အပိုင်း ၄၀
ကျွင်းဟောင်က ကျားအိုကြီး၏သွားတွေကို ဆေးကြောပြီးနောက် ချီရှောက်ရုန်က အနားတွင်ရပ်ကာ ကျွင်းဟောင်ကို မည်သို့လုပ်သင့်ကြောင်း လမ်းညွှန်ပြသပေးလေသည်။ သူတို့က အတူလုပ်ဆောင်သည်မှာ ပထမဆုံးအကြိမ် ဖြစ်သည့်တိုင်အောင် နားလည်မှုက ရှိနေသေးပေ၏။
ချီရှောက်ရုန်နှင့် ကျွင်းဟောင်တို့အတွက် အတူပူးပေါင်းထားသည့်တိုင်အောင် ကျားအိုကြီး၏သွားတွေကို သန့်ရှင်းပေးရန် အချိန်တစ်နာရီလောက် ယူလိုက်ရပေသည်။
ထန်းထျန်းရင်က ဝင်လာကာ မေးသည်။
“နတ်ဆိုးသမားတော် ပြီးသွားပြီလား”
ချီရှောက်ရုန်က ထန်းထျန်းရင်ကိုကြည့်ကာ လက်ကိုသုတ်လိုက်ရင်းပြောသည်။
“ပြီးလုနီးပါးပါပဲ”
ချီရှောက်ရုန် အသက်ပြင်းပြင်း ရှူလိုက်သည်။ ဒီကြောက်ဖို့ကောင်းတဲ့ ကျားအိုကြီးက နှစ်ရာကျော် သွားမတိုက်ထားဘူး၊ ပထမဆုံးအကြိမ် ဒီလိုလုပ်ရတာကို တော်တော်လေးကို စိတ်လှုပ်ရှားနေတဲ့ပုံပဲ၊ သူ့ရဲ့လက်မောင်းတွေရော၊ လက်တွေရော အားလုံးကို ဆုံးရှုံးလိုက်ရမလိုတောင် နာကျင်နေရပြီ။
ထန်းထျန်းရင်က ပြောသည်။
“ခမည်းတော်က ကျားပေါက်လေးအတွက် နေ့တိုင်း စိုးရိမ်နေတာ၊ အခုတော့ အားလုံးပြီးသွားပြီ”
ချီရှောက်ရုန်က ထန်းထျန်းရင်ကို ကြည့်ကာ ပြောသည်။
“စတုတ္ထမင်းသား ကျားပေါက်လေးက ထပ်ပြီးသွားကိုက်မှာကို မစိုးရိမ်ဘူးလား”
ထန်းထျန်းရင်က တည်ငြိမ်စွာပြုံးကာ ပြောသည်။
“နတ်ဆိုးသမားတော် ဒီမှာ ရှိနေမှတော့ ကျွန်တော် ဘာကို စိုးရိမ်ရမှာလဲ၊ ကျွန်တော် ရီရွှမ်းကို ခင်ဗျားအလုပ်များနေလို့ ထွက်မတွေ့နိုင်ဘူးလို့ ပြောတော့ သူ ထွက်သွားတယ်၊ ရီရွှမ်းကြည့်ရတာ အရမ်းစိုးရိမ်နေတဲ့ပုံပဲ၊ ရီဟောင်ရဲ့ ဖျားနာမှုက အရမ်းပြင်းထန်နေတယ်ကြားတယ်”
ချီရှောက်ရုန်က လက်ကိုပိုက်ကာ ပြုံးနေရင်းပြောသည်။
“မပြင်းထန်ပါဘူး၊ မပြင်းထန်ဘူး၊ ဒီအတိုင်း မျက်နှာဖူးယောင်သွားပြီး ရုပ်ဆိုးသွားတဲ့ ပုံစံလောက်ပါပဲ၊ ဒီလိုလူမျိုးတွေရဲ့ရုပ်က ကောင်းကင်ထက်တောင် ပိုပြီးဆိုးရွားသေးတယ်၊ သူတို့က ရုပ်ဆိုးသွားပြီဆိုရင် သေချင်စိတ်ကို ပေါက်သွားကြရောပဲလေ၊ ဒါကြောင့် အလေးအနက်ဖြစ်တယ်လို့ ထင်နေကြတာပေါ့”
