ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ တစ်ပတ်သုံးပိုင်း Freeတင်ပါတယ်။
အပိုင်း (၃၇) ဧည့်သည်
နတ်ဆိုးသမားတော်၏အိမ်
“သခင်လေး ပြန်လာပြီလား ၊သခင်လေး ကျွင်းဟောင်ရော ပါမလာဘူးလား”
“သူက ငါ့ကို နန်းတော်အပြင်ဘက်ကို ပို့လိုက်ပြီး သူကတော့ အသေခံဖို့သွားပြီ၊ ကျားအိုကြီးက သူ့ကို စားပစ်လောက်မယ် ထင်တယ်”
ချီဟန်က သူ့ကိုစိတ်ပျက်သွားသည်။
“ကျားအိုကြီးက စားပစ်မယ် ဟုတ်လား”
ချီရှောက်ရုန် ခေါင်းညိတ်လိုက်သည်။
“ငါက သုတေသနလုပ်ဖို့အတွက် ကျားပေါက်လေးရဲ့ သွေးကို လိုချင်တာလေ၊ ဒါကြောင့် သူက ပြန်ဝင်သွားပြီး ရအောင် ယူလာခဲ့မယ်လို့ ပြောတယ်”
“သခင်လေး သခင်လေးကျွင်းက အရမ်းကို နာခံတတ်တဲ့ သူပဲ၊ သခင်လေးက သူ့ကိုသေဖို့ ပြောလိုက်တာနဲ့ သူက ချက်ချင်းကို လုပ်တော့တာပဲ”
ချီဟန်က မျက်လုံးမှိတ်ပြသည်။
ချီရှောက်ရုန်က ချီဟန်ကိုကြည့်ပြီး မယုံနိုင်သလိုပြော၏။
“ဘာကို ပေါက်ကရတွေပြောနေတာလဲ၊ သူက သွေးပဲသွားယူမှာလေ ။တကယ် အသေခံတာမှမဟုတ်တာ နောက်ပြီး သွေးသွားယူရုံနဲ့ သူ မသေနိုင်ပါဘူး၊ သူက သားရဲသခင်ပဲ၊ ပြောကြတာက နတ်ဆိုးတွေက နှစ်ထောင်ကျော် အသက်ရှည်တယ်တဲ့”
ချီဟန်”…”
ချီရှောက်ရုန်က တစ်နာရီဝန်းကျင်ခန့် စောင့်နေပြီးနောက် ကျွင်းဟောင် ရောက်မလာခဲ့သေးသော်လည်း ရီချူးရွှယ်နှင့် သခင်ချီယွဲ့ တို့ ရောက်လာပေသည်။
“မင်းတို့ ဘာလာလုပ်ကြတာလဲ မိန်းကလေးတို့”
ချီရှောက်ရုန်က မေးသည်။
“နတ်ဆိုးသမားတော်က ကျွင်းဟောင်နဲ့ ဘာလုပ်ချင်နေတာလဲ”
ရီချူးရွှယ်၏စကားထဲ ဒေါသတွေပါသည်။ သူမ၏လေသံက အပျော်မယားတစ်ယောက်ကို မေးနေသကဲ့သို့ ထင်ရ၏။
ချီရှောက်ရုန်က ရီချူးရွှယ်နှင့် သခင်ချီယွဲ့တို့ကိုကြည့်ကာပြောသည်။
“အိုး သူက ငါ့ကို ကျားပေါက်လေးကို လိုက်ကြည့်ခိုင်းတာလေ”
“နတ်ဆိုးသမားတော်နဲ့ ကျွင်းဟောင် ရှင်တို့အရမ်းကို နီးကပ်လွန်းတယ် မထင်ဘူးလား၊ ကျွင်းဟောင်က အခုမှ ၁၇နှစ် ပဲရှိသေးတာနော်။ ရှင်က အိုနေပြီ၊ ဘယ်လိုဖြစ်လို့ ဒါလေးတောင် သတိမထားနိုင်ရတာလဲ”
