Unicode
Part 122
အခန်း - ၉၉ အပိုင်း(၂)
အချိန်တချို့ ကုန်ဆုံးသွားခဲ့ပြီးတော့ ဧကရီက နောက်ဆုံးမှာ ထပြီးတော့ သခင်မတွေနဲ့ သခင်မလေးတွေကို ပင်မခန်းမထဲကို နန်းတွင်းဂုဏ်ပြုညစာစားပွဲ စကြောင်းကြေညာလိုက်တယ်။
ပင်မခန်းမထဲမှာ ဧကရာဇ်နဲ့ ယောကျာ်းဧည့်သည်တွေက ထိုင်ကြပြီးပြီဖြစ်တယ်။ မကြာသေးခင်က ရေကြီးမှုကြောင့် နန်းတွင်းဘဏ္ဍာတိုက်က ဘေးကပ်ဆိုးကို ထောက်ပံ့ဖို့ လိုအပ်တာတွေကြောင့် ကုန်ခမ်းခဲ့တယ်။ ဒါ့ကြောင့် ဂုဏ်ပြုညစာစားပွဲက ရိုးရှင်းခဲ့ပြီးတော့ ခမ်းကြီးနားကြီး မလုပ်ခဲ့ဘူးဖြစ်တယ်။ အတိတ်တုန်းက လုပ်ခဲ့တဲ့ လှပမှုနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်။ ဒါ့ကြောင့် ကျွေးမွေးတဲ့ ဟင်းပွဲတွေနဲ့ မုန့်တွေက အရမ်းသာမာန်ဖြစ်နေတယ်။
အမျိုးသမီးဧည့်သည်တွေက သူတို့ရဲ့ နေရာမှာ ထိုင်လိုက်တယ်။ ဧကရာဇ်နဲ့ ဧကရီက အမြင့်ဆုံးနေရာမှာ ထိုင်နေကြတယ်။ သူတို့ဘေးမှာက လက်ရှိ မယ်တော်ယိတျယ်ဖြစ်တယ်။
မယ်တော်ယိတျယ်က အခု အသက်၆၀ ရှိပြီးဖြစ်ပြီးတော့ သူမမှာ ဆံပင်ဖြူတချို့ ရှိနေပြီဖြစ်တယ်။ သူမရဲ့ လည်ပင်းနားမှာ ရွှေရောင်တရုတ်ကြိုးထုံးလေးကို စိမ်းပြာရောင်နဲ့ ရွှေချည်တွေနဲ့ ချည်နှောင်ထားပြီးတယ်။ အဲဒါက တန်ဖိုးကြီးတဲ့ ရောင်ဝါကို ပေးစွမ်းတယ်။ သူမရဲ့ လက်ရှိ အသွင်အပြင်ကနေ သူမက နဂိုကတည်းက ဆွဲဆောင်မှုရှိတာကို တွေ့နိုင်တယ်။ အတိတ်တုန်းက မယ်တော်ယိတျယ်က ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်မှာ ပထမဆုံးမိန်းမလှလေးအဖြစ် လူသိများခဲ့တာဖြစ်ပြီးတော့ သူမရဲ့ မျက်နှာက သူရဲကောင်းဆန်တယ်။ သူမ ငယ်ရွယ်စဉ်က သူမမှာ အရင်ဧကရာဇ်ရဲ့ သားနှစ်ယောက်နဲ့ သမီးတစ်ယောက်ရှိတယ်။ မင်းသားရှစ်က ထိန်းချုပ်မှုရသွားတော့ သူမက ပုန်ကန်မှုကို ပြောင်းပြန်လှန်ပြီးတော့ ဧကရာဇ်ကို ထီးနန်းရစေဖို့ သူမရဲ့ အကြီးဆုံးသားကိုတောင် စတေးလိုက်ရပြီးတော့ ကြီးမြတ်တဲ့နိုင်ငံတော်က ဧကရာဇ် အသစ်ကို ထီးနန်းကို ထိန်းသိမ်းရာမှာ တခြားနိုင်ငံက စစ်သားငှားပြီး ထောက်ပံ့ဖို့ သူမရဲ့ သမီး မင်းသမီးရွှမ်ရုံကို တခြားနိုင်ငံထဲကို လက်ထပ်ခဲ့လိုက်ရတယ်။ မယ်တော်ယိတျယ်မပါဘဲနဲ့ လက်ရှိ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်နဲ့ ဧကရာဇ်က ရှိမှာမဟုတ်ဘူး။ မယ်တော်ယိတျယ်က ပြတ်သားတဲ့လူဖြစ်ရုံတင်မကဘဲ နည်းနည်းလည်း ရက်စက်သေးတယ်။