ထန်းထျန်းရင်က ပြုံးလိုက်သည်။
“ဒါဆိုရင် သူ ပြန်ကောင်းဖို့ ဘယ်လောက်ကြာမှာလဲ နတ်ဆိုးသမားတော်”
“လဝက်လောက်ပေါ့”
ထန်းထျန်းရင်က မျက်ခုံးပင့်လိုက်ကာ ပြောသည်။
“ဒါက ကိစ္စကြီးမဟုတ်ပါဘူး၊ လဝက်ထဲကို”
ချီရှောက်ရုန်၏ နှုတ်ခမ်းတွေက ကော့တက်သွားကာ ပြုံးသည်။
“ဘာကုသမှုမှ မရှိဘဲ လဝက်လောက်နေမယ်ဆိုရင်တော့ အဆင်ပြေတယ်။ ရီမိသားစုရဲ့ဦးဆောင်မှုက ဘယ်လောက်ပဲ အာဏာကြီးကြီး လူအများစုက ဒီမိသားစုကျေနပ်အောင် လုပ်ချင်နေကြမှာပဲ၊ ဒီတော့ ကုသသူအများအပြားက သွားပြီးစွမ်းရည်တွေကို ထုတ်ပြမှာ သေချာတယ်၊ ဒါပေမယ့် အဲဒီလိုဆိုရင် နှစ်လလောက်တောင် ကြာသွားလိမ့်မယ်”
ကျွင်းဟောင်က မျက်ခုံးပင့်လိုက်သည်။ ချီရှောက်ရုန်၏စကားကို ကြားသည့်အချိန်တွင် တတိယဦးလေး၏ဖျားနာမှုက အလင်းမှော်ပညာရှင်တွေကြောင့် ဆိုးရွားသွားသည့် အခြေအနေကို ပြန်သတိရလိုက်ပေသည်။
ထန်းထျန်းရင်က ပြုံးလိုက်ကာ သူ့နှုတ်ခမ်းတွေက ကော့တက်နေရင်း ပြောသည်။
“နှစ်လ ကျောင်းတွေမတက်ခင်မှာတော့ ပြန်ကောင်းသွားမှာပါ၊ ရီဟောင်ကတော့ ကျောင်းဖွင့်နေရင်းမှ မကောင်းသေးရင် အရှက်ခွဲခံရတော့မှာပဲ”
ချီရှောက်ရုန်ကလည်းရယ်သည်။
“ဒါပေါ့ ဒီလောကကြီးက သူများဒုက္ခရောက်တာကိုပဲ ကြည့်ချင်နေကြတာလေ၊ ရီဟောင်ကသာ မျက်နှာပျက်ရမယ်ဆိုရင် သေချာပေါက် ပျော်ရွှင်နေကြမှာပဲ”
ထန်းထျန်းရင်က ကျွင်းဟောင်ကို လှည့်ကြည့်သည်။
“ကျွင်းဟောင် မင်းရဲ့ရည်းစားဟောင်းက ထျန်းလန်အကယ်ဒမီမှာ သင်ကြားနေတာဆို၊ မင်း မသိဘူးလား”
“ကြားတော့ ကြားမိပါတယ်”
ကျွင်းဟောင်က နတ်ဆိုးသမားတော်ကို တစ်ချက်စောင်းကြည့်ရင်းပြောသည်။
“ချီမိသားစုရဲ့ ချီယောင်က ချီရှောက်ရုန်ကို အကယ်ဒမီကို ပို့ပေးတာ ပိုက်ဆံအများကြီး ပေးလိုက်ရတယ်ဆိုပဲ၊ ငါ ကြားတာတော့ ချီရှောက်ရုန်က အရမ်းချောတယ်တဲ့”