ရီချူးရွှယ်က ပြောသည်။
ချီရှောက်ရုန်”…”
ရီချူးရွှယ်လေသံက မသိရင် သူတို့ကပဲ ပြိုင်ဘက်လိုလို။
ရီချူးရွှယ်က ချီရှောက်ရုန်ကို ကြည့်သည်။ ကျွင်းဟောင်၏မိသားစု အစေခံမှတစ်ဆင့် ရီချူးရွှယ်က ကောလဟာလတွေ ကြားခဲ့ရကာ ယခုကဲ့သို့ ဒေါသထွက်ပြီး ရောက်လာခဲ့ခြင်း ဖြစ်သည်။ ချီရှောက်ရုန်က ရီချူးရွှယ်ကိုကြည့်ကာ ပြုံးပြီးပြောသည်။
“မိန်းကလေးရီ မိန်းကလေးရီဆီကနေ ကျွင်းဟောင်ကို ခိုးသွားမှာကို မစိုးရိမ်ပါနဲ့၊ မ်ိန်းကလေးရီရဲ့ တြိဂံပုံသဏ္ဍာန်မျက်လုံး၊ နှင်းဆီရောင်သန်းနေတဲ့နှာခေါင်း လေးထောင့်ပုံစံပါးစပ်နဲ့ ခြုံကြည့်လိုက်မယ်ဆိုရင် သေချာပေါက် လူသားဖြစ်မှန်း သိသာနေတာပဲ။ ဒါကြောင့် သခင်လေး ကျွင်းဟောင်အနားကို ရောက်တဲ့အခါ စိုးရိမ်ဖို့မလိုအပ်ပါဘူး”
“မိန်းကလေးရီ ငါ့အထင် အခြားသူတွေ ကိစ္စကို လိုက်စိုးရိမ်နေမယ့်အစား ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်သင့်တယ်၊ မင်းရဲ့အကြည့်တွေကို ကြည့်ရတာ ကံကောင်းပြီး ကျွင်းဟောင်နဲ့လက်ထပ်ရမယ်ဆိုရင်တောင်မှ သိပ်မကြာခင်မှာ ကွာရှင်းခံရမှာပဲ”
ရီချူးရွှယ်က မားမတ်စွာရပ်ကာ ဒေါသတကြီးအော်သည်။
“နင့်ကိုယ်နင် ဘာပြောနေတယ်ဆိုတာရော နားလည်ရဲ့လား”
ရီချူးရွှယ်ကို ကြည့်ပြီးနောက် ချီရှောက်ရုန်က ပြောလိုက်သည်။
“ငါပြောချင်တာက မင်းက ရုပ်ဆိုးတယ်”
ရီချူးရွှယ် အံကိုကြိတ်သည် ကြောက်မက်ဖွယ်အကြည့်တွေက လင်းလက်လာသည်။ ချီရှောက်ရုန်က ပြုံးလိုက်ပြန်၏။
“မိန်းကလေးရီ ဘာများပြောစရာရှိသေးလဲ”
“နတ်ဆိုးသမားတော် နင့်ကိုယ်နင် ဘယ်သူလို့များထင်နေတာလဲ၊ နင်က ငါ့ကို ဒီလိုမျိုးတောင် ပြောရဲတယ်၊ နင် သေချင်နေတာလား”
ရီချူးရွှယ်က ဆူပူသည်။ ချီရှောက်ရုန်က ကုလားထိုင်နောက်သို့မှီထိုင်ကာ ပျင်းရိလေးတွဲစွာဖြင့်ပြောသည်။
“ငါက ဘယ်သူလဲ၊ မိန်းကလေးရီ တကူးတက လာပြီး နှုတ်ဆက်ရတဲ့သူလို့တော့ ထင်တာပဲ”
“နင် စောင့်နေစမ်းပါ …”