သူမက အောက်က လူအုပ်ကို ကြည့်လိုက်ပြီးတော့ သူမရဲ့ လက်သည်းတွေပေါ်က လက်သည်းနီက ကြောက်မက်ဖွယ်ကောင်းတဲ့ အနီရောင်ကို ထုတ်လွှတ်တယ်။ သူမက အမျိုးသမီးတွေထိုင်တဲ့နေရာက တသ်ယောက်ယောက်ကို မြင်တော့ မယ်တော်ယိတျယ်က ရုတ်တရက် တုန်လှုပ်သွားတယ်။ သူမက အဲ့လူကို နီးနီးကပ်ကပ် မကြည့်ဘဲ မနေနိုင်ခဲ့ဘူး။
အဲဒါက ကောင်မလေးတစ်ယောက်ပဲ။ သူမက ခေါင်းငုံ့ပြီးထိုင်နေလို့ သူမရဲ့ မျက်နှာကို သေသေချာချာ မမြင်ရဘူး။ သူမရဲ့ ခေါင်းက သရဖူမှာ အနက်ရောင်ဆံပင်ကိုပဲ မြင်ရတယ်။ သူမရဲ့ ဆံပင်က ဆံထုံးတစ်ခု အဖြစ် ထုံးထားပြီးတော့ နှင်းဆီဆံထိုးလေးတစ်ခုထည်းနဲ့ ထိပ်မှာထိုးထားတယ်။ သူမရဲ့ မက်မွန်ရောင်ပန်းရောင် အဝတ်အစားက ရိုးရှင်းပြီး နွေးထွေးတယ်။။ မြင့်မြတ်တဲ့ မိသားစုတွေရဲ့ သခင်မလေးတွေ ဆင်ယင်ထားတဲ့ ဈေးကြီးတဲ့ ရတနာတွေကြားထဲမှာ ကြည့်ရတာ လန်းဆန်းပြီး လှပတယ်။
အကွာအဝေးတစ်ခုကနေ မယ်တော်ယိတျယ်ရဲ့ စူးရှတဲ့ အကြည့်ကို ခံစားမိနိုင်တော့ သူမက ခေါင်းမော့လိုက်တယ်။ သူမ မယ်တော်ယိတျယ်ရဲ့ မျက်ဝန်းထဲက ခံစားချက်ကို မြင်တော့ သူမက မကြောက်ခဲ့ဘူး။ နည်းနည်းအံ့အားသင့်သွားပြီးတော့ သူမက အပြုံးလေးနဲ့ ပြန်တုံ့ပြန်လိုက်တယ်။သူမရဲ့ အပြုံးက အပြစ်ကင်းစင်ပြီးတော့ တည်ငြိမ်မှုနဲ့အတူ တောက်ပပြီး သူမရဲ့ အသက်နဲ့တောင် မလိုက်ဘူး။
မမျှော်လင့်စွာနဲ့ ဒီကောင်မလေးက မယ်တော်ယိတျယ်ရဲ့ မှတ်ဉာဏ်ထဲက နောက်ထပ်လူတစ်ယောက်နဲ့ ဒီကောင်မလေးနဲ့ ထပ်တူကျနေတယ်။
သူမ အဲ့ကောင်မလေးဆီ သွားပြီးတော့ အဲ့ကောင်မလေးကို ဖမ်းဆုပ်လိုက်ချင်စိတ်ကို သည်းခံထားတယ်။ သူမက သူမကို သတိမထားမိသလိုမျိုး ပြုံးပြပြီးတော့ ကောင်မလေးက သူမဘေးက သခင်မလေးတွေနဲ့ စကားပြန်ပြောနေတယ်။ အဲ့အချိန်မှာ မယ်တော်ယိတျယ်က သူမထိုင်နေတဲ့နေရာကို တန်းသွားပြီးတော့ နည်းနည်းမေ့နေသလို ကြည့်နေတယ်။