ထန်းထျန်းရင်က ချီရှောက်ရုန်ကို ကြည့်ကာ ပြောသည်။
“စီနီယာနတ်ဆိုးသမားတော်က နောက်နေတာပဲဖြစ်ရမယ်”
ချီရှောက်ရုန်က မျက်မှောင်ကြုတ်သည်။
“နောက်တယ်ဟုတ်လား၊ ရှောက်ရုန်က တကယ်ကိုလှပတဲ့သူပါ၊ ငါ မနောက်ဘူး”
ထန်းထျန်းရင်”…”
သူက မေးနေတာ မဟုတ်ပါဘူး၊ ရှောက်ရုန်က တကယ်လှတာ၊ ဒီအတိုင်း နတ်ဆိုးသမားတော်နဲ့ ချီရှောက်ရုန်က တစ်ကုတင်တည်းအိပ်တဲ့အထိ ရင်းနှီးကြတယ်ဆိုရင် ကျွင်းဟောင်က စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်တဲ့အချိန်မှာ ဦးထုပ်စိမ်းဆောင်းခံရသလို မဖြစ်သွားဘူးလား၊ ဒါပေမယ့် သူတို့က ဖျက်သိမ်းပြီးသွားပါပြီလေ။
ထန်းထျန်းရင်က နှာခေါင်းကိုပွတ်လိုက်ကာ ချီရှောက်ရုန်အကြောင်းကို သိချင်လာပြီးပြောသည်။
“နတ်ဆိုးသမားတော်၊ ချီရှောက်ရုန်က ကျွင်းဟောင်ထက် ပိုချောလား”
“ဒါပေါ့ ရှောက်ရုန်က သခင်လေးကျွင်းထက် အများကြီးချောတယ်၊ သခင်လေးကျွင်း သခင်လေးကျွင်းရော အဲဒီလို မထင်ဘူးလား”
ချီရှောက်ရုန်က ကျွင်းဟောင်ကို လှည့်မေးသည်။
ကျွင်းဟောင်က ပြောသည်။
“နတ်ဆိုးသမားတော် ပြောသလိုပါပဲ မှန်ပါတယ်”
ချီရှောက်ရုန်က ထန်းထျန်းရင်ကို ပြုံးပြကာ ပြောသည်။
“စတုတ္ထမင်းသား ကျွင်းဟောင်ကို ကြည့်လေ”
ထန်းထျန်းရင်”…”
ချီရှောက်ရုန်က နန်းတော်ထဲတွင် ရက်များစွာနေခဲ့ပြီးနောက် ညအချိန်မှသာ နန်းတော်ထဲမှ ထွက်ခွာသွားခဲ့သည်။ ချီရှောက်ရုန်နှင့်ချီဟန်တို့က လူစုခွဲလိုက်၏။ ချီရှောက်ရုန်က ချီမိသားစု၏စတုတ္ထသခင်လေး ချီရှောက်ရုန်အဖြစ် ပြန်ရောက်သွားလေပြီး ချီဟန်ကမူ ပိုင်လျှိုယွန်၏ လျှိုဟွားရွှမ်သို့ ရောက်သွားသည်။
ရီမိသားစု။
ရီဟောင်၏ အခြေအနေက ဆိုးသထက်ဆိုးလာသည်။ ရီချူးရွှယ်က ဒေါသထွက်ကာ ကြောက်လန့်လာရတော့ပေ၏။
ရီချူးရွှယ် သတိထားမိသည့်အခါ သူမ၏ဖခင်၏သူမအပေါ်ဆက်ဆံပုံက အနည်းငယ် ဒေါသထွက်သည့် ပုံပန်းသွင်ပြင် ဖြစ်နေခဲ့တော့ပေသည်။သူမ၏ဖခင်က သူမကို ချစ်မြတ်နိုးသည့်တိုင်အောင် သည်ပါရမီကြီးလှသည့် သားတွေနှင့်တော့ မယှဉ်နိုင်ပါပေ။