ရီချူးရွှယ်က ကြိမ်းမောင်းပြီးသည်နှင့် ထွက်သွားသည်။
သခင်ချီယွဲ့ဆိုသူကလည်း ချီရှောက်ရုန်ကိုကြည့်ကာ ပြောသည်။
“နတ်ဆိုးသမားတော်ခင်ဗျားက တကယ်ကို တစ်ခုခုပဲ ရီချူးရွှယ်ကိုတောင် စကားအနည်းငယ်နဲ့ ဒီလိုဖြစ်အောင်ထိ လုပ်နိုင်တယ်”
ချီရှောက်ရုန်က လက်ရမ်းပြသည်။ သူက ဂရုမစိုက်စွာပြုံးကာ ပြောသည်။
“အဆင်ပြေပါတယ် အဆင်ပြေပါတယ်”
“နတ်ဆိုးသမားတော် ကျွန်တော်ကြားတာက ခင်ဗျားနဲ့ စတုတ္ထသခင်လေးက မိတ်ဆွေကောင်းတွေဆို”
သခင်ချီယွဲ့က ပြောသည်။
ချီရှောက်ရုန်က ခေါင်းညိမ့်ကာပြောသည်။
“ဟုတ်ပါတယ် မိတ်ဆွေကောင်းတွေပါ”
“ဒါဆိုရင် ခင်ဗျားလို မိတ်ဆွေကောင်းတစ်ယောက်ကို ပိုင်ဆိုင်ရတာက ကံကောင်းတာပဲ၊ ကျွန်တော်တို့ရဲ့ စတုတ္ထသခင်လေးလိုမျိုး စွမ်းအားကို အသုံးမပြုနိုင်တဲ့ ဒုက္ခိတတစ်ယောက်က ဒီလို မိတ်ဆွေကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားရတယ်”
သခင်ချီယွဲ့က ပြုံးနေသည်။
သခင်ချီယွဲ့ပါးစပ်မှ ထိုအသုံးအနှုန်းကို ကြားရသည့်အခါ ချီရှောက်ရုန် မသက်မသာဖြစ်သွားသည်။
“ခင်ဗျားရဲ့သခင်လေးက အရည်အချင်းကောင်းတွေ ပိုင်ဆိုင်ထားတာကို”
သခင်ချီယွဲ့”…”
------
ရီချူးရွှယ်နှင့် သခင်ချီယွဲ့တို့ကို အပြင်သို့ မောင်းထုတ်မတတ် နှင်လွှတ်လိုက်ပြီးနောက် ကျွင်းဟောင်က ရောက်လာသည်။
“မင်း ရလာလား”
ချီရှောက်ရုန်က မေးလိုက်သည်။
ကျွင်းဟောင် ခေါင်းညိတ်သည်။
ချီရှောက်ရုန်က ကျွင်းဟောင်ကိုကြည့်ကာပြော၏။
“ဒဏ်ရာများ ရလာခဲ့သေးလား”
“သွေးထုတ်ယူနေတဲ့အချိန်မှာ ကျားအင်ပါယာက ဒေါသထွက်သွားတဲ့ပုံစံပဲ ကျွန်တော် ဒဏ်ရာနည်းနည်းတော့ ရလာတယ်”
ကျွင်းဟောင်က ပြောသည်။
“မင်း ခက်ခဲခဲ့မှာပဲ”
ကျွင်းဟောင်က သွေးရေစက်ပါသည့် ကျောက်စိမ်းပုလင်းလေးကို ထုတ်ပေးလိုက်ကာပြောသည်။
“ကျားအင်ပါယာရဲ့သွေးစက်တွေလည်း ပါတယ်၊ အလုပ်ဖြစ်မဖြစ်တော့ မသိဘူး”
“လုံလောက်ပါတယ်”
ချီရှောက်ရုန်က သွေးကိုတစ်ချက်ကြည့်လိုက်သည်။
“ငါဒါကို စမ်းသပ်စစ်ဆေးရအုံးမှာဆိုတော့ မနက်ဖြန်ကျမှပဲ ဒါကို လာယူလိုက်တော့”