ကျန်းယွမ်က တုန်ရင်းအာနဲ့ စကားပြောနေတုန်း သူမရဲ့ နှုတ်ခမ်းက နည်းနည်း ကွေးသွားတယ်။ သူမရဲ့ မျက်လုံးထောင့်မှာ သူမက မယ်တော်ယိတျယ် ခံစားချက်မဲ့စွာ ထိုင်နေတာကို တွေ့လိုက်တယ်။ မယ်တော်ယိတျယ်ရဲ့ အကြည့်က သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိနေတုန်းပဲဆိုတာကို ကျန်းယွမ်လည်း ခံစားမိတယ်။
ကျန်းယွမ်က လက်ဖက်ရည်ခွက်ကို သူမ လက်နှစ်ဖက်နဲ့ ကိုင်လိုက်ပြီး တစ်ဂွတ်သောက်လိုက်တယ်။ သူမရဲ့ ပထမဆုံး ရည်မှန်းချက်ကို ရရှိသွားပြီဖြစ်တယ်။ ဒီရိုးရှင်းတဲ့ ရည်ရွယ်ချက်အတွက် ဒီလိုရိုးရှင်းတဲ့ အပြုအမူ သုံးပြီးတော့ သူမက တစ်ညလုံး မှန်ရှေ့မှာ အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့တာဖြစ်တယ်။
ယောကျာ်းဧည့်သည်တွေဘက်မှာ ဆုတွေကို ချီးမြှင့်ပြီးပုံပဲ။ ကျန်းရှင်းကျီရဲ့ မျက်လုံးတွေက အပြုံးတွေနဲ့ ပြည့်နေတာကို မြင်တော့ ဆုက တော်တော်လေးများတယ်ထင်တယ်။ ဒါပေမဲ့ ကျန်းချွမ်ကတော့ သိပ်မပျော်တဲ့ပုံပဲ။
ယောကျ်ားနဲ့ အမျိုးသမီး ဧည့်သည်တွေက ခွဲပြီးထိုင်ကြရတာဖြစ်တယ်။ ကုရီက ကျန်းယွမ်ကို မမြင်ရတာကာပြီဖြစ်ပေမဲ့ သူက အမျိုးသမီးတွေ ထိုင်တဲ့နေရာမှာ သူမကို တွေ့ခဲ့တယ်။ တစ်နေ့ပြီးတစ်နေ့ ဖြတ်သန်းသွားတာနဲ့ အမျှ သူမက ပိုပြီး အသက်ရှုမှားလောက်အောင်ကို လှလာပြီးတော့ သူက သူမကို ချစ်ချစ်တောက်ပူတဲ့ အကြည့်နဲ့ ကြည့်နေတယ်။
ရွှမ်းလီက သိမ်မွေ့တဲ့ အပြုံးကို သူ့ရဲ့ နှုတ်ခမ်းပေါ်မှာ ထားထားပြီးတော့ အတိတ်ကနဲ့ မခြားနားတဲ့ပုံ ပေါ်ပေမဲ့ သူက သူ စိတ်မကောင်းတဲ့အချိန်ကျရင် မကြာခဏလုပ်တတ်တဲ့ ဘယ်ဘက်လက်ကို မသိစိတ်နဲ့ ကုတ်မိခဲ့တယ်။ အဲဒါက မဟာကောင်စီဝင်အိမ်တော် ကိစ္စပြီးတော့ သူက တည်ငြိမ်တဲ့ပုံ ပေါက်အောင် သူအကောင်းဆုံးကြိုးစားခဲ့ပေမဲ့ သူ့ရင်ထဲက မှုန်မှိုင်းနေတာကို မဖုံးကွယ်နိုင်သေးဘူးဆိုတဲ့ သက်သေပဲ။