ရီရွှမ်းက နတ်ဆိုးသမားတော်ထံသို့ သူလျှိုတွေ စေလွှတ်ကာ စောင့်ကြည့်ခိုင်းထားသည်။ နတ်ဆိုးသမားတော် အပြင်သို့ ထွက်လာသည်နှင့် သူသွားခဲ့သော်လည်း တစ်ဖက်သူက ခြေရာပင်မရှိဘဲ ပျောက်ကွယ်သွားခဲ့ချေပြီ။
“မင်းတို့ ဘာတွေဖြစ်နေတာလဲ၊ လူတစ်ယောက်ကိုတောင် မရှာနိုင်ဘူးလား”
ရီရွှမ်းက ဒေါသတကြီးအော်သည်။
“အရှင် နတ်ဆိုးသမားတော်က တကယ်ကို ထူးဆန်းတဲ့သူမျိုးပါ၊ သူ နန်းတော်ထဲက ထွက်တာနဲ့ ဖျတ်ခနဲဆိုသလို ပျောက်ကွယ်သွားခဲ့တော့တာပဲ”
ရီရွှမ်းက ဒေါသထွက်နေသည်။
“အဓိပ္ပါယ်မရှိလိုက်တာ”
ထိုအချိန်တွင် သူက များစွာသော ကျော်ကြားလှသည့် သမားတော်တွေကို ခေါ်ကာ ကုသခဲ့သော်လည်းအားလုံးက မတတ်နိုင်ဘဲ ကူကယ်ရာမဲ့နေသည်။ ရီဟောင်၏ အခြေအနေက ဆိုးသထက်သာ ဆိုးနေခဲ့တော့ပေသည်။
“သခင်ရီ သခင်လေးကျွင်းဟောင်က နတ်ဆိုးသမားတော်နဲ့ ရင်းနှီးတယ်ဆိုတော့ သူ့ကို မေးကြည့်ရင်တော့ ဖြစ်နိုင်ပါတယ်”
ရီရွှမ်းကလည်း တွေးတောမိသည်။
“ဟုတ်တယ်၊ ဒီနည်းလမ်းပဲ ရှိတော့တယ်”
ရီရွှမ်းက ကျွင်းဟောင်ကို ချဉ်းကပ်ကြည့်သည်။ သို့သော် ကျွင်းဟောင်က နတ်ဆိုးသမားတော် ရှိသည့်နေရာကို မသိဟု ဆိုလာခဲ့ပေ၏။ ရီဟောင်၏အခြေအနေက ပျောက်ကင်းသွားရန်အတွက် စောင့်ဆိုင်းရမည်ဟု ကျွင်းဟောင်က ပြောလိုက်သည့်အတွက် သူ့အနေဖြင့် သက်ပြင်းသာချကာ ပြန်သွားရတော့ပေသည်။
ထိုသို့ဖြင့် နတ်ဆိုးသမားတော်ဟာ လုံးဝမရှိခဲ့သလိုမျိုး ပျောက်ကွယ်သွားတော့ပေသည်။
YOU ARE READING
အမှိုက်ကောင်ပြန်ရှင်လာပြီ
Romanceဘာသာပြန်သူ- ဆုမြတ်လှိုင် ခေါင်းစဉ် - အမှိုက်ကောင် ပြန်ရှင်လာပြီ " သခင် ကျွင်းမိသားစုက လူတွေက စေ့စပ်ပွဲ ဖျက်သိမ်းဖို့ ရောက်လာကြပြီ" " ငါ့ဇနီးလောင်းရဲ့ အလှတရားက မြို့တစ်မြို့ကိုတောင် ကျရှုံးစေတယ်ဆို။ နောက်ဆုံးတော့ ငါ့ကို ပစ်ထုတ်လိုက်ဖို့ ဆုံးဖြတ်လ...