ကျွင်းဟောင်က တုံ့ဆိုင်းနေကာပြောသည်။
“ကျွန်တော်ကြားတာကတော့ ရီချူးရွှယ်နဲ့ သခင်ချီယွဲ့တို့ ဒီကိုလာတွေ့သွားတယ်ဆို”
ချီရှောက်ရုန် ခေါင်းညိတ်ကာပြောသည်။
“ဟုတ်တယ်၊ ကောင်မလေးတွေက မင်းကိုမရှာနိုင်တော့ ငါ့ကို လာရှာကြတာပေါ့”
ကျွင်းဟောင်က မျက်မှောင်ကျုံ့ကာ ပြောလာသည်။
“ကျွန်တော် တောင်းပန်ပါတယ်”
ချီရှောက်ရုန်က လက်ကာပြလိုက်သည်။
“အဆင်ပြေပါတယ်”
“ဒီည ကျွန်တော် ဒီမှာနေမယ်”
ကျွင်းဟောင်က ပြောသည်။
ချီရှောက်ရုန်၏မျက်ခုံးတွေက တင်းကျပ်သွားကာပြောလာသည်။
“သခင်လေးကျွင်း ဘာပြောလိုက်တယ်လို့ ထင်နေတာလဲ”
ကျွင်းဟောင်က ချီရှောက်ရုန်ကို ကြည့်ကာပြောသည်။
“တစ်မျိုးမထင်ပါနဲ့ ၊ကျွန်တော်က ရီမိသားစုက ညီအစ်ကိုနှစ်ယောက်ရောက်လာပြီး ပြဿနာ ရှာမှာစိုးလို့ပါ။ ဒါကြောင့် ဒီမှာစောင့်ပြီး ကာကွယ်ပေးမယ်လို့ပြောချင်တာပါ”
ချီရှောက်ရုန်က ခေါင်းကိုစောင်းကာပြောသည်။
“မလိုပါဘူး သခင်လေးကျွင်း၊ ငါ ကိုယ့်ကိုယ်ကိုတော့ ကာကွယ်နိုင်စွမ်းရှိတယ်လို့ ထင်တာပါပဲ”
ကျွင်းဟောင်က ပြုံးသည်။
“ဒါကတော့ မှန်ပါတယ်”
“သွေးစမ်းသပ်လို့ရတဲ့ရလဒ်က မနက်ဖြန်ထွက်မှာဆိုတော့ မနက်ဖြန်ကျမှပဲ ပြန်လာခဲ့ပါ”
ချီရှောက်ရုန်က ပြောလိုက်သည်။
ကျွင်းဟောင်က ခေါင်းညိတ်ပြီးနောက် မကျေမနပ်ပြောလိုက်၏။
“ကောင်းပါပြီ”
ချီရှောက်ရုန် ကျွင်းဟောင်၏ကျောပြင်ကိုကြည့်ပြီး အတန်ကြာမှသာ ပြောလာသည်။
“ကျွင်းဟောင်က မပျော်တဲ့ပုံပဲ”
“သခင်လေးက သူ့ကို ဒီမှာမအိပ်ခိုင်းလို့ ဖြစ်မှာပေါ့”
ချီရှောက်ရုန်က ချီဟန်ကိုကြည့်ကာ ပြောလိုက်သည်။
“သူတကယ်ပဲ နတ်ဆိုးသမားတော်ကို ကြိုက်နေတယ်လို့ မင်းထင်လား”
ချီဟန်က ခေါင်းညိတ်သည်။
“ဟုတ်တယ်လေ”
ချီရှောက်ရုန် ခေါင်းခါလိုက်သည်။
“ငယ်ငယ်ရွယ်ရွယ်နဲ့ ချစ်ကြိုက်တာတွေကိုစိတ်ဝင်စားနေပြီ ၊ဒါက ကောင်းတဲ့ကိစ္စမဟုတ်ဘူး”
ချီဟန်”…”
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...