အခန်း-၁၇ တစ်ယောက်ယောက်ရဲ့ဘဝကို အသုံးချဖို့စီမံခြင်း။
သစ်တော်သီးဥယျာဉ် အပြင်ဘက်မှာ လန်ချောင်က စက္ကူထုပ်ကြီးကို ကိုင်လာရင်းနဲ့ ကျန်းယွမ်ကို ပျော်ရွှင်စွာ ပြောလိုက်တယ်။
“ဒီနေ့ ရှောင်ယွမ်က ကျွန်မကို အပြင်က ဝယ်ခဲ့တဲ့ လီလီပန်း အဆာသွပ်မုန့် တချို့ပေးခဲ့တယ်။ အရသာအရမ်းရှိတယ်လို့ ပြောတယ်။ ကျွန်မတို့ အိမ်ပြန်ရောက်ရင် သခင်မလေး နည်းနည်း မြည်းကြည့်သင့်တယ်။”
ကျန်းယွမ် ကောင်းကင်ကို ငေးမကြည့်ခင် ခေါင်းညိတ်လိုက်တယ်။ မှောင်မည်းနေတဲ့ တိမ်တွေက လကို တစ်ဝက် အုပ်နေတယ်။ အပြင်မှာ မြူအနည်းငယ် ဆိုင်းနေတယ်။ လမ်းမပေါ်မှာ သိပ်မလင်းတဲ့ အနီရောင်မီးပုံး အနည်းငယ်ပဲရှိတယ်။ အေးစက်ပြီး ဖော်ရွေမှုကင်းမဲ့တဲ့ ပတ်ဝန်းကျင်မှာ အရောင်တောက်တောက် ပေါ်လာပုံက ဆန့်ကျင်ဘက်ပုံရိပ် ဖြစ်မဲ့အစား ညတာကို တစ်မူထူးခြားစေတယ်။
လန်ချောင်က ကျန်းယွမ်ကြည့်နေတဲ့ဘက်ကို ကြည့်လိုက်တယ်။ သူမက ခဏတွေးလိုက်ပြီး ပြောတယ်။
“ကောင်းကင်က ပိုမှောင်လာပြီးတော့ အပြင်မှာ စအေးလာပြီ။ သခင်မလေး ပိုပြီး ဂရုစိုက်သင့်တယ် ဒါမှ သခင်မလေး အအေးမမိမှာ”
“လေပြင်းတိုက်နေတဲ့ လမိုက်ညမှာ လူသတ်မှုတစ်ခု ဖြစ်ခဲ့တယ်” ကျန်းယွမ်က ရုတ်တရက် ရယ်မောလိုက်တယ်။
“ဒါက တကယ်ကို လှတဲ့ မြင်ကွင်းပဲ”
ထူးထူးဆန်းဆန်းပုံစံနဲ့ ပြောနေတဲ့ အဲဒီစကားတွေကို လန်ချောင်က နားမလည်ခဲ့ဘူး။ ရုတ်တရက် အမှောင်ထဲမှ လူတစ်ယောက်က သူတို့ဆီကို မြန်မြန် ပြေးလာနေတယ်။ အဲလူ အနားကို ရောက်လာမှ ဘယ်သူလဲဆိုတာ သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ အဲဒါက ချန်ကျောက်ပဲ။
ချန်ကျောက်ကလည်း သူတို့နှစ်ယောက်ကို သတိပြုမိတယ်။ သူက ခြေလှမ်းတွေကို ချက်ချင်း ရပ်လိုက်တယ်။ ကျန်းယွမ်က သူရောက်နေတာကို အသိအမှတ်ပြုဟန်နဲ့ ခေါင်းတစ်ချက် ညိတ်ပြလိုက်တယ်။
ချန်ကျောက်က နှုတ်ဆက်လိုက်တယ်။ “သခင်မလေး”
လန်ချောင်က နည်းနည်း စိတ်လှုပ်ရှားသွားပြီးတော့ ကျန်းယွမ်အရှေ့မှာ ရပ်လိုက်တယ်။ သူတို့အတွက် ဒီလို ညအအမှောင်မှာ ဆုံတွေ့မိခြင်းက ကောင်းတာ မဖြစ်နိုင်ဘူး။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...