ရှောင်ရှို့က ကွမ်လင်းဟန်ဘေးမှာ ထိုင်နေတယ်။ သူဒီနေ့ ဝတ်ခဲ့တဲ့ ဝတ်စုံက ရွှေရောင် ချည်မျှင်တွေကို ကော်လာပေါ်မှာ ပန်းထိုးထားတဲ့ အနက်ရောင် ကွမ်ဟွာဝတ်စုံဖြစ်ပြီးတော့ အဲဒါက သူ့ကို ပိုပြီးတော့ ကြော့ရှင်းစေပြီး ခံ့ညားစေတယ်။ အမျိုးသမီးတွေထိုင်တဲ့ နေရာက လက်မထပ်ရသေးတဲ့ သမီးတွေ အများကြီးက သူ့ကို ခိုးကြောင်ခိုးဝှက်နဲ့ ကြည့်နေတယ်။
ပြီးတော့ လှပတဲ့ ကောင်မလေးတစ်ယောက် ခန်းမထဲကို ဝင်လာတယ်။ ကောင်မလေးက ဆယ်ကျော်သက်ကောင်မလေးပဲ။ သူမက ရွှေရောင် ရင်ဘတ်ပေါ်ခေါက်ထားတဲ့ အပိုင်းနဲ့ ကော်လာဖြောင့်တွေ ပါတဲ့ အပြာရောင်ပန်းပွင့်ပုံစံ ကြယ်သီးပါတဲ့ ဘရိုကိတ်အင်္ကျီကို ဝတ်ဆင်ထားတယ်။ သူမရဲ့ နှင်းဆီဖျော့ရောင်နဲ့ အနက်ရောင် ယက်ပိုးတွေ ပါတဲ့ ဂါဝန်က ကြမ်းပြင်ပေါ်မှာ ဝဲနေတယ်။ သူမရဲ့ ပခုံးတွေပေါ်မှာ ပါးလွှာတဲ့ ပိုးထည်ကို ခြုံထားပြီး ရောင်စုံပန်းပင်တွေနဲ့ လှပသေသပ်တဲ့ ချည်ထိုးအမျိုးမျိုးနဲ့ အလှဆင်ထားတယ်။
သူမ ဝတ်ဆင်ထားတာက အရမ်းခမ်းနားရုံတင်မကဘူး။ ပေါင်းစပ်မှုက သူမကို မထိန်းနိုင်ရုံတင်မကဘဲ သူမက အရမ်းလှပနေသေးတယ်။ သူမရဲ့ မျက်နှာက လေးနက်ပြီး ဆွဲဆောင်မှုရှိတယ်။ သူမက ရှေ့ကို အပြုံးလေးနဲ့ လာတယ်။
“အဖေ”
“ဟဲရီ သမီးဘာလို့ နောက်ကျမှ ရောက်လာတာလဲ။”
ဧကရာဇ်က သူမကို ဆူလိုက်ပေမဲ့ ကြင်နာတဲ့ လေသံနဲ့ဖြစ်တယ်။ မင်းသမီးဟဲရီက ဧကရာဇ် သဘောကျတာ အရမ်းခံရတယ်။
“ဒီသမီးတော်က ခမည်းတော်ကို ဂုဏ်သရေမပျက်အောင် တောက်ပတဲ့ အဝတ်ကို ရွေးနေလို့ပါ။”
မင်းသမီးဟဲရီက ဧကရာဇ်ကို မျက်စိမှိတ်ပြလိုက်တယ်။ ဧကရာဇ်က ရယ်လိုက်တယ်။ သူမက ပြီးတော့ ယောကျာ်းလေးတွေထိုင်တဲ့ဘက်ကို လှမ်းကြည့်လိုက်တယ်။ ရှောင်ရှို့ကို မြင်တော့ သူမရဲ့ နှလုံးသားက တဒိတ်ဒိတ်ခုန်သွားတယ်။ ဒါပေမဲ့ သူမက ချစ်ပေမဲ့ ရှောင်ရှို့က သူမကို ဘယ်တုန်းကမှ မကြည့်ဖူးဘူး။ မင်းသမီးဟဲရီရဲ့ မျက်ဝန်းထဲမှာ စိတ်ပျက်မှုက ဖြတ်သွားတယ်။
တုန်ရင်းအာက ကျန်းယွမ်ရဲ့ လက်ကို ထိလိုက်တယ်။
“ညီမလေးယွမ် မင်းသမီးဟဲရီက ရှောင်ရှို့ကို ကြိုက်တယ်ဆိုတာ တကယ်ပဲလားဟင်။”
တုန်ရင်းအာက အမြဲတမ်း အတင်းတုပ်တာတွေကို နားထောင်ရတာ သဘောကျတယ်။ အခု ကုန်ကြမ်းတွေက အဆင်သင့်ဖြစ်နေပြီဆိုတော့ သူမက ဒီတိုင်း လွှတ်ပေးမှာ မဟုတ်ဘူး။
