Unicode
Part 144အခန်း - ၁၁၀ အပိုင်း(၂)
မြို့တော်ဝန်အိမ်တော်ရဲ့ ခြံထဲမှာ မိန်းမပျိုလေးတွေက လက်ဖက်ရည်တွေ မုန့်တွေနဲ့ ထိုင်စကားပြောနေကြရင်း ရယ်နေကြတယ်။
ရုန်ယကျွမ်းကျူ့က ပြုံးပြီးမေးလိုက်တယ်။
“ဘာလို့ အကြီးဆုံးသခင်မလေးက မလာသေးတာလဲ။ သူက ကျွမ်းကျူ့ဖြစ်ပြီဆိုပြီးတော့ သူမရဲ့ အာဏာကို ထုတ်ပြချင်တာများလား။”
ရုန်ယကျွမ်းကျူ့က မဟာမင်းသားကြီးရုံရဲ့ ပုလဲလေးဖြစ်တယ်။ မဟာမင်းသားကြီးရုန်က အရင်ဧကရာဇ်ရဲ့ အစ်ကိုတော်ဖြစ်ပြီးတော့ သူနဲ့လည်း အရမ်းရင်းနှီးတယ်။ ဒါ့ကြောင့် မင်းသားလေးယောက် ပုန်ကန်တော့ မဟာမင်းသားကြီးရုန်က လက်ရှိဧကရာဇ်ကို သူတို့ကို ဖိနှိပ်တဲ့အချိန်မှာ ကူညီခဲ့တယ်။ ရလာဒ်အနေနဲ့ သူမကလည်း ကြီးမြတ်တဲ့ကျင်းနိုင်ငံတော်မှာ အဆင့်အတန်း မြင့်မြင့်မားမား နေနိုင်ခဲ့တယ်။ တကယ်တော့ ရုန်ယကျွမ်းကျူ့က ကျန်းယွမ်ကို လွန်ခဲ့တဲ့သုံးနှစ်က လင်းလောင်လှေပေါ်မှာ တွေ့ခဲ့ဖူးပြီးတော့ သူမက ငယ်ငယ်ကတည်းက မောက်မာခဲ့ပြီးတော့ ကျန်းယွမ်လို ဝေးခေါင်တဲ့ ကျေးလက်မှာ ကြီးပြင်းခဲ့တဲ့သူတွေကို သဘောမကျဘူးဖြစ်တယ်။ ဒါပေမဲ့ မမျှော်လင့်စွာနဲ့ မျက်စိတစ်မှိတ်အတွင်းမှာ ကျန်းယွမ်က သူနဲ့ အဆင့်အတန်းတူဖြစ်သွားပြီးတော့ အခု ကျွမ်းကျူ့အနေနဲ့ သူမကို ယှဉ်ပြိုင်လာနိုင်ပြီဖြစ်တယ်။ သူမ မနာလိုမဖြစ်ဖို့နဲ့ သူမရဲ့ စကားတွေမှာ နာကြည်းမှုတွေ မပါဖို့က မဖြစ်နိုင်ဘူးဖြစ်တယ်။
ကျောက်ကျင်းက မျက်မှောင်ကြုတ်လိုက်ချိန်မှာ ဝမ်ဖေးဖေးကလည်း နည်းနည်းမပျော်ရွှင်သလို ခံစားလိုက်ရတယ်။ ဒီစစ်တပ်မိသားစုက သမီးနှစ်ယောက်က တခြားမြင့်မြတ်တဲ့ မိန်းမပျိုလေးတွေက ကွေ့ပတ်ပြီး အထင်အမြင်သေးသလို ပြောတာတွေ အမြဲတမ်း ခံခဲ့ရပြီးတော့ ရုန်ယကျွမ်းကျူ့ရဲ့ စကားတွေကြားမှာ ဖွက်ထားတဲ့ အဓိပ္ပာယ်တွေ ရှိတယ်လို့ ခံစားလိုက်ရတယ်။ လင်ဇီရှန်းက ဒီနှစ်ယောက်ထက် ပိုပြီး တဲ့တန်းပြောတတ်တော့ သူမက သူမရဲ့ မကျေနပ်မှုကို ဖော်ပြပြီးတော့ ခပ်တင်းတင်း ပြန်ပြောလိုက်တယ်။
