ဝန်းထဲမှာ ကျေနပ်မှု အရိပ်အရောင် ဖြတ်သွားတယ်။
“ကျွန်မ နောက်လာမယ့် ရက်တွေမှာ သခင်ကြီးအတွက် ပြုစုပေးမယ့် အစေခံတစ်ယောက် မရှာရသေးဘူးပဲ။ ကျွန်မမှာ လင်းလန်လို့ခေါ်တဲ့ ကောင်းကောင်းပြုမူတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။”
“မလိုဘူး။”
ကျန်းချွမ်က လက်ခါပြလိုက်တယ်။
“ဟုန်ရင်း ရှိသေးတယ်။ အဲ့လိုတစ်ယောက်ကို ခေါ်တာက အပြင်လူတွေကို ဘယ်လိုထင်သွားစေမလဲ။ ငါ သွားတော့မယ်။ အရှင်မင်းကြီးက ဒီနေ့ ကြောညာထားတယ်။ ငါ နောက်ကျလို့ မဖြစ်ဘူး။”
ပြောပြီးတော့ သူက အင်္ကျီပေါ်က ကြယ်သီးနှစ်လုံးကို သူ့ဘာသာတပ်ပြီးတော့ အမြန်ထွက်သွားတယ်။
ကျန်းချွမ် ထွက်သွားတော့ ရှယန်ရဲ့ အပြုံးက ချက်ချင်းပဲ ပျောက်ကွယ်သွားတယ်။ အစက သူမက ကိုယ်ဝန်ရှိလာတာက ကောင်းတဲ့အရာလို့ ထင်ခဲ့ပေမဲ့ အဲဒါက မြေခွေးမ ဟုန်ရင်းကို ဒီအခြေအနေကို အခွင့်ကောင်းယူဖို့ အခွင့်အရေး ပေးလိုက်သလိုပဲ ဖြစ်နေတယ်။ ကျန်းချွမ်က သူမရဲ့ ခြံကို လာမလည်တာ အတော်ကြာပြီဖြစ်ပြီးတော့ ကိစ္စတွေကို စီမံဖို့ ဟုန်ရင်းကို လွှဲအပ်ခဲ့ပြီဖြစ်တယ်။ အခု သူမက လင်းလန်ကိုတောင် ထည့်ပြောလို့ မရတော့ဘူး။
လီမော့မော့က သူမ ထိုင်ခုံပေါ်မှာ လဲကျသွားတာကို မြင်တော့ သူမက အမြန် အနီရောင်ရက်စွဲနဲ့ ပျားရည်ပါတဲ့ ခွက်ကို ပေးလိုက်တယ်။
“သခင်မ သခင်ကြီးကို စိတ်မတိုပါနဲ့။ သခင်လေးကို မထိခိုက်အောင် ဂရုစိုက်ပါ။”
“မော့မော့ တဇွတ်ထိုးလုပ်နေတာ ကျွန်မ မဟုတ်ဘူး။”
ရှယန်ရဲ့ မျက်လုံးတွေက ဝမ်းနည်းမှုနဲ့ ပြည့်နေတယ်။
“သူက မယ်တော်ယိတျယ်က ဒီနေ့ နန်းတွင်းကို ပြန်လာမှာကိုပဲ သိပြီးတော့ စုအာကလည်း ဒီနေ့ ပြန်လာမယ်ဆိုတာကိုကျတော့ မသိဘူး။ စုအာက မိသားစု ဘိုးဘေးဘုရားကျောင်းမှာ သုံးနှစ်နေခဲ့ရပြီးတော့ ကျွန်မက သူမကို မတွေ့ရသေးဘူး။ ဒါပေမဲ့ သူ့ကို ကြည့်ပါဦး သူက သူမကိုတောင် မမေးဘူး။ သူ စုအာကိုရော မှတ်မိသေးရဲ့လား။”
ရှယန်ရဲ့ လေသံက မကျေနပ်မှုတွေနဲ့ ပြည့်နေလို့ လီမော့မော့က အမြန်ပြောလိုက်တယ်။
“သခင်မ ကျေးဇူးပြုပြီး အဲ့စကားတွေ ထပ်မပြောပါနဲ့။ တစ်ကယ်လို့ တစ်ယောက်ယောက် ကြားသွားရင် သူတို့က သခင်မနဲ့ သခင်ကြီးကြားမှာ အမုန်းပွားစေဖို့ ကြိုးစားမှာဖြစ်တယ်။”
‘အဲ့လူ’က ငါးယောက်မြောက်ကိုယ်လုပ်တော် ဟုန်ရင်းကို ပြောတာဖြစ်တယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ ကျန်းအိမ်တော်ထဲမှာ ဟုန်ရင်းရဲ့ နေရာက ပိုပြီးတော့ တည်ငြိမ်လာပြီးတော့ ရှယန်ရဲ့ ခြေရာကို နင်းနိုင်လုနီးပါး ဖြစ်လာတယ်။ လီမော့မော့က ဒီလိုပြောပေမဲ့ အဲ့အချိန်မှာ ရှယန်က အရမ်း စိတ်တိုနေလို့ သူမက ဂရုမစိုက်ခဲ့ဘူး။ သူမက စိတ်တိုစွာနဲ့ ပြောနေတယ်။
“သူက ပြည့်တန်ဆာ တစ်ယောက်ပဲ။ သူမ ဘယ်လောက်ပဲ မြင့်မြတ်သလို ပြုမူနေပါစေ။ အဲဒါက ယောကျာ်းတွေကို ဆွဲဆောင်ဖို့ သုံးတဲ့ လှည့်ကွက်တွေအပေါ်ပဲ အားထားနေရပြီးတော့ သူမကို လူမြင်ကွင်းမှာတောင် ထုတ်ပြမခံရဘူး။”
တကယ်လို့ တစ်ယောက်ယောက်ကသာ ဒီအချိန် ဘေးကနေ ဖြတ်သွားရင် မြို့တော်ရဲ့ အရည်အချင်းရှိတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ရှယန်က ကျေးလက်က သူတွေလို ဒီလို ညစ်ညမ်းတဲ့ စကားလုံးတွေ ပြောထွက်တယ်ဆိုပြီးတော့ သူတို့က အံ့အားသင့်သွားကြမှာ ဖြစ်တယ်။
ရှယန်ကို ဒီလိုမြင်ရတော့ လီမော့မော့က သူမကို အမြန် နှစ်သိမ့်လိုက်တယ်။
“သခင်မ သူမအကြောင်း စိတ်ပူစရာ မလိုပါဘူး။ သူမ ဘယ်လောက်ပဲ အချစ်ခံရပါစေ။ သူမ မွေးနိုင်တာ မမွေးနိုင်တာက သခင်မရဲ့ ရွေးချယ်မှုပဲလေ။ ယောကျာ်းတွေက အမြဲတမ်း အသစ်တွေကို သဘောကျတာဖြစ်ပြီးတော့ သခင်ကြီးက အဲ့မြေခွေးမ ဖျားယောင်းတာ ခဏခံနေရတာပါ။ သူမ အသက်ကြီးပြီး သူမ ဘေးမှာ ကလေးတစ်ယောက်မှ မရှိရင် သူမက အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး။ သခင်မက သခင်ကြီးအတွက် သခင်လေးတစ်ယောက် မွေးပေးနိုင်ရင် သူက သခင်မသာ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့ တစ်ယောက်ပဲဆိုတာ သူသိသွားမှာပါ။ သခင်မ သခင်လေးရှိနေမှတော့ ဘာမှ ကြောက်စရာမလိုပါဘူး။”
ရှယန်က ဖြည်းညှင်းစွာနဲ့ တည်ငြိမ်စွာ သက်ပြင်းချလိုက်တယ်။
“နင် ပြောတာ မှန်တယ်။ အဲ့ခွေးမက ဉမဉနိုင်တဲ့ ကြက်မတစ်ကောင်ပဲ။ သူမကို ကြောက်နေစရာ မလိုဘူး။ ချောင်အာက အခု နေကောင်းနေပြီ။ အနာဂတ်မှာ သူက ငါ့ဗိုက်ထဲက တစ်ယောက်ကို ကူညီထောက်ပံ့နိုင်မှာပဲ။”
ကျန်းချောင်က လက်ရှိမှာ ရွှမ်းလီရဲ့ လက်အောက်မှာ အလုပ်လုပ်နေပြီး မြို့တော်ရဲ့ စီးပွားရေးကိစ္စတွေကို ကြီးကြပ်နေတယ်။ ဒီအလုပ်က အရေးပါတယ်လို့ ပြောလို့မရပေမဲ့ အရေးမပါတဲ့ အလုပ်လည်း မဟုတ်ပြန်ဘူး။ သူက ပြီးခဲ့တဲ့နှစ်တွေ အတွင်းမှာ ကြိုးကြိုးစားစား လုပ်ခဲ့ပြီးတော့ တရားသဖြင့်နဲ့ ကောင်းကောင်းမွန်မွန် လုပ်ခဲ့တာဖြစ်ပြီး ရွှမ်းလီရဲ့ အသိအမှတ်ပြုခြင်းကို ရခဲ့တယ်။
ရှယန် စိတ်အပူဆုံးက ကျန်းစုစု ဖြစ်တယ်။ သူမက ကျန်းစုစုဆီကို စာတွေပို့ပေမဲ့ ကျန်းစုစုဆီကနေ သင့်တော်တဲ့စာတစ်စောင်မှ ပြန်မရဘူးဘဲ သူမက ကျန်းမာတယ်ဆိုတဲ့ စာတိုတွေပဲ ပြန်ရဘူးတယ်။ သူမက ရှယန်ကို တွေ့တောင် မတွေ့ချင်ဘူး။ သုံးနှစ်ကြာပြီးတော့ နောက်ဆုံးမှာ ကျန်းစုစုက အိမ်တော်ကို ပြန်လာတော့မှာဖြစ်တယ်။ ရှယန်က အရမ်းပျော်နေပေမဲ့ ကျန်းချွမ်ကတော့ သူမကို အေးစက်စွာ ဆက်ဆံနေတယ်။
သူမက သူမရဲ့ ခါးအောက်ပိုင်းကို ဖြည်းဖြည်းချင်း ဖိလိုက်တယ်။ သုံးလမှာ သန္ဓေသားက တည်ငြိမ်နေတယ်။ သမားတော်ရောက်လာတော့ သူက အဲဒါက ယောကျာ်းလေး ဖြစ်လောက်တယ်လို့ ပြောခဲ့တယ်။ တကယ်လို့သာ ယောကျာ်းလေး တကယ်ဖြစ်ရင် သူမက ဟုန်ရင်းနဲ့ ထိပ်တိုက်တွေ့ရင် အထက်စီးရနိုင်မှာဖြစ်တယ်။ ရှယန်က ခေါင်းငုံ့လိုက်ပြီးတော့ နည်းနည်းစူနေတဲ့ သူမရဲ့ ဗိုက်ကို ကြည့်လိုက်တယ်။
“ငါ့သား မင်း ကျန်းမာမှဖြစ်မှာ။”
Zawgyi

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now