ကျန်းယွမ်က ပြုံးလိုက်တယ်။ သူမရဲ့ အတိတ်ဘဝမှာ မင်းသမီးဟဲရီက ရှောင်ရှို့ကို အရူးအမူး စွဲလမ်းတာက လျှို့ဝှက်ချက်တစ်ခု မဟုတ်ဘူး။ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်က လူတိုင်းက အဲဒါကို သိကြတယ်။ မင်းသမီးဟဲရီကလည်း ရှောင်ရှို့ကလွဲပြီး ဘယ်သူ့ကိုမှ လက်ထပ်မှာ မဟုတ်ဘူးဆိုပြီး သစ္စာဆိုခဲ့တယ်။ သူမက ဧကရာဇ်ကို လက်ထပ်ဖို့ကိစ္စကို ဆွေးနွေးဖို့ တော်ဝင်ကြင်ရာတော်ရှုကိုတောင် စည်းရုံးခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ ချစ်ရစွာသော မင်းသမီးဟဲရီနဲ့ ရှောင်ရှို့ကြားမှာ မမျှော်လင့်စွာနဲ့ ဧကရာဇ်က ရှောင်ရှို့ကို ရွေးခဲ့တယ်။ သူက ရှောင်ရှို့ရဲ့ ထင်မြင်ချက်ကို အရင်မေးခဲ့ပြီးတော့ အေးစက်ပြီး သီးခြားနေတဲ့ အကျင့်ရှိတဲ့ ရှောင်ရှို့က ငြင်းခဲ့တယ်။ ရှောင်ရှို့က သူမကို ငြင်းတယ်ဆိုတာကို ကြားပြီးတော့ မင်းသမီးဟဲရီက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပြီးတော့ ကျင်းရင်းဝမ်အိမ်တော်ကို သွားပြီးတော့ သူကိုယ်တိုင် ရှင်းပြတာကိုတောင် လိုချင်ခဲ့တယ်။ ဒါပေမဲ့ တစ်ဖက်လူက အလျှော့မပေးဘူး။ အရင်ဘဝရဲ့ အဆုံးသတ်မှာ မင်းသမီးဟဲရီက ရှောင်ရှို့နဲ့ ဘာမှမဖြစ်ခဲ့ဘူး။
ကျန်းယွမ် မျက်စိမှိတ်လိုက်တယ်။ သူများတွေကတော့ မင်းသမီးဟဲရီကို သနားခဲ့ပေမဲ့ သူမက သူတို့ထဲက တစ်ယောက် မဟုတ်ခဲ့ဘူး။ သူမရဲ့ အတိတ်ဘဝမှာ သူမ နန်းတွင်းထဲမှာ ရှိတုန်းက မင်းသမီးဟဲရီက သူမရှေ့မှာ အတားအဆီးတွေ အများကြီး ထားခဲ့တယ်။ မင်းသမီးဟဲရီက သဘောထားသေးသိမ်ပြီး မနာလိုတတ်တယ်။ ကျန်းယွမ် နန်းတွင်းထဲကို ဝင်တော့ သူမရဲ့ အသွင်အပြင်က မောင်းမဆောင်အတွက် ရွေးတဲ့ထဲမှာ အလှဆုံးဖြစ်နေတယ်။ သူမက လှပပြီး ဆွဲဆောင်မှုရှိပြီးတော့ မင်းသမီးဟဲရီကလည်း အရမ်းလှပတော့ သူမက သူမရဲ့ ကျော်ကြားမှုကို ဘယ်သူမှ ခိုးတာ မခံချင်ဘူး။ ဒါ့ကြောင့် မင်းသမီးဟဲရီက မကြာခဏ သူမကို ဒုက္ခပေးဖို့ လူတွေ ရှာခဲ့တယ်။ တစ်ကြိမ်မှာ မင်းသမီးဟဲရီက သူမရဲ့ အစေခံမလေးက ပစ္စည်းခိုးတယ်လို့ လုပ်ကြံပြောဆိုပြီးတော့ သူမရဲ့ ခြံဝန်းထဲက ဒုတိယတန်းစား နန်းတွင်းအစေခံမလေးတွေအကုန်လုံးကို သေတဲ့အထိ ကြာပွတ်နဲ့ ရိုက်စေခဲ့တယ်။ အဲ့မြင်ကွင်းက ကျန်းယွမ်ရဲ့ အိပ်မက်ထဲမှာ အကြိမ်ပေါင်းများစွာ ပေါ်ခဲ့ပြီးတော့ သူမကို အရမ်း ထိတ်လန့်စေတယ်။