“ရင်းအာ ညီမလေးယွမ်ကို ဖိတ်ထားတဲ့ အချိန်အရဆိုရင် စချိန်မရောက်သေးဘူး။ ရုန်ယကျွမ်းကျူ့က တစ်နာရီလောက် စောလာတာမို့လို့ပါ။ အဲဒါ ရင်းအာရဲ့ ဖိတ်စာက ဘာပြောပြော အရေးမကြီးဘဲ ကျွမ်းကျူ့တွေးတာကပဲ အရေးကြီးတယ်လို့ ထင်နေတာများလား။”
ရုန်ယကျွမ်းကျူ့က လင်ဇီရှန်းရဲ့ စကားတွေကြောင့် ဒေါသထွက်သွားတယ်။ တကယ်လို့ တခြားတစ်ယောက်ဆိုရင် သူမက ပါးချမှာဖြစ်ပေမဲ့ အဲဒါက ခေါင်းမာတဲ့ လင်ဇီရှန်းဖြစ်နေတယ်။ တကယ်လို့ သူမက ဆက်ပြီး စကားများနေရင် သူမပဲ အရှက်ကွဲမှာဖြစ်တယ်။ သူမက စိတ်ထဲမှာတော့ အံကြိတ်နေပေမဲ့ အပေါ်ယံမှာတော့ သူမက လင်ဇီရှန်းကို ဂရုမစိုက်တဲ့ပုံကို ဖော်ပြပြီး
“ငါ နင်နဲ့ အငြင်းပွားရမှာကို အရမ်းပျင်းတယ်။”
လင်ဇီရှန်းက ဆက်ပြောချင်ပေမဲ့ တုန်ရင်းအာက အမြန်လာပြီးတော့ ဖျန်ဖြေတယ်။
“ကဲ ရန်မဖြစ်ကြပါနဲ့။ ငါက အကုန်လုံးကို ဖိတ်လိုက်တဲ့သူဆိုတော့ နင်တို့ ရန်ဖြစ်ရင် ငါပဲ အရှက်ရမှာ”
သူမက သူမရဲ့ ပျင်းရိမှုကို ဖျောက်ဖို့ မြင့်မြတ်တဲ့ မိန်းမပျိုလေးတွေ အများကြီးကို ဖိတ်ခဲ့တာဖြစ်ပေမဲ့ ဒါက သူမက ဒီလို ရုတ်ရုတ်ရုတ်ရုတ် လုပ်တာတွေကို ကြိုဆိုတာလို့ ဆိုလိုတာ မဟုတ်ဘူး။
တခြားမိန်းမပျိုလေးတချို့ကလည်း သူတို့ကို လာပြီးတော့ ဖျန်ဖြေခဲ့တယ်။ မကြာခင်မှာပဲ တုန်ရင်းအာရဲ့ အစေခံက လာပြီးတော့ ပြုံးပြီးပြောတယ်။
“ကျွမ်းကျူ့ရောက်လာပါပြီ။”
မိန်းမပျိုလေးတွေ တံခါးကို လှမ်းကြည့်လိုက်တော့ သူတို့က ဝတ်ရုံနီနဲ့ မိန်းကလေး ဖြည်းဖြည်းချင်းလာနေတာကို တွေ့လိုက်ရတယ်။ သူမက တတိုင်းမွှေးပန်းတွေနဲ့ အလှဆင်ထားတဲ့ အပန်းရောင်နဲ့ လိမ္မော်ရောင် ဂါဝန်ကို ဝတ်ဆင်ထားပြီး အနီရောင်နဲ့ ရွှေရောင် ဘရိုကိတ်ပါနဲ့ ဆင်စွယ်ရောင်ဝတ်စုံနဲ့ လွင့်မျောနေတဲ့တိမ်တွေပုံစံရှိတဲ့ ဆံထိုးကို ထိုးထားတယ်။ သူမ လမ်းလျှောက်လိုက်တိုင်း ဂါဝန်က လှုပ်မနေဘဲ မီးလုံးတစ်လုံးနဲ့ ဆင်တူတယ်။ ဒါပေမဲ့ သူမကို အနီးကပ်ကြည့်လိုက်ရင် အဲဒါက ရေခဲနဲ့ ပိုတူတယ်။ သူမရဲ့ အသွင်အပြင်ကို ဆွေးနွေးစရာ သိပ်မလိုဘူး။ ကျန်းယွမ် ငယ်ငယ်တုန်းက သူမရဲ့ အသွင်အပြင်က ဆွဲဆောင်မှု ရှိပေမဲ့ သူတို့ရဲ့ အလားအလာ အပြည့်အဝ မရောက်သေးဘူးဖြစ်တယ်။ ဒါပေမဲ့ သူမက အခု ဖူးသစ်စ မိန်းမလှလေးတစ်ယောက်အဖြစ် ဖွံ့ဖြိုးလာခဲ့ပြီးတော့ ပိုပြီးရင့်ကျက်တဲ့ပုံပေါ်တယ်။ ဖွံ့ဖြိုးလာတဲ့ မိန်းမလှလေးနဲ့ သူမရဲ့ ကိုယ်ပိုင် နှစ်သက်ကြည်နူးဖွယ်ကောင်းတဲ့ အကျင့်နဲ့ ပေါင်းလိုက်တော့ ကြည့်နေတဲ့သူတွေကို အသက်ရှုဖို့တောင် မေ့သွားစေတယ်။