တကယ်ပဲ နန်းတွင်းထဲက သူမရဲ့ မိတ်ဆွေဟောင်းတွေက ဘယ်သူ့ကိုမှ မကြင်နာဘူးပဲ။
ဒါပေမဲ့ အဲ့အချိန်မှာ မယ်တော်ယိတျယ်က ရုတ်တရက် မေးလိုက်တယ်။
“လက်ထောက်ဗိုလ်ချုပ်ကျန်း မနက်ဖြန်က မင်းညီမလေးရဲ့ မွေးနေ့လို့ မင်းပြောခဲ့တယ်မလား။”
သူမ စောစောက ယောကျာ်းဧည့်သည်တွေနဲ့ စကားပြောတုန်း မယ်တော်ယိတျယ်က ဘာသံသယမှ မထားခဲ့ဘူး။ သူမက ဧကရာဇ်နဲ့ ဆက်ဆံရေး အရမ်းကောင်းပြီးတော့ ဘာကြိုတင်ကာကွယ်မှုမှ မရှိယူစရာ မလိုဘူး။ သူမက ဒီအကြောင်းကို ပြောလိုက်တော့ လူတိုင်းကို တွေးတောစေတယ်။
ကျန်းယွမ်က နည်းနည်းကြောင်သွားတယ်။ သူမက သူမရဲ့ မွေးနေ့ကို မေ့နေတာဖြစ်တယ်။ သူမရဲ့ အတိတ်ဘဝတုန်းက နန်းတွင်းထဲကို ဝင်ပြီးကတည်းက ရွှမ်းလီကလွဲပြီး သူမရဲ့ မွေးနေ့တွေမှာ ဘယ်သူမှ သူမကို လာမတွေ့ကြဘူး။ ဒါပေမဲ့ အဲ့တရင်းတနှီးဆက်ဆံမှုကလည်း ဟန်ဆောင်မှု သက်သက်ပဲ။ အခု နောက်ထပ်ဘဝမှာ ကျန်းရှင်းကျီက သူမရဲ့ မွေးနေ့ကို ဧကရာဇ်ကို ပြောခဲ့တော့ သူမကို ဘာတွေးလို့ တွေးရမှန်းတောင်မသိ ဖြစ်စေခဲ့တယ်။
“မယ်တော်ယိတျယ်ကို ဖြေရရင် ဟုတ်ပါတယ်။”
ကျန်းရှင်းကျီက ရှေ့ကို ထွက်ပြီးတော့ ပြောလိုက်တယ်။
“ကျန်းမိသားစုရဲ့ အကြီးဆုံးသမီးက ဘယ်မှာလဲ။”
မယ်တော်ယိတျယ်က ဘုရင်တွေရဲ့ ဖရိုဖရဲ တိုက်ပွဲတွေကို ဖြတ်ကျော်ခဲ့ရတဲ့ အမျိုးသမီးဖြစ်ပြီးတော့ သူမရဲ့ အသံက နည်းနည်း မာတယ်။
ကျန်းယွမ်က မတ်တပ်ရပ်လိုက်ပြီးတော့ သိမ်မွေ့စွာ ပြန်ဖြေလိုက်တယ်။
“အရှင်မ မိန့်တဲ့ ကျန်းယွမ် မယ်တော်ယိတျယ်ရှေ့မှာ ဦးညွှတ်ဂါရဝ ပြုပါတယ်။”
ဒါကိုပြောပြီးတော့ သူမက အရိုအသေ ပေးဖို့သွားတယ်။
သူမက ယဉ်ယဉ်ကျေးကျေးနဲ့ နိမ့်ကျစွာနဲ့နားလည်ရခက်တဲ့ ယုံကြည်ချက်နဲ့တောင် ပြုမူခဲ့တယ်။ အဲဒါက မယ်တော်ယိတျယ်ကို တွေ့တဲ့အချိန်မှာ သာမာန်အရာရှိ မိသားစုဝင်ရဲ့ လောကဝတ်ဖြစ်ပေမဲ့ အဲဒါကတစ်နည်းနည်းနဲ့ နားလည်ရခက်တဲ့ ခံစားချက်တစ်မျိုး ပါဝင်နေသလိုပဲ။ အဲဒါက အရမ်း တည်ကြည်လေးနက်ပြီး တွေ့ဆုံခြင်းအခမ်းအနားနဲ့ မတူဘဲ နှုတ်ဆက်နေရသလိုပဲ။
မယ်တော်ယိတျယ်က သူမကို တိတ်ဆိတ်စွာ ကြည့်လိုက်တယ်။ သူမ ဖြူဖွေးတဲ့ လည်ပင်းလေး၊ လှုပ်ယမ်းနေတဲ့ နှင်းဆီဆံထိုးလေးနဲ့ လှပပြီး အသက်ဝင်တဲ့ မက်မွန်ပန်းရောင် ဝတ်စုံကိုလည်း တွေ့ရတယ်။ ဒီလို ဆွဲဆောင်မှုရှိပြီး နှလုံးသားကို အရမ်းစိတ်လှုပ်ရှားစေတဲ့ ကောင်မလေးက တကယ်ပဲ တည်ငြိမ်တဲ့ ရောင်ဝါကို သူမတစ်ကိုယ်လုံးကနေ ထုတ်ဖော်နေတယ်။ အဲ့တစ်ယောက်နဲ့ အရမ်းတူတာပဲ။ သူမရဲ့ အကြည့်တွေက မေ့မြောသလိုဖြစ်သွားတယ်။
မယ်တော်ယိတျယ် သတိမေ့နေတာကို မြင်တော့ ဧကရာဇ်က သိမ်မွေ့စွာ ချောင်းဆိုးလိုက်တယ်။ အဲ့အချိန်ကျမှ မယ်တော်ယိတျယ်က သတိပြန်ဝင်လာတယ်။ သူမက ကျန်းယွမ်ကို ကြည့်ပြီး ပြောလိုက်တယ်။
“မင်းထလို့ရပြီ။”
“ကျေးဇူးတင်ပါတယ်။ မယ်တော်ယိတျယ်”
ကျန်းယွမ်က မတ်တပ်ရပ်လိုက်တယ်။ သူမက ဧကရာဇ်ဆီက ဖိအားကို လျစ်လျူရှုဖို့ ကြိုးစားလိုက်ပြီး မယ်တော်ယိတျယ်ကိုပဲ ကြည့်ပြီး ပြုံးပြလိုက်တယ်။ သူမက အစကတည်းက ထူးခြားစွာ မွေးဖွားလာတာဖြစ်တယ်။ အပင်ပန်းခံပြီး ကြိုးစားထားတာနဲ့ သူမက သူမရဲ့ နှုတ်ခမ်းပေါ်မှာ သိမ်မွေ့တဲ့ အပြုံးလေးကို ဆက်ထားထားတယ်။ သူမရဲ့ စိတ်ထားက တကယ့်မင်းသမီးထက်တောင် ပိုပြီးတော့ မဟာဆန်တယ်။
သူတို့နားက လူတွေ အကုန်လုံးက မနာလိုလာကြတယ်။ မယ်တော်ယိတျယ်က ခေါင်းမာပြီးတော့ ပုံမှန်ဆိုရင် တခြားသူတွေနဲ့ ရင်းရင်းနှီးနှီးနေတာ မဟုတ်ဘူး။ ကျန်းယွမ်က ဘာလို့ သူမရဲ့ မျက်နှာသာပေးမှုကို ရတာလဲ။ လူတွေက စိတ်ရှုပ်သွားကြတယ်။
ကျန်းရှင်းကျီက ကျန်းယွမ်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်တယ်။ သူက ကျန်းယွမ်ကို ပြောခဲ့ပေမဲ့ မယ်တော်ယိတျယ်က ရုတ်တရက်ကြီး မေးလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ တော်ဝင်မိသားစုရဲ့ အတွေးတွေကို ဘယ်သူက လွယ်လွယ်နဲ့ ခန့်မှန်းနိုင်မှာလဲ။