သူမ ပိုနီးလာလေလေ ဒီလိုလှပတဲ့ မျက်နှာရှေ့မှာ သူမက လူရွှင်တော်သာသာပဲ မို့လို့ ရုန်ယကျွမ်းကျူ့ရဲ့ မျက်နှာက ပိုပြီးတော့ ရုပ်ဆိုးလာတယ်။ လူတစ်ယောက်က ပိုပြီးတော့ မောက်မာလေလေ သူများတွေက သူတို့ထက်ပိုသာတာကို သည်းမခံနိုင်လေလေပဲ။ သူသမထက် ပိုနိမ့်ကျတယ်လို့ ရုန်ယကျွမ်းကျူ့ မှတ်ယူထားတဲ့ ကျန်းယွမ်ဆိုရင် ပြောစရာကို မလိုဘူး။ အဲဒါက စော်ကားတာဆိုတာ သိသာတယ်။ ကျန်းယွမ်က သူတို့ရှေ့ ရောက်လာတာနဲ့ သူမက ရယ်လိုက်တယ်။
“အကြီးဆုံးသခင်မလေး ဘာလို့ မင်းပဲ လာတာလဲ။ မင်းရဲ့ ဒုတိယညီမလေးကလည်း လာမယ်လို့ ငါထင်နေတာ။ ဒုတိယသခင်မလေးက ထူးချွန်တဲ့သူတစ်ယောက်ပဲ။ ပြီးတော့ မင်းတို့နှစ်ယောက်လုံးက ကျန်းအိမ်တော်ရဲ့ အကြီးဆုံးသမီးတွေပဲ။ မင်းတို့ရဲ့ ဆက်ဆံရေးက ကောလဟာလထဲကလောက် မကောင်းဘူးလား။”
ကျန်းယွမ်က ရုန်ယကျွမ်းကျူ့ရဲ့ အတွေးကို တစ်ချက်ကြည့်ရုံနဲ့ မှန်းနိုင်တယ်။ သူမက ပြုံးပြီး ပြန်ပြောလိုက်တယ်။
“အဲ့ဒါက အမှန်မဟုတ်ပါဘူး။”
“ဘာ”
ရုံယကျွမ်းကျူ့က အံ့အားသင့်သွားတယ်။ ကျန်းယွမ်က ဘာကိုဆိုလိုတာလဲဆိုတာ သူမ မသိခဲ့ဘူး။
တုန်ရင်းအာက အစက ကြားဝင်မလို့ဆိုပေမဲ့ သူမရဲ့ စကားကို ကြားတော့ သူမက ပြောစရာ စကားမရှိလောက်အောင် ဖြစ်သွားပြီးတော့ ကျန်းယွမ်ကို သတိကြီးကြီးထားပြီးတော့ပဲ ကြည့်နိုင်ခဲ့တယ်။
ကျန်းယွမ်က ပေါ့ပါးစွာ ပြောလိုက်တယ်။
“ရုန်ယကျွမ်းကျူ့မှားတယ်။ ကျွန်မတို့က အဆင့်တူတူပဲ ဆိုတော့ ရှင် ကျွန်မကို ကျွမ်းကျူ့လို့ ခေါ်သင့်တယ်။ တကယ်လို့ ဒါသာ ပေါက်ကြားသွားရင် အဲဒါက တော်ဝင်မိသားစုရဲ့ မျက်နှာကို ရိုက်လိုက်သလို ဖြစ်နေမှာ မဟုတ်ဘူးလား။”