ကျန်းစုစုနဲ့ ရှယန်တို့ရဲ့ မျက်နှာက မြင်မကောင်းရှုမကောင်းပဲ။ ပထမက ကြင်ရာတော်ချန် ပြီးတော့ မယ်တော်ယိတျယ်။ ကျန်းယွမ်က ပွဲကိုတကယ်ပဲ ခိုးသွားတာပဲ။ တစ်ချိန်တည်းမှာ သူတို့က သူတို့ရင်ထဲမှာ သံသယတွေ ရှိလာတယ်။ တော်ဝင်ကြင်ရာတော်ချန်ကို ထားလိုက်ပါဦး မယ်တော်ယိတျယ်ကပါ ကျန်းယွမ်ကို ဒီလောက် စိတ်ပူနေတာ။ သူမက တကယ်ပဲ ကျန်းယွမ် ကြင်ရာတော်မင်းသမီး ဖြစ်လာစေချင်နေတာလား။ ဘယ်မင်းသားလဲ။ မင်းသားရှစ်လား ဒါမှမဟုတ် မင်းသားငါးလား။ ဒါမှမဟုတ် မင်းသားလေးလား။
“ကျန်းအိမ်တော်ရဲ့ အကြီးဆုံးသမီး ငါ ဗိုလ်ချုပ်ကျန်းကို မင်းရဲ့ မွေးနေ့ဆုတောင်းကို ဖြည့်ဆည်းပေးဖို့ ကတိပေးထားတယ်။ တကယ်လို့ မင်း မနက်ဖြန်အတွက် ဆုတောင်းရှိရင် ဒီနေ့ ပြောလို့ရတယ်။ ငါ မင်းကို ဖြည့်ဆည်းပေးမယ်။”
မယ်တော်ယိတျယ်က ပြောတယ်။
မွေးနေ့ဆုတောင်းနဲ့ ပတ်သက်ပြီး ကျန်းရှင်းကျီက အစက ဒီကိစ္စကို စောစောက ဧကရာဇ်ရှေ့မှာ သူ့ရဲ့ အကျိုးနဲ့ ကျန်းယွမ်ရဲ့ အကျိုးကျေးဇူးကို လဲလှယ်ဖို့ ပြောခဲ့ပြီးပြီ။ ကျန်းယွမ်လိုချင်သမျှကို သူမပြောနိုင်တယ်။
ရှယန်နဲ့ ကျန်းစုစုတို့က သက်ပြင်းချလိုက်ကြတယ်။ သူမကို ကြင်ရာတော်မင်းသမီး မလုပ်နိုင်သရွေ့ ကောင်းတယ်။ တကယ်လို့ ကျန်းယွမ်က တကယ်ပဲ ကြင်ရာတော်မင်းသမီး ဖြစ်သွားရင် သူမက ကျန်းအိမ်တော်ကို သေချာပေါက် မျက်နှာသာ ပေးမှာ မဟုတ်ဘူး။
ကြင်ရာတော်ချန်ရဲ့ အပြုံးနဲ့ ပတ်သက်ပြီး တစ်ခုခု ထူးဆန်းနေတယ်။ တကယ်လို့ ကျန်းယွမ်က ဒီတချို့ မိသားစုရဲ့ သခင်လေးနဲ့ လက်ထပ်ဖို့ အခွင့်အရေးကို ရယူနိုင်ရင်….
ကျန်းယွမ်က သူမရဲ့ အသံထဲမှာ ညှိုးငယ်တဲ့ လေသံနဲ့ ပြုံးလိုက်တယ်။
“မယ်တော်ယိတျယ်က သူမရဲ့ သဘောကျမှုကို ပေးနေပေမဲ့ ယွမ်နိုင်က ဘာတောင်းဆိုမှုမှ မရှိပါဘူး။ ကျွန်မက နင်ရွှေ့တောင်ကြားမှာ ကျွန်မရဲ့ အမေနဲ့ ဇီးပန်းတွေပွင့်တာကိုပဲ ကြည့်ချင်တာပါ။”
“ဒါပေမဲ့ ဒီဆုတောင်းက ပြည့်မြောက်ဖို့ မဖြစ်နိုင်ပါဘူး။”
သူမက ဝမ်းနည်းစွာ ပြုံးလိုက်တယ်။
မယ်တော်ယိတျယ်က ရုတ်တရက် ကြည့်လိုက်တယ်။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...