ရုန်ယကျွမ်းကျူ့က ကျန်းယွမ် ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာရှာလိမ့်မယ်လို့ ထင်မထားဘူး။ ကျန်းယွမ်က သူမကို ဒီလိုမျိုး ပြောရဲလိမ့်မယ်လို့ သူမ မထင်ခဲ့ဘူး။ ကျန်းယွမ်က သူမရဲ့ မင်းသမီးအဆင့်ကို တည့်ကြီး ကြွားလုံးထုတ်လိုက်ပေမဲ့ သူမရဲ့ စကားတွေကလည်း လုံးဝမှန်နေတယ်။ ဒါ့အပြင် ရုန်ယကျွမ်းကျူ့က သူမရဲ့ မြင့်မြတ်တဲ့ ပြောဆိုပုံကို အမြဲတမ်း ထိန်းသိမ်းထားတော့ ကျန်းယွမ်ရဲ့ ကိုက်ညီတဲ့ ပြောဆိုပုံကို တောင်းဆိုတဲ့အချိန်မှာ အင်တင်တင်နဲ့ သူမက ပြောလိုက်တယ်။
“ကျွမ်းကျူ့…”
ကျန်းယွမ်က သိမ်မွေ့စွာ ပြန်ပြောလိုက်တယ်။
“ယဉ်ကျေးနေစရာ မလိုပါဘူး။ ဒီနေ့က ကျွန်မတို့ ညီအစ်မတွေအတွက် သာမာန် စုံစည်းတဲ့နေ့ဆိုတော့ ကျွန်မတို့ စည်းကမ်းတွေ ပြောဆိုပုံတွေကို ဂရုစိုက်စရာ မလိုပါဘူး။ ရှင်ကျွန်မကို ပုံမှန်အတိုင်း ကျွန်မရဲ့ နာမည်ကိုပဲ ခေါ်နိုင်ပါတယ်။”
“နင်”
ရုန်ယကျွမ်းကျူ့က ဒီလိုမျိုး ရန်စမှုကို တစ်ခါမှ မကြုံခဲ့ဖူးလို့ သူမက သူမရဲ့ တည်ငြိမ်မှု ကင်းမဲ့တော့မလိုတောင် ဖြစ်သွားတယ်။ သူမက ကျန်းယွမ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။ အနားက လင်ဇီရှန်းဆီကနေ ‘ခစ် ခစ်’ ဆိုတဲ့အသံထွက်လာတယ်။
စော်ကားခံရတော့ ရုန်ယကျွမ်းကျူ့က ဆက်ပြီးတော့ မနေနိုင်တော့ဘူး။ သူမ ရုတ်တရက် ထပြီးတော့ အော်လိုက်တယ်။
“နင်တို့က ငါ့ကို အနိုင်ကျင့်ဖို့ ဒီကို လာတာလား။ ဒါဆိုလည်း ငါ သွားတော့မယ်။”
သူမက ဒေါသတွေနဲ့ ပြည့်နေပြီး ထွက်သွားတယ်။ ရုန်ယကျွမ်းကျူ့ထွက်သွားတာနဲ့ ရုံယကျွမ်းကျူ့နဲ့ ခင်တဲ့ မြင့်မြတ်တဲ့ မိန်းမပျိုလေးတွေကလည်း နှုတ်ဆက်ပြီး ထွက်သွားကြတာ အုပ်စုလေးတစ်ခုပဲ ကျန်ခဲ့တော့တယ်။
တုန်ရင်းအာက သူတို့ကို ပြန်ခေါ်ချင်ပေမဲ့ လင်ဇီရှန်းက သူမကို တားလိုက်တယ်။
“သူတို့ကို သွားခိုင်းလိုက်ပါ။ ဟိုအကြောင်း ဒီအကြောင်းကို ထပ်တလဲလဲ ပြန်ပြောနေပြီးတော့ သူတို့က မြှောက်လုံးပင့်လုံးတွေပဲ ပြောနေကြတာ။ အဲဒါ အရမ်း စိတ်တိုစရာကောင်းတယ်။ ပြီးတော့ နင်ကလည်း ဘာလို့ အဲ့လိုလူတွေကို ဖိတ်နေတာလဲ။”
တုန်ရင်းအာ သက်ပြင်းချလိုက်တယ်။ သူမက လင်ဇီရှန်းလို တည့်တန်းမပြောဘူး။ မြို့တော်ဝန်က နေ့တိုင်း ပြဿနာအမျိုးမျိုး ရင်ဆိုင်နေရပြီးတော့ အကုန်လုံးကို ပြီးပြည့်စုံစွာ ဖြေရှင်းရမှာဖြစ်တယ်။ ဒီတော့ လင်ဇီရှန်းက သမိုင်းပညာရှင်လင်းရဲ့ စိတ်မရှည်မှုနဲ့ အပြစ်တင်မှုကို အမွေရခဲ့တယ်လို့ ပြောရမယ်ဆိုရင် တုန်ရင်းအာကလည်း တုန်လူကြီးမင်းရဲ့ မပွင့်လင်းမှုနဲ့ ချောမွေ့တဲ့ပုံစံကို အမွေရခဲ့တယ်။ တုန်ရင်းအာက တက်ကြွပြီးတော့ ချစ်စရာကောင်းပြီး အရေးထားလို့ မြို့တော်ရဲ့ မြင့်မြတ်တဲ့ မိန်းမပျိုလေးတွေကြားမှာ ထူးချွန်တဲ့ ဂုဏ်သတင်းရှိတယ်။ ဒါ့ကြောင့် အကုန်လုံးက သူမကို မျက်နှာသာပေးချင်ကြတယ်။
ကျောက်ကျင်းကလည်း သူမကို စည်းရုံးလိုက်တယ်။
“ဘာမှ ကြောက်စရာ မလိုဘူး။ ဒီမှာ မင်းသမီး တစ်ယောက် ရှိနေသေးတာပဲ။ ငါတို့ ဒီမုန့်တွေကို ကုန်အောင် မစားနိုင်ဘူးလို့ နင်ထင်နေတာတော့ မဟုတ်ပါဘူးနော်။”
အခုမှ တုန်ရင်းပါက ရယ်လိုက်တော့တယ်။ သူမက ရယ်လိုက်ပေမဲ့ ခဏကြာတော့ ပြန်ပြီးတော့ မျက်မှောင်ကြုတ်သွားတယ်။
ဝမ်ဖေးဖေးက သူမကို ကြည့်လိုက်တယ်။
“နင်ဘာဖြစ်လို့ ထပ်ပြီး ဝမ်းနည်းနေတာလဲ။ ညီမလေးယွမ်က နောက်ဆုံးတော့ ပြန်လာပြီပဲကို အဲ့စိတ်ပျက်စရာကောင်းတဲ့ အတွေးတွေကို ဘေးဖယ်ထားလိုက်စမ်းပါ။”
“ဘာဖြစ်လို့လဲ မမရင်းအာ။”
ကျန်းယွမ်က အပြုံးလေးနဲ့ မေးလိုက်တယ်။
“ဘာဖြစ်ရဦးမှာလဲ။ အဲဒါ ချန်မိသားစုနဲ့ လက်ထပ်ရမယ့် ကိစ္စပဲ နေမှာပေါ့။”
လင်ဇီရှန်းက ပြောလိုက်တယ်။
“ချန်မိသားစုက မြို့တော်ရဲ့ ကောင်းမွန်တဲ့မိသားစုတွေထဲက တစ်ခုပဲ။”
ကျန်းယွမ်က သိမ်မွေ့စွာ ပြုံးလိုက်တယ်။
“ဒါ့အပြင် မမရဲ့ ငယ်ချစ်ဦး မဟုတ်ဘူးလား။ အဲ့အတွက် ဘာမှ ဝမ်းနည်းစရာ မရှိဘူး မဟုတ်ဘူးလား။”
ဒါပေမဲ့ တုန်ရင်းအာက စိတ်ဆိုးမာန်ဆိုး ပြောလိုက်တယ်။
“ငါ လက်မထပ်ချင်သေးဘူး။”
“နင်ဘာတွေ ပြောနေတာလဲ။”
ကျောက်ကျင်းက ပြောလိုက်တယ်။
“ပုံမှန်ဆိုရင် နင်က တကယ်လို့ ငါတို့ မကြာခင် လက်မထပ်ရင် ငါတို့က အပျိုကြီးတွေ ဖြစ်သွားတော့မှာလို့ ပြောနေပြီးတော့ အခုမှ နင်က လက်မထပ်ချင်ဘူးတဲ့လား။ နင် ရှက်နေတာလား။”
“အဲ့လိုမဟုတ်ပါဘူးဆိုနေ။”
တုန်ရင်းအာက ထပ်ပြောလိုက်တယ်။
“ငါ လက်မထပ်ချင်သေးလို့ပါ။”
တုန်ရင်းအာရဲ့ မျက်နှာထားကို ကြည့်လိုက်ရင်း မကြာခင် လက်ထပ်ရမှာမို့လို့ ပုံမှန် အိမ်ထောင်ရေးကြောင့် ရှက်ရွံ့မှု အရိပ်အယောင်ကို မတွေ့ရဘူး။ ဒါက သူမ ရင်ထဲမှာ အဲ့လူကို မစဉ်းစားမချင်း ဒါက ပြဿနာမဟုတ်ဘူး။ ဒါက ကျန်းယွမ်ရဲ့ အတိတ်ကနဲ့ နည်းနည်းကွဲပြားတယ်။ သူမက နည်းနည်းတွေးပြီးတော့ ပြောလိုက်တယ်။
“မမရင်းအာက သခင်လေးချန်နဲ့ ရန်ဖြစ်ထားတာလား။ ဒါမှမဟုတ် သခင်လေးချန်က မမကို စိတ်တိုအောင် လုပ်ထားလို့လား။”
တုန်ရင်းအာ တုံ့ဆိုင်းသွားပြီးတော့ ခေါင်းခါလိုက်တယ်။ ချန်အန်းက တကယ်ပဲ သူမရဲ့ ငယ်ချစ်ဆွေဖြစ်ပြီးတော့ သူမက သူတို့ ဒီဘဝမှာလည်း အတူတကွ နေသွားမယ်လို့ ထင်ခဲ့ပြီးတော့ အဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဘာမှဆိုးရွားတာ မဖြစ်ခဲ့ဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့သုံးနှစ်က သူမက အဲ့သူရဲကောင်းကို တွေ့ခဲ့ပြီးတော့ သူမက ဘယ်သူ့ကိုမှ စိတ်ထဲမထည့်ခဲ့ဘူး။ သူမက အဲ့တော့မှ သူမ ချန်အန်းအပေါ်မှာ ထားခဲ့တာက အချစ်မဟုတ်ဘူးဆိုတာ သိခဲ့တယ်။
တုန်ရင်းအာရဲ့ အသားမကျသေးတဲ့ ပုံစံက ကျန်းယွမ်ကို တွေးစေခဲ့တယ်။ တုန်ရင်းအာက တခြားသူကိုများ သဘောကျနေတာလား။ သူမရဲ့ နှုတ်ခမ်းလေးတွေကို ကြည့်ရင်း သူမက တစ်ယောက်ယောက်ကို တွေးမိသွားတယ်။ အဲဒါက ချစ်မိနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ရှက်ရွံ့မှုမလား။
သူမ ရင်ထဲမှာ ထိတ်လန့်သွားတယ်။ ဘာလို့ ဒါက သူမရဲ့ အတိတ်ဘဝနဲ့ ကွဲပြားနေရတာလဲ။
သူမက ရုတ်တရက် တစ်ခုခုကို တွေးမိသွားတဲ့ပုံနဲ့ တုန်ရင်းအာက ကျန်းယွမ် ဘက်ကို လှည့်ပြီးတော့ မေးလိုက်တယ်။
“ညီမလေးယွမ် ညီမလေးရဲ့ အစ်ကိုကြီးက တိုက်ပွဲတေွ အများကြီးကို နိုင်ခဲ့တယ်။ သူက သူဘယ်တော့ ပြန်လာမယ်ဆိုတာကိုများ ပို့ခဲ့သေးလား။”
ကျန်းယွမ် လန့်သွားပြီးတော့ သူမ ဘေးက ကျောက်ကျင်းရဲ့ မျက်နှာထားကလည်း ထူးဆန်းလာတာကို သူမ သတိမထားမိခဲ့ဘူး။ သူမရဲ့ ခန္ဓာကိုယ်က တောင့်သွားတယ်။
မဟုတ်မှလွဲရော…. သူမ တုန်ရင်းအာကို ကြည့်နေပြီးတော့ သူမရဲ့ အတွေးကို အတည်ပြုချင်နေတယ်။ တုန်ရင်းအာက သူမကို ဖုံးမထားနိုင်တဲ့ မျှော်လင့်ချက်တွေ ရှိနေတဲ့ တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ ပြန်ကြည့်နေတယ်။ ဒီလို အကြည့်က အရမ်းရင်းနှီးနေတယ်။ အရင်ဘဝတုန်းက သူမက အဲ့မျက်နှာထားကို ကြေးမုံထဲမှာ နေ့တိုင်းမြင်ခဲ့တယ်။ အဲဒါက သူတို့ရဲ့ ရင်ထဲမှာ တစ်ယောက်ယောက်ကို တမ်းတနေတဲ့ အကြည့်တွေပဲ။
တုန်ရင်းအာရဲ့ နှလုံးသားထဲမှာ ကျန်းရှင်းကျီရှိနေတာပဲ။
ဒီဘဝက သူမရဲ့ အတိတ်ဘဝက အတိုင်းဖြစ်နေပေမဲ့ သူမ ပြန်လာကတည်းက တစ်ခုခုက ပြောင်းလဲနေသလိုပဲ။ ဉပမာအနေနဲ့ အတိတ်ဘဝတုန်းက တုန်ရင်းအာက ချန်အန်းနဲ့ အရမ်းချစ်ခဲ့ပေမဲ့ အခုဘဝမှာတော့ ကျန်းရှင်းကျီကို ချစ်ခဲ့တယ်။ အခု ဒီကိစ္စက ပြောင်းလဲသွားတော့ တခြားအရာတွေကရော။
ကျန်းယွမ် မှင်တက်နေတာကို မြင်တော့ လင်ဇီရှန်းက သူမကို နည်းနည်း တို့လိုက်တယ်။
“နင်ဘာတွေ စဉ်းစားနေတာလဲ။ ဘာဖြစ်လို့ ပြန်မဖြေတာလဲ။”
“အိုး”
ကျန်းယွမ်က အပြုံးလေးနဲ့ ပြောလိုက်တယ်။
“ဘာမှ မဟုတ်ပါဘူး။ ကိုကြီးက ဘာစာမှ မပို့သေးဘူး။”
ကျန်းယွမ် တုန်ရင်းအာရဲ့ မျက်ဝန်းထဲက စိတ်ပျက်မှုကို တွေ့သွားပြီးတော့ သူမရဲ့ ထင်ကြေးက မှန်နေတာကို သတိထားမိသွားတယ်။ အကြောင်းတချို့ကြောင့် သူမရဲ့ ရင်ထဲမှာ စိတ်ထင့်သွားတယ်။ အဲဒါက ထူးထူးခြားခြား ရောက်လာလို့ သူမက အဲဒါကို သိတောင်မသိခဲ့ဘူး။
လင်ဇီရှန်း မျက်မှောင်ကြုတ်လိုက်တယ်။
“တကယ်လို့ ရင်းအာ လက်ထပ်ပြီးရင် ငါ့အလှည့်က လာတော့မှာ။ အခုတလော ငါ့အဖေက အမြဲတမ်း ငါ့ကို ဒီအကြောင်းတွေ မေးနေတယ်။ ငါလည်း ဘာလုပ်ရမှန်း မသိတော့ဘူး။”
ကျန်းယွမ်က ခဏလောက်တွေးပြီးတော့ တခစ်ခစ်ရယ်လိုက်တယ်။
“လင်လူကြီးမင်းက ဘာတွေ ပြောသေးလဲ။”
လင်ဇီရှန်းက လူ့အဖွဲ့အစည်းရဲ့ အသေးစိတ်တွေကို ဂရုစိုက်တဲ့သူမဟုတ်ဘူး။ သူမက တည်ကြည်တယ်။
“အဲ့လိုမဟုတ်ပါဘူး။ သူက မျက်မှောင်ပဲကြုတ်နေတော့ အဲဒါက လွယ်လွယ်ကူကူနဲ့ ပြီးမှာ မဟုတ်လောက်ဘူး။ ငါ့ရဲ့ အကျင့်နဲ့ ငါနဲ့ လိုက်မယ့် တစ်ယောက်ကို ရှာရမှာ ခက်တယ် ပြီးတော့ သူက သည်းခံနိုင်ရမယ်လို့ ငါ ပြောခဲ့ပြီးပြီ။”
ကျန်းယွမ်က မျက်မှောင်ကြုတ်လိုက်တယ